#WorldPolitics

Published - 16 December 2021
ရုရှားနဲ့ တရုတ်တို့က အမေရိကန်တို့ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ပယ်ချကာ အတူတကွပူးပေါင်းရပ်တည်သင့်ပြီး တစ်နိုင်ငံရဲ့လုံခြုံရေးကိစ္စရပ်တွေမှာ အခြားနိုင်ငံက ကူညီကာကွယ်ပေးဖို့ ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ တရုတ်သမ္မတရှီဂျင်ပင်တို့က ဗုဒ္ဓဟူးနေ့က အွန်လိုင်းမှာ ဆွေးနွေးသဘောတူခဲ့ကြပါတယ်။

ဒီဆွေးနွေးမှုမတိုင်ခင် ၈ ရက်အလိုက ပူတင်နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့ အွန်လိုင်းမှာ ဆွေးနွေးခဲ့ပါသေးတယ်။ပူတင်နဲ့ရှီတိုရဲ့ ဆွေးနွေးမှုမှာ အမေရိကန်ကို ဘယ်လောက်အထိ မကျေမနပ်ဖြစ်နေသလဲဆိုတာ သိသာထင်ရှားခဲ့ပြီး ရုရှားနဲ့တရုတ်တို့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

"အခုလက်ရှိအချိန်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆောင်ပုဒ်ကို ဗန်းပြကိုင်ဆောင်ထားတဲ့ နိုင်ငံအချို့ဟာ တရုတ်နဲ့ရုရှားတို့ရဲ့ အတွင်းရေးတွေမှာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေပြီး နိုင်ငံတကာရေးရာဥပဒေတွေနဲ့ နိုင်ငံတကာဆက်ဆံရေး စံသတ်မှတ်ချက်တွေကို ဖျက်လို့ဖျက်ဆီးလုပ်နေကြပါတယ်"လို့ ရှီရဲ့ပြောကြားချက်ကို တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းဌာနက ကိုးကားဖော်ပြထားပါတယ်။

ရှီဂျင်ပင်က အမေရိကန်ရဲ့ရန်မှ ရုရှားအတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ထောက်ပံ့ပေးဖို့ ပူတင်အားကမ်းလှမ်းလိုက်ကြောင်း ရုရှားစစ်အစိုးရလက်ထောက် ယူရီယူရှာကော့ဗ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဩစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်တို့ ပူးပေါင်းဖွဲစည်းထားတဲ့ AUKUS သုံးနိုင်ငံလုံခြုံရေးအဖွဲ့နဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်တို့ဖြင့် ဖွဲ့စည်းထားတဲ့ အင်ဒိုပစိဖိတ် ၄ နိုင်ငံအဖွဲ့တို့ကို တရုတ်နဲ့ရုရှားတို့က မနှစ်မြို့ကြောင်း ဆိုပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာမှုကြောင့် ရုရှားနဲ့တရုတ်နိုင်ငံတို့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဘယ်လိုမျိုးကူညီထောက်ပံ့သင့်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် တရုတ်တို့က ဖိအားပေးခံနေရပြီး ရုရှားကတော့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့ ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲပြောဆိုခံနေရပါတယ်။

ဘိုင်ဒန်က ယူကရိန်းကိုကျူးကျော်ဖို့လုပ်နေတာနဲ့ပတ်သက်ပြီး ရုရှားကိုသတိပေးထားတာကို ရုရှားက ထိုကဲ့သို့ပြုလုပ်ဖို့ အစီအစဉ်မရှိကြောင်းငြင်းဆန်ထားပြီး ပူတင်က လိုချင်တဲ့လုံခြုံရေးစောင့်ထိန်းချက်တွေ တောင်းဆိုခဲ့ပုံကို ရှီအားပြန်လည်ပြောပြခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း တရုတ်မှာကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ ရှီနဲ့တွေ့ဆုံသွားမှာဖြစ်ကြောင်း ပူတင်ကဆိုပါတယ်။ရှင်ကျန်အနောက်ပိုင်းဒေသမှာ တရုတ်က မွတ်ဆလင်တွေကို ရက်ရက်စက်စက် လူ့အခွင့်အရေးချိုးဖောက်ခဲ့တာကြောင့် အမေရိကန်တို့က တရုတ်မှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်မယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့ပါတယ်။

"နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ထောက်ပံ့ကူညီသွားပြီး အိုလံပစ်ပြင်ဆင်မှုနဲ့ အားကစားကို နိုင်ငံရေးကိစ္စထဲ ဆွဲထည့်တာမျိုးကို ဆန့်ကျင်သွားဖို့ အကူအညီပေးသွားမှာဖြစ်ပါတယ်"လို့ ပူတင်ကဆိုပါတယ်။

တရုတ်နဲ့ရုရှားနိုင်ငံကြား နှစ် ၂၀ ကြာ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ်သက်တမ်းတိုးချဲ့သွားဖို့လည်း ပူတင်နဲ့ရှီတို့ သဘောတူညီခဲ့ကြပါတယ်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ယခုနှစ် ၁၁ လပိုင်းအထိ ၃၁ ရာခိုင်နှုန်းမြင့်တက်လာပြီး နောင်နှစ်တွေမှာ ဒေါ်လာ ၂၀၀ ဘီလီယံကျော်ရရှိဖို့ ရည်မှန်းထားကြပါတယ်။

ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း တရုတ်နိုင်ငံမှာ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
Source: Reuters