#WorldHealth

Published - 12 December 2021

ဂျပန်နိုင်ငံအနောက်ဘက်ရှိ တက္ကသိုလ်တစ်ခုမှ သိပ္ပံပညာရှင်တွေဟာ နှာခေါင်းစည်းအသစ်တစ်မျိုးကို စမ်းသပ်ထုတ်လုပ်နေကြပါတယ်။ထိုနှာခေါင်းစည်းမှာ ငှက်ကုလားအုတ်ဥမှ ထုတ်ယူထားတဲ့ antibody တွေပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ငြိနေပါက ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့တဲ့အခါ နှာခေါင်းစည်းက အရောင်လင်းလာမှာဖြစ်ပါတယ်။

ကျိုတိုစီရင်စုတက္ကသိုလ်မှ ဥက္ကဌယာဆူဟီရိုဆူကာမိုတို ဦးဆောင်တဲ့အဖွဲ့က သူတို့ရဲ့နှာခေါင်းစည်းကို တပ်ဆင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ အလွယ်တကူသိရှိနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

အခုအချိန်မှာ စမ်းသပ်ချက်တွေ ဆက်လက်ပြုလုပ်လျက်ရှိပြီး နောက်နှစ်မှာ အစိုးရအသိအမှတ်ပြု ရောင်းချနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။ငှက်ကုလားအုတ်ဥတွေက ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ပြင်ပမှအမှုန်အမွှားတွေကို ချေဖျက်ပစ်နိုင်တဲ့ အမျိုးမျိုးသော ပရိုတိန်းတွေ antibody တွေကို ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။

သိပ္ပံပညာရှင်တွေက ဖေဖော်ဝါရီလက ရောဂါမဖြစ်ပွားစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်တွေကို ငှက်ကုလားအုတ်အမတွေထဲ ထိုးသွင်းခဲ့ရာ သူတို့ရဲ့ဥတွေမှာ antibody အများအပြားကို တွေ့ရှိခဲ့ရပါတယ်။အဲဒီနောက် နှာခေါင်းစည်းအတွင်းထဲမှာ ထည့်ရမယ့် အထူးပြုလုပ်ထားတဲ့ ဇကာစစ်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။

အဲဒီဇကာကို ထုတ်ယူပြီး ငှက်ကုလားအုတ်ဥမှ antibody တွေပါဝင်တဲ့ ရောင်ပြေးဆိုးဆေးနဲ့ ဖျန်းလိုက်လို ရပါတယ်။ဇကာစစ်က ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့လိုက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်ရှိနေတယ်ဆိုရင် အရောင်လင်းလာမှာဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာ ၃၂ ဦးကို ၁၀ ရက်တိုင်အောင် စမ်းသပ်စစ်ဆေးခဲ့ကြပါတယ်။သူတို့ဝတ်ဆင်ခဲ့တဲ့ နှာခေါင်းစည်းအားလုံးကို ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့စေတဲ့အခါ အရောင်လင်းလာခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ ဗိုင်းရပ်စ်ပမာဏနည်းပါးကာ အရောင်မှိန်သွားတာကို တွေ့ရှိခဲ့ကြပါတယ်။

နောက်ထပ် လူ ၁၅၀ ကိုလည်း စမ်းသပ်စစ်ဆေးဖို့ ရည်မှန်းထားကြပါတယ်။
ဥက္ကဌဖြစ်သူဆူကာမိုတိုက အဆိုပါနှာခေါင်းစည်းကို စမ်းသပ်ဝတ်ဆင်ခဲ့တဲ့အခါ အရောင်လင်းလာခဲ့တာကြောင့် ကိုဗစ်ရောဂါရှိနေကြောင်း သိရှိခဲ့ရပါတယ်။

ထိုနောက် PCR test ဖြင့် စစ်ဆေးခဲ့ပြီး ရလာဒ်ကိုအတည်ပြုခဲ့ပါတယ်။ "ကုန်ကျစရိတ်နည်းနည်းနဲ့ ငှက်ကုလားအုတ်က antibody တွေ အများအပြားထုတ်လို့ရပါတယ်။ နှာခေါင်းစည်းသုံးစွဲတဲ့သူတွေ အလွယ်တကူ ရောဂါပိုးစစ်ဆေးလို့ရအောင် ပြုလုပ်ပေးချင်ပါတယ်"လို့ ဆူကာမိုတိုက ဆိုပါတယ်။

Source: Kyodo News.