#WorldHealth

Published - 16 December 2021

ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံခြင်းက ကိုဗစ်ရောဂါကြောင့် ရေရှည်မှာဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများခံစားရမှုကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။

ယူကေမှ ကိုဗစ်ရောဂါခံစားရဖူးတဲ့ အသက် ၁၈ မှ ၆၉ နှစ်ကြားလူတွေကို စစ်တမ်းကောက်ယူကြည့်ရာမှာ အဆိုပါလူတွေရဲ့ ၄ ပုံ ၁ ပုံနီးပါးက ရောဂါနောက်ဆက်တွဲလက္ခဏာတွေ တွေ့ကြုံရကြောင်း သုတေသီတို့က သုံးသပ်ထားပါတယ်။

ရောဂါကူးစက်အပြီး အနည်းဆုံး ၁၂ ပတ်ကြာတဲ့အခါ ရေရှည်ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ဖြစ်လာနိုင်ချေက ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးတဲ့အခါ ၁၃ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း သုတေသီတွေက medRxiv ဆေးပညာဝက်ဘ်ဆိုက်ကမှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

ပထမအကြိမ်ကာကွယ်ဆေးထိုးခြင်းနဲ့ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးခြင်းတို့အကြား အခြေအနေတိုးတက်မှုရှိမရှိကတော့ သေသေချာချာမသိရသေးပါဘူး။
ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီးပါက နောက်ဆက်တွဲလက္ခဏာ ဖြစ်နိုင်ချေက နောက်ထပ် ၉ ရာခိုင်နှုန်းကျဆင်းသွားပြီး ပျမ်းမျှ ၆၇ ရက်တိုင်အောင် ကြာရှည်ခံနိုင်မှာဖြစ်ကြောင်း ဦးဆောင်လေ့လာသူ ဒန်နီယယ်လ်အယူဘခါနီက ပြောပါတယ်။

နေ့စဉ်လှုပ်ရှားသွားလာမှုတွေ မလုပ်နိုင်လောက်အောင် ပြင်းထန်တဲ့ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေမှာလည်း အထက်ပါအတိုင်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဖိုင်ဇာ-ဘိုင်အိုတက်ခ်၊ အက်စ်ထရာဇန်နီကာ၊ မိုဒါနာစတဲ့ ဘယ်ကာကွယ်ဆေးပဲထိုးထိုး အထက်ပါအတိုင်း နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

"'ဒါပေမဲ့လည်း ဒီလေ့လာချက်ကနေ ကာကွယ်ဆေးထိုးခြင်းကြောင့် နောက်ဆက်တွဲလက္ခဏာပေါ်ပေါက်လာမှု ဘယ်လိုဘယ်ပုံပြောင်းလဲသွားမလဲဆိုတာကို ပြောလို့မရသေးပါဘူး။ နောက်ဆက်တွဲအခြေအနေ တိုးတက်လာမှု ဘယ်လောက်အထိ ကြာရှည်ခံမလဲဆိုတာနဲ့ မျိုးဗီဇကွဲအသစ်တွေနဲ့ booster အားမြှင့်ကာကွယ်ဆေးထိရောက်မှုတွေကို သိရှိဖို့နောက်ထပ်လေ့လာရဦးမှာဖြစ်ပါတယ်"လို့ အယူဘခါနီက မှတ်ချက်ပြုသွားပါတယ်။
Source: Reuters.