#WorldHealth

Published - 16 December 2021

အိုရာမက်(Oramed) ဆေးဝါးကုမ္ပဏီရဲ့ လက်အောက်ခံဖြစ်တဲ့ အစ္စရေးလ်-အမေရိကန်ကုမ္ပဏီ အိုရာဗက်စ်မက်ဒီကယ်(Oramed Medical)က သူတို့ရဲ့ ကိုဗစ်ကာကွယ်ရေးသောက်ဆေး ပထမအဆင့်စမ်းသပ်သုံးစွဲမှုကိုပြုလုပ်ဖို့ တောင်အာဖရိကနိုင်ငံမှ အစမ်းသပ်ခံမယ့်လူတစ်ဦးကို စတင်စစ်ဆေးမှတ်တမ်းတင်နေပြီ ဖြစ်ပါတယ်။

ပရိုတိန်းပါဝင်တဲ့ဆေးတွေကို ပါးစပ်ကနေ သောက်သုံးရတဲ့ အိုရာမက်ရဲ့နည်းပညာကို အခြေခံပြီး အိုရာဗက်စ်က ဗိုင်းရပ်စ်လိုအမှုန်လေးတွေပါဝင်တဲ့ ကိုဗစ်ကာကွယ်ရေးသောက်ဆေးကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါကာကွယ်ရေးသောက်ဆေးကို အိန္ဒိယကုမ္ပဏီ ပရီမတ်စ်နဲ့ ပူးပေါင်းပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ပထမအဆင့်စမ်းသပ်မှုမှာ လူ ၂၄ ယောက်ကို စမ်းသပ်စစ်ဆေးဖို့ စာရင်းသွင်းမှတ်တမ်းတင်ထားပြီဖြစ်ပြီး အဆိုပါ ၂၄ ဦးစလုံးဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသလို ကိုဗစ်ရောဂါပိုးကူးစက်ခံရခြင်းလည်း မရှိဖူးပါဘူး။

အဆိုပါအစမ်းသပ်ခံမယ့်လူတွေကို စစချင်းမှာ ကာကွယ်ဆေးတစ်ကြိမ် သောက်သုံးခိုင်းမှာဖြစ်ပြီး နောက် ၃ ပတ်ကြာတဲ့အချိန်မှာ နောက်တစ်ကြိမ်သောက်ခိုင်းမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ခုခံအားစနစ်တုံ့ပြန်မှုကို တိုင်းတာပြီး ထိရောက်မှု၊ လုံခြုံစိတ်ချရမှု၊ ခံနိုင်ရည်ရှိမှုတို့ကို ထည့်သွင်းသုံးသပ်သွားမှာဖြစ်ပါတယ်။

"ဒီစမ်းသပ်လေ့လာချက်ကို ကျွန်တော်တို့ မြန်မြန်အပြီးသတ်ချင်ပါပြီ။ ဒါမှ ကျွန်တော်တို့ရဲ့ ကိုဗစ်ကာကွယ်ရေးသောက်ဆေးကို အကျိုးရှိရှိအသုံးချနိုင်တဲ့နိုင်ငံတွေမှာ အသိအမှတ်ပြုခွင့်ရပြီး အရေးကြီးတဲ့စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံက လက်ရှိမှာ ကိုဗစ်ရောဂါပျံ့ပွားကူးစက်နှုန်းမြင့်တက်နေပြီး ကာကွယ်ဆေးအလုံ အလောက်မရရှိတာကြောင့် အဲဒီနိုင်ငံက ပထမအဆင့်စမ်းသပ်မှုပြုလုပ်ဖို့ သင့်တော်တဲ့နေရာဖြစ်ပါတယ်"လို့ အိုရာမက်ကုမ္ပဏီမှ စီအီးအိုနာဒက်ကစ်ဒ်ရွန်က ဆိုပါတယ်။

"ကာကွယ်ရေးသောက်ဆေးဆိုတော့ ဆေးထိုးအပ်မလိုတာကြောင့် ဖြန့်ချိသုံးစွဲဖို့လွယ်ကူပြီး တောင်အာဖရိကနဲ့ အချို့နိုင်ငံလေးတွေမှာ ကာကွယ်ဆေးရရှိမှု သိသိသာသာ မြင့်တက်လာမှာဖြစ်ပါတယ်"လို့ ကစ်ဒ်ရွန်က ပြောပါတယ်။

လက်ရှိမှာ မိုဒါနာနဲ့ ဖိုင်ဇာတို့လို ကာကွယ်ဆေးတွေက စပိုက်ခ်ပရိုတိန်းတစ်ခုတည်းကိုသာ ပစ်မှတ်ထားကာကွယ်ပေးတာဖြစ်ပေမယ့် အိုရာဗက်စ်ကာကွယ်ဆေးကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပရိုတိန်း ၃ နေရာအထိ ပစ်မှတ်ထားတာဖြစ်ပါတယ်။

"ဒီကာကွယ်ဆေးက ကိုဗစ်ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေကို ပိုမိုခံနိုင်ရည်ရှိလာမှာဖြစ်ပြီး ဗိုင်းရပ်စ်က ပထမတစ်နေရာကနေ ဖြတ်သန်းလာနိုင်ရင် ဒုတိယနေရာက ကာကွယ်ပေးမှာဖြစ်ပြီး ဒုတိယနေရာကို ထပ်မံဖြတ်သန်းလာပါက တတိယနေရာက ကာကွယ်ပေးဦးမှာဖြစ်ပါတယ်"လို့ ကစ်ဒ်ရွန်ကရှင်းပြသွားပါတယ်။

Source: The Jerusalem Post