ဘီးတပ်ကုလားထိုင် လမ်းညွှန်ပြသွားလာခြင်း ဝန်ဆောင်မှုကို တရုတ်ပြည်ရှိ လမ်းညွှန်ပြသွားလာခြင်းအက်ပ်တွေမှာ စတင်အသုံးပြုပြီဖြစ်ပြီး မသန်မစွမ်းလူများအတွက် သွားလာရေး ပိုမိုလွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။
ထိုဝန်ဆောင်မှုဟာ အပြင်ဘက် အတားအဆီးမဲ့ လမ်းကြောင်းများသာမက ဈေးဝယ်စင်တာကြီးတွေထဲက လမ်းကြောင်းတွေအထိပါ တိုးချဲ့လာပြီး အသုံးပြုသူများအနေဖြင့် အတားအဆီးမရှိတဲ့ တံခါးများ၊ ဓာတ်လှေကားများ၊ သန့်စင်ခန်းတွေကို လက်ကိုင်ဖုန်းကနေ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
#World_Technology
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 22 May 2024
၁။ CI ဖြင့်ပြန်မည့် မလေးရောက်မြန်မာနိုင်ငံသားများ မလေးအစိုးရမှ ဒဏ်ကြေးငွေလျော့ပေါ့ပေးသည့်ကာလအတွင်း Exit pass မဖြစ်မနေလျှောက်ထားကျရန် မြန်မာသံရုံးအသိပေးတိုက်တွန်း
၂။ မိုးကာလရောက်ရှိပြီဖြစ်သောကြောင့် မွန်ဒေသမှ ဆားကွင်းများ ပိတ်သိမ်း
၃။ ရွှေတိဂုံစေတီတော်၏ ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲသို့ အနယ်နယ်အရပ်ရပ်မှဘုရားဖူးများ လာရောက် ပါဝင်ဆင်နွဲ
၄။ ဘီးတပ်ကုလားထိုင် အသုံးပြုသူများအတွက် လမ်းညွှန်ပြသွားလာနိုင်သည့် အက်ပလိကေးရှင်း တရုတ်တွင်စတင်အသုံးပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်အပါအဝင်ဒေသ(၁၂)ခုမှာ မိုးကြီးပြီးလေပြင်း တိုက်နိုင်တယ်။
(မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
ရန်ကုန်မှာ မိုးသည်းနိုင်လို့ မြေနိမ့်ပိုင်းရပ်ကွက်တွေ၊ နေရာတွေမှာ ရေမဝင်အောင်ကြိုတင်ဆောင် ရွက်ထားဖို့နဲ့ လျှပ်စစ်ပစ္စည်းတွေကဲ့သို့ရေစိုမခံတဲ့ ပစ္စည်းတွေ၊ အရေးကြီးစာရွက်စာတမ်းတွေ ကြိုတင်ရွေ့ပြောင်းထားဖို့ လိုအပ်တယ်။
(Civilian Helper Team (TAMWE )တည်ထောင်သူဦးဝင်းနိုင်)
Yangon_Times/tthl
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့မှာ ရွှေတိဂုံစေတီတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးတွေလာ ရောက်ကြတယ်။စနေထောင့်၊ ဗုဒ္ဓဟူးထောင့်စတဲ့ နေရာ(၅)နေရာမှာ ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်အောင် စီစဉ်ပေးထားတယ်။
စတုဒိသာအလှူအဖြစ် ကြာဇံကြော်၊ ခြောက်ဆွဲကြော်၊ အအေးကို အဆိုတော်၊သရုပ်ဆောင် ဟိန်းသစ်၊ အဆိုတော်ပိုပိုနဲ့ Royal-D မှလည်း Royal-D တွေလှူဒါန်းခဲ့ကြပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
မိုးရာသီကာလရောက်ရှိပြီဖြစ်တာကြောင့် မွန်ဒေသက ဆားကွင်းတွေ အားလုံးကို ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ၂၀၂၃ -၂၀၂၄ ဆားထုတ်ရာသီ ပြီးဆုံးသွားပြီလို့ မွန်ပြည်နယ်ဆားလုပ်ငန်းဌာနခွဲက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
မလေးရှားရှိ အထောက်အထား မပြည့်စုံတဲ့ မြန်မာ အလုပ်သမားတွေကို မြန်မာသံရုံးက ထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် C of l ဖြင့် မြန်မာနိုင်ငံကို ပြန်ကျမယ့် နိုင်ငံသားတွေအနေနဲ့ မလေးရှားအစိုးရ က ဒဏ်ကြေးငွေ လျော့ပေါ့ပေးနေတဲ့ကာလအတွင်း မလေးရှားလူဝင်မှုကြီးကြပ်ရေး ရုံးတွေမှာ Exit passကို မဖြစ်မနေ လျှောက်ထားဖို့ မြန်မာသံရုံး ကွာလာလမ်ပူမြို့က မေလ ၂၁ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။
Yangon_Times/LW
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
၂၂ မေ ၂၀၂၄
နီပေါနိုင်ငံရဲ့ အကြီးဆုံး သတင်းမီဒီယာအုပ်စုရဲ့ပိုင်ရှင်ကို နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နှင့် အင်္ဂါနေ့က ဖမ်းဆီးလိုက်တယ်လို့ အေပီသတင်းကဖော်ပြထားပါတယ်။
ကန်တီပါမီဒီယာအုပ်စုရဲ့ ပိုင်ရှင် ကိုင်လက်ရှ်ဆီရိုဟီယာဟာ သူ့ကိုတရားစွဲဆိုထားတဲ့ နီပေါနိုင်ငံ တောင်ပိုင်းက ခရိုင်တရားရုံး တစ်ခုမှာ ဗုဒ္ဓဟူးနေ့ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။
သူဟာ နီပေါနိုင်ငံ မြို့တော်ကတ္တမန်ဒူမှာရှိတဲ့ သူ့ရဲ့ ကန်တီပါရုံးမှာ အဖမ်းခံရတာဖြစ်ပါတယ်။ ကန်တီပါမီဒီယာအုပ်စုဟာ သတင်းစာတွေ၊ရုပ်မြင်သံကြားနှင့်ရေဒီယိုအသံလွှင့်ဌာနတွေ၊ မဂ္ဂဇင်းတွေနှင့် အွန်လိုင်းသတင်းဌာနတွေ တည်ထောင်ထားပါ တယ်။
သူဘာမှအမှားမလုပ်ခဲ့ဘူးလို့ ဆီရိုဟီယာက ငြင်းဆိုလိုက်ပြီး ဒါဟာ ပြည်ထဲရေးဝန်ကြီး ရာဘီလမ်မီချိန်းရဲ့ သူ့အပေါ် ကလဲ့စား ချေမှု တစ်ခုဖြစ်တယ်လို့ ပြန်ပြီးစွပ်စွဲလိုက်ပါတယ်။ငွေကြေး မလျော်မကန်ဆောင်ရွက်မှုတွေမှာ ပြည်ထဲရေးဝန်ကြီး ပါဝင် ပတ် သက်နေတယ်ဆိုတဲ့ သတင်းတွေကို သူ့မီဒီယာအုပ်စုုက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
အတိုက်အခံနိုင်ငံရေးပါတီတွေက လမ်မီချိန်းကို ငွေကြေးမလျော်မကန်ဆောင်ရွက်မှုတွေကြောင့် ရာထူးမှဆင်းပေးဖို့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဆီရိုဟီရာရဲ့ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားနံပါတ်ဟာ တစ်ခြားသူတစ်ဦးရဲ့နံပါတ်နှင့်တူနေပြီး ဒါဟာ နိုင်ငံသားဖြစ်မှုဥပဒေနှင့် ညိစွန်း နေတယ်လို့ရဲကပြောပါတယ်။
နီပေါနိုင်ငံမှာ အထူးသဖြင့် အိန္ဒိယနယ်စပ်ဖြစ်တဲ့ နီပေါတောင်ပိုင်းမှာ လူတော်တော်များများဟာ နိုင်ငံသားမှတ်ပုံတင်အတု ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။၏
Source AP
Published_ 22 May 2024
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)မှာ ပိုမိုအားကောင်းလာ နိုင်ကာ မုန်းတိုင်းငယ် ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၂၂ ရက် ညနေ ၄ နာရီအချိန်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အရှေ့မြောက်ဘက် သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ မေလ ၂၄ ရက် တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်း လာနိုင်ကာ မေလ ၂၅ ရက် ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းသို့ ရောက်ရှိနိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ၌ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေကြောင်း၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်နှင့် ကယား ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း သိရသည်။
ယင်းအပြင် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် မိုးတိမ်တောင် များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 22 May 2024
ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း၏ ရာသီကြိုခြေစမ်းပွဲအဖြစ် သစ္စာအားမာန်အား ၂ဂိုး-ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ကြောင်းYangon Unitedအသင်းမှ သိရသည်။
ယနေ့ မနက်ပိုင်းက Yangon United Sports Complex တွင်ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း၏ ရာသီကြိုခြေစမ်းပွဲအဖြစ် သစ္စာအားမာန် ယူ-၂၀ နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန် ယူ-၂၀ အသင်းက (၂-၁) ဂိုးဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။
ပထမပိုင်း၌ ခြေစမ်းပွဲများပိုကစားထားသည့် သစ္စာအားမာန်အသင်းက ဖိဖိစီးစီးကစားနိုင်ခဲ့သော်လည်း ရန်ကုန်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့ကြောင်း၊ ရန်ကုန်အသင်း၏ ဦးဆောင်ဂိုးကို (၄၁) မိနစ်တွင် ရဲထွန်းနိုင် ကသွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းကပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ ကြောင်းသိရသည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံးအပြောင်းလဲများစွာနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး သစ္စာအားမာန်အသင်းအတွက် ချေပဂိုးကို (၇၃) မိနစ်တွင် သန့်ဇင်အောင် ကသွင်းယူခဲ့ပြီး ပွဲပြီးဆုံးခါနီးတွင် ရန်ကုန်အသင်းဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး လူစားဝင်ကစားသမား နိုင်းလားက (၉၀) မိနစ်တွင်သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 22 May 2024
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)နှင့်ဂျပန် ဘောလုံးအဖွဲ့ချုပ် (JFA)တို့ ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
လူငယ်ဘောလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အကယ်ဒမီကျောင်းများဖွံ့ဖြိုးရေးနှင့် လူငယ်အသင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်ဟုဆိုသည်။
MOU ကာလ (၃)နှစ် ကနဦး ထားရှိရန် သဘောတူခဲ့ကြပြီး MOU အရဆောင်ရွက်မည့် အခန်းကဏ္ဌများ
အနေဖြင့်
1. Technical Development နည်းပညာဖွံ့ဖြိုးရေး
2. Referee Development ဒိုင်လူကြီးဖွံ့ဖြိုးရေး
3. Women's Football အမျိုးသမီးကစားသမား
4. Youth Developmentလူငယ်ကစားသမား ဖွံ့ဖြိုးရေးများပါဝင်သည်ဟုဆိုသည်။
ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် မြန်မာ လူငယ် ယူ၁၂ အသင်းအား ဘာစီလိုနာ၊ ဂျူဗီတပ်စ်၊ ဂျပန်၊ J League လူငယ်ကလပ်များ ပါဝင်ယှဉ်ပြိုင်မည့် ယူ၁၂ နိုင်ငံတကာ ဖိတ်ခေါ် လူငယ်ပြိုင်ပွဲသို့ စေလွှတ် ယှဉ်ပြိုင်မည်ဖြစ်သည်ဟုဆိုသည်။
မေလ(၂၂)ရက်က JFA ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် MOU ရေးထိုးခြင်း အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် AFC Senior Vice President ဦးဇော်ဇော် (ဥက္ကဌ၊ MFF) နှင့် ဂျပန် ဘောလုံးအဖွဲ့ချုပ် JFA ဥက္ကဌ Tsuneyasu Miyamoto တို့တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 22 May 2024
အမေရိကန်အစိုးရက ကွန်ဂရက်လွှတ်တော်နဲ့ ပူးပေါင်းကာ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး(ICC)မှ အရာရှိများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် လုပ်ဆောင်ဖို့ ဆန္ဒရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
အကြောင်းအရင်းကတော့ ဂါဇာစစ်ပွဲကြောင့် အစ္စရေးလ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ရန် ICC အစိုးရရှေ့နေမှ လျှောက်ထားလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါတယ်။
ICC ရှေ့နေကာရင်ခန်းက ကြေညာလိုက်တဲ့အပေါ် တုန့်ပြန်တဲ့အနေဖြင့် ICC အပေါ် အမေရိကန်မှ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ချမှတ်လိုကြောင်း ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ဘလင်ကန်ကို ပြောကြားလိုက်ပါတယ်။
စကားတွေနဲ့သာ မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်လိုကြောင်း၊ အစ္စရေးလ်အပေါ် ဆက်ဆံပုံအတွက်သာမက အနာဂတ်မှာ တိုင်းပြည်အကျိုးစီးပွားကိုပါ ကာကွယ်ဖို့အတွက် ICC ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ လွှတ်တော်နှစ်ရပ်ရဲ့ ကြိုးပမ်းမှုကို ထောက်ခံမည်လားလို့ ဂရေဟမ်က မေးမြန်းခဲ့ရာ ဘလင်ကန်က အတူတကွ လုပ်ဆောင်ရန်ကြိုဆိုကြောင်း ဖြေကြားခဲ့ပါတယ်။
ICC ရှေ့နေကာရင်ခန်းက စစ်ပွဲရာဇဝတ်မှုများနဲ့ လူသားများအပေါ် ပြစ်ဒဏ်ကျူးလွန်မှုများအတွက် အစ္စရေးလ်ဝန်ကြီးချုပ်၊ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး၊ ဟားမတ်စ်ခေါင်းဆောင် ၃ ဦးတို့ ရာဇဝတ်မှုတာဝန်ခံသင့်တယ်လို့ ယုံကြည်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒင်အပြင် သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်များကပါ ကာရင်ခန်းရဲ့ ကြေညာချက်ကို အပြင်းအထန် ဝေဖန်လိုက်ပြီး တရားရုံးအနေဖြင့် ဂါဇာပဋိပက္ခအပေါ် တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ငြင်းဆိုလိုက်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုက ICC အဖွဲ့ဝင်မဟုတ်ပေမယ့် ရုရှားသမ္မတပူတင်ကို ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ICC မှ ဖမ်းဝရမ်းထုတ်တဲ့ ဆုံးဖြတ်ချက်လိုမျိုးကိုတော့ ယခင်က ထောက်ခံခဲ့ဖူးပါတယ်။
ယခင်ကလည်း လွှတ်တော်မှ ရီပတ်ဘလစ်ကန်တွေက ICC ကို ဥပဒေရေးရာအတိုင်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ခြိမ်းခြောက်ခဲ့ဖူးပြီး သမ္မတဘိုင်ဒင်နဲ့ အထက်လွှတ်တော် ဒီမိုကရက်များရဲ့ ထောက်ခံမှုမရရှိဘဲ ဥပဒေဖြစ်မလာနိုင်ပါဘူး။
အာဖဂန်နစ္စတန်မှာ စစ်ရာဇဝတ်မှုများ အမေရိကန်ကျူးလွန်ခဲ့တဲ့အပေါ် ၂၀၂၀ ခုနှစ်မှာ ICC မှ စုံစမ်းစစ်ဆေးရန် ခွင့်ပြုခဲ့ချိန်တုန်းက အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်ဆိုပြီး သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်မှာ ICC ကို စွပ်စွဲခဲ့ကာ ICC ရှေ့နေဟောင်းအပါအဝင် တရားရုံးအဖွဲ့ဝင်များကို ပစ်မှတ်ထားပြီး ပိုင်ဆိုင်မှုများ သွားလာခွင့်များ ပိတ်ပင်ခဲ့ပါတယ်။
ဘိုင်ဒင်သမ္မတဖြစ်လာပြီး သိပ်မကြာခင် ၂၀၂၁ ဧပြီမှာ အဆိုပါပိတ်ဆို့မှုတွေကို ဖယ်ရှားခဲ့ပါတယ်။
Source: Reuters
#World_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
၂၂ မေ ၂၀၂၄
မေ၂၁ ရက်က ပြင်းထန်သောလေပွေမိသဖြင့် ဘန်ကောက်သို့အရေးပေါ်ဆင်းသက်ခဲ့ရပြီး လူတစ်ဦး သေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ရသည့် စင်ကာပူလေကြောင်းလိုင်းဘိုအင်းလေယာဉ်မှ ခရီးသည် နှင့် လေယာဉ်အမှုထမ်း ၁၄၀ကျော် ဘန်ကောက်မှ စင်္ကာပူသို့ ကယ်ဆယ်ရေးအထူးလေယာဉ် ဖြင့် မေ၂၂ရက်မနက်စောစောတွင်ပြန်လည်ရောက်ရှိသွားပါတယ်။
သေဆုံးခဲ့ရသူမှာ အသက် ၇၃နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး နှလုံးဖောက်ကာသေဆုံးသွားရခြင်း ဖြစ်မည်လို့ ယူဆထားကြပါတယ်။ ဒဏ်ရာရရှိသူတွေကတော့ အနည်းဆုံးလူ၃၀ရှိတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
စင်္ကာပူလေကြောင်းလိုင်းပိုင် အဆိုပါဘိုအင်း777-300ER ခရီးသည်တင်လေယာဉ်ကြီးသည် လန်ဒန်မှ စင်္ကာပူသို့ခရီးစဉ်တွင် ၁၀နာရီခန့်အကြာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် အပေါ်သို့ ဖြတ်ကျော်ပျံသန်းနေစဉ် ရုတ်တရက်ပြင်းထန်ဆိုးရွားလှတဲ့ လေပွေကြမ်း နှင့် တွေ့ခဲ့ရတာဖြစ်တယ်လို့လည်း စင်္ကာပူ လေကြောင်း လိုင်းက သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေရာတစ်ဝိုက်မှာ ထိုအချိန်က ပြင်းထန်တဲ့မိုးကြိုးမုန်တိုင်းတွေတိုက်နေတာတွေ့ရတယ်” လို့လည်း FlightRader24 ကပြောပါတယ်။
“ဘင်္ဂလားပင်လယ်အော်မှာ မိုးကြိုးမုန်တိုင်းကြီးတွေဆိုတာ ဖြစ်တောင့်ဖြစ်ခဲ့မျိုးမဟုတ်ဘူး။ အဲဒီနေရာမှာ အဲဒါတွေနှင့်ရင်ဆိုမိနိုင်တဲ့အခြေအနေ အမြဲလိုလိုရှိနေတယ်” လို့ စင်္ကာပူနှင့်အရှေ့တောင်အာရှကို လေယာဉ်မောင်းနှင်နေကျဖြစ်တဲ့ အမည်မဖော်လိုသူလေယာဉ်မှူးတစ်ဦးကပြောပါတယ်။
“လူတွေ မျက်နှာကြက်နှင့်ထိပြီး အောက်ကို ကိုးရိုးကားယားပြုတ်ကျကြတယ်။ ခေါင်းကွဲတဲ့သူနှင့် ထိခိုက်မူးမေ့တဲ့သူတွေနှင့်” လို့ စင်္ကာပူကိုပြန်ရောက်လာတဲ့ခရီးသည်တွေထဲက အသက်၂၈နှစ်အရွယ် ကျောင်းသားတစ်ဦးက ရိုက်တာသတင်းဌာနကိုအတွေ့အကြုံပြောပြပါတယ်။
ယခုဘန်ကောက်မှ ရောက်ရှိလာတဲ့သူတွေက ခရီးသည် ၁၃၁ဦးနှင့်လေယာဉ်အမှုထမ်း၁၂ ဦးတို့ဖြစ်ကြ ပါတယ်။ သူတို့ဟာ စင်္ကာပူလေဆိပ်ကိုမနက်၅နာရီမှာဆိုက်ရောက်လာကြတာပါ။ ထိခိုက်ဒဏ်ရာရ သူတွေနှင့် သူတို့မိသားစုတွေကတော့ ဘန်ကောက်မှာကျန်ရစ်ခဲ့ကြတာဖြစ်ပါတယ်။
Source Reuters
Page 581 of 1860