#WorldPolitics

Published -   21 December 2021

ရုရှားဘက်က တောင်းဆိုထားတဲ့ လုံခြုံရေးကိစ္စရပ်များနဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ အလျင်အမြန်ဖြေကြားချက်ပေးဖို့  အရေးတကြီးလိုအပ်ကြောင်း ရုရှားက တနင်္လာနေ့က ဖိအားပေးတောင်းဆိုလိုက်ပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိပါက စစ်ရေးအရဆောင်ရွက်သွားရလိမ့်မယ်လို့ ရုရှားတို့က ထပ်မံသတိပေးလိုက်ပါတယ်။

ယူကရိန်းနိုင်ငံအနားမှာ ရုရှားစစ်တပ်ချထားခြင်းအပေါ် အမေရိကန်တို့က သတိထားပြီး စောင့်ကြည့်လျက်ရှိပါတယ်။ပြီးခဲ့တဲ့အပတ်က ရုရှားဘက်မှ လုံခြုံရေးကိစ္စရပ်များနဲ့ ပတ်သက်တဲ့ အဆိုပြုတောင်းဆိုချက်တွေကို ညှိနှိုင်းဖို့ ထုတ်ပြန်ကြေညာလိုက်ပြီး ယူကရိန်းနဲ့ ဥရောပအရှေ့ပိုင်းတွေမှာ NATO တပ်ဖွဲ့တွေ အင်အားတိုးချဲ့လာမှုကို ရပ်တန့်ဖို့ကိစ္စတွေလည်း ပါဝင်ပါတယ်။

ရုရှားဘက်က အဆိုပြုချက်အချို့က လက်မခံနိုင်စရာဖြစ်နေပေမယ့် ဒီအပတ်အတွင်း ပိုမိုခိုင်မာတဲ့အဆိုပြုချက်တွေနဲ့ တုံ့ပြန်ဖြေကြားသွားမှာဖြစ်ကြောင်း အမေရိကန်က ဆိုလိုက်ပါတယ်။

အမေရိကန်ဘက်က နှစ်နိုင်ငံဆက်ဆံရေးအပါအဝင် ကဏ္ဍအသီးသီးမှာ ဆက်သွယ်ပြောဆိုသွားဖို့ ပြင်ဆင်ထားကြောင်း အဆိုပါနှစ်နိုင်ငံမှ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိတွေဖြစ်တဲ့ ဂျိတ်ဆာလီဗန်နဲ့ ယူရီအူရှာကော့ဗ်တို့က ဖုန်းဖြင့်ပြောဆိုခဲ့ကြတယ်လို့ အိမ်ဖြူတော်လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အမ်မလီဟွန်းက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးချက်တွေက နှစ်ဦးနှစ်ဘက် အနေအထားကနေ ကြည့်ပြီးဆုံးဖြတ်သွားမယ်ဆိုတာကို သေသေချာချာ သိထားဖို့လိုအပ်ကြောင်း၊ ရုရှားတို့ရဲ့ လှုပ်ရှားမှုတွေကို စိုးရိမ်စွာ စောင့်ကြည့်နေရကြောင်း၊ ဥရောပမဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆာလီဗန်က ဆိုပါတယ်။
နှစ်နိုင်ငံအကြား မကျေနပ်မှုတွေ လျှော့ချနိုင်မှသာ အခြေအနေတိုးတက်လာမှာဖြစ်ကြောင်း ဆိုပါတယ်။

ရုရှားနဲ့ NATO တပ်ဖွဲ့အကြား ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့အချိန်တန်ပြီလို့ ဗီယင်နာမှ ရုရှားသံတမန်ဖြစ်သူ ကွန်စတန်တင်ဂါဗရီလိုဗ်က ပြောလိုက်ပါတယ်။

"ကျွန်တော်တို့ရဲ့ အဆိုပြုချက်တွေကို NATO အနေနဲ့ လေးလေးနက်နက် ဆုံးဖြတ်ပေးဖို့လိုပါတယ်။ မဟုတ်ရင် ရုရှားဘက်က စစ်ရေးအရတုံပြန်ရလိမ့်မယ်" လို့ ဂါဗရီလိုဗ်က RIA သတင်းဌာနကို ပြောကြားသွားပါတယ်။

ရုရှားက အရင်ဆိုဗီယက်အိမ်နီးချင်းဖြစ်ခဲ့တဲ့ ယူကရိန်းကို ကျူးကျော်ဖို့ ပြင်ဆင်နေကြောင်း စွပ်စွဲခံထားရပါတယ်။အဆိုပါစွပ်စွဲချက်ကို ရုရှားဘက်က ငြင်းဆိုထားပြီး ယူကရိန်းက NATO နဲ့ ဆက်ဆံရေးအဆင်ပြေနေတာကြောင့် ကြားညပ်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအချိန်အထိတော့ အမေရိကန်ဘက်မှ တုံပြန်ချက်တစ်စုံတစ်ရာ မထုတ်ပြန်ရသေးပါဘူး။"အမေရိကန်ကတော့ ဒီကိစ္စကို အချိန်ဆွဲဖို့ ကြိုးစားမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ဘက်က အရေးတကြီးလိုအပ်နေပါတယ်။ အခြေအနေက ကျပ်တည်းနေပြီး ကြာရင် ရှုပ်ထွေးလာမှာဖြစ်ပါတယ်" လို့ ရုရှားနိုင်ငံခြားရေးလက်ထောက်ဝန်ကြီး ဆာဂျီရက်ကော့ဗ်က RIA ကို မှတ်ချက်ပြုပြောကြားသွားပါတယ်။
Source: Reuters