မကွေးမှာ ဧရာဝတီမြစ်ရေကြီးနေလို့ မြစ်နားနီးတဲ့စာသင်ကျောင်းအချို့ယာယီပိတ်ထားရပြီး အခုဆိုရင် မကွေး၊ ပခုက္ကူမှာယာယီပိတ်ထားရတဲ့ ကျောင်း(၂၅)ကျောင်းအထိရှိပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 15 July 2024
#စာသင်ကျောင်းအချို့ယာယီပိတ် #ဧရာဝတီမြစ်ရေကြီး
#tthl #Yangon_Times
ကမ္ဘာ့ရွှေဈေးနဲ့အတူ အခုလနှစ်ပတ်ကျော်ကာလအတွင်းအခေါက်ရွှေဈေးကျပ် တစ်သိန်းခွဲနီးပါးမြင့်တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 15 July 2024
#ရွှေဈေးမြင့်တက် #ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်
#NN #Yangon_Times
ရန်ကုန်တိုင်းအပါအဝင် ဇူလိုင်လ (၁၆)ရက်မှ (၂၀)ရက်အထိ(၅)ရက်တိုင်တိုင်မိုးကြီးမယ့် ဒေသ(၇)ခုရှိပြီး မိုးသက်လေပြင်းပါတိုက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
#Local_News
Published 15 July 2024
#မိုးကြီးမည့်ဒေသ(၇)ခု #မိုးသက်လေပြင်းပါတိုက်နိုင်
#tthl #Yangon_Times
#World_News
Published 15 July 2024
▪️ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ဒေါ်နယ်ထရမ့် စည်းရုံးရေးပြုလုပ်နေစဉ် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြည်သူတွေကို စိတ်လျှော့ထိန်းသိမ်းကြရန် တနင်္ဂနွေနေ့က အိမ်ဖြူတော်ရုံးဌာနကနေ တောင်းဆိုလိုက်ပါတယ်။
▪️ ပန်ဆယ်ဗေးနီးယားမှာ ထရမ့်စည်းရုံးရေးပွဲ ပြုလုပ်နေစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာဟာ အားလုံးအနေနဲ့ နောက်ဆုတ်ထိန်းသိမ်းကြဖို့ သတိပေးလိုက်တဲ့ သဘောဖြစ်ပြီး ကံကောင်းစွာနဲ့ပဲ ထရမ့်ဟာ ဒဏ်ရာပြင်းထန်စွာ မရခဲ့ဘူးလို့ ဘိုင်ဒင်က ပြောသွားပါတယ်။
▪️ နိုင်ငံရေးကို အကြမ်းဖက်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းခွင့်မပေးနိုင်ကြောင်း၊ အခြေအနေတွေက အလွန်အရှိန်တက်နေကြောင်း၊ အခုက အရှိန်လျှော့သင့်ပြီဖြစ်ကြောင်း၊ ဒီလိုလျှော့ချဖို့ အားလုံးမှာတာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
▪️ အမေရိကမှာ သဘောထားမတူ ကွဲပြားမှုတွေကို မဲပေးရုံတွေမှာ ဖြေရှင်းကြတာဖြစ်ကြောင်း၊ သေနတ်တွေနဲ့ ဖြေရှင်းရတာ မဟုတ်ကြောင်း ဘိုင်ဒင်က ၇ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ရာ အဓိကသတင်းဌာနများက ထုတ်လွှင့်ပြသခဲ့ပါတယ်။
▪️ အသက် ၈၁ နှစ်ရှိ ဘိုင်ဒင်ဟာ နောက်ထပ်သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေရာမှာ လူအများက နောက်ဆုတ်ကြဖို့ ဖိအားပေးနေကြတဲ့အချိန်မှာ အခုလို မိန့်ခွန်းပြောကြားခဲ့တာဟာ တာဝန်ရှိသူတစ်ဦးရဲ့ဩဇာကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်သမိုင်းမှာ သမ္မတ ၄ ဦး လုပ်ကြံခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာ များစွာဖြစ်ခဲ့သလို သမ္မတလောင်း ကိုယ်စားလှယ်တွေလည်း အချို့ဆိုရင် အသက်အန္တရာယ် ထိခိုက်စေသည်အထိ ပစ်ခတ်ခံရဖူးပါတယ်။
▪️ ယခုလို ထရမ့်ပစ်ခတ်ခံရတဲ့ ကိစ္စကြောင့် ဘိုင်ဒင်အပေါ် ဖိအားတွေလျော့ကျသွားဖို့ အိမ်ဖြူတော်အရာရှိများက မျှော်လင့်နေကြပါတယ်။
▪️ ထရမ့်ကို စကားဖြင့် တိုက်ခိုက်နေကြမယ့်အစား အနာဂတ်ကိုသာ အာရုံစိုက်ကြဖို့လည်း ဘိုင်ဒင်က တိုက်တွန်းလိုက်ပါတယ်။
#Source: Reuters
#Local_News
Published 15 July 2024
▪️ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် ပန်လော့ရွာအနီး၌ ယနေ့ မနက်ပိုင်းက အိမ်စီးကားနှင့် ၁၀ဘီးကားတိုက်မိ၍ ကားမီးလောင်ပြီး ကလေးငယ်များအပါဝင်ခြောက်ဦး ေ-သဆုံးခဲ့ကြောင်းပရဟိတအသင်းများနှင့်ဒေသခံများထံမှ သိရသည်။
▪️ ယနေ့မနက် (၈)နာရီခန့်တွင် ကျိုင်းတုံမြို့နယ် ပန်လော့ရွာအနီး၌ ကုန်တင် ၁၀ဘီးကား တစ်စီးနှင့် အိမ်စီးကားတစီး ယာဉ်တိုက်မူဖြစ်ပွါးရာမှ မီးလောင်ကာ အိမ်စီးကားပေါ်မှ ပါလာသူ
မိသားဟုယူဆရသူ ကျား ၄ဦး မ၂ဦး နေရာမှာပင် သေဆုံးသွားခဲ့ပြီး ၁၀ဘီးကားပေါ်မှ ယာဉ်မောင်းဖြစ်သူနှင့် စပယ်ယာအား ထိခိုက်ဒဏ်ရာများနှင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
▪️ အဆိုပါ အခင်းဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့များ၊ လူနာတင်ယာဥ်များ၊ နာရေးကူညီမှုအသင်းကားများဖြင့်သွားရောက်ကူညီ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
#NN #Yangon_Times
#Local_News
Published 15 July 2024
▪️ လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်)များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက စာတိုက်များသို့ (အခမဲ့)ပေးပို့နိုင်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စာဖတ်နှုန်းမြင့်တက်စေရန်ရည်ရွယ်၍ ယင်းသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ရည်ရွယ်ချက်ကို တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသောလူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်)များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့)ပေးပို့နိုင်ကြောင်း သိရသည်။
#NN #Yangon_Times
#Local_News
Published 15 July 2024
▪️ နေပြည်တော်ရှိ ဆင်သေကြိုးဝိုင်းအတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး ၁၀၀၀၀၀ ကြဲချပြီး စိုက်ပျိုးခဲ့ကြောင်း သိရသည်။
▪️ သစ်ပင်အမျိုးအစား ကိုးမျိုးဖြစ်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှား စသည့်သစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း ၁၀၀၀၀၀ ကြဲချစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ အစီအစဉ်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော် တပ်ကုန်းမြို့နယ်အထက် ဆင်သေကြိုးဝိုင်းအတွင်းရှိ တောနိမ့်တောပါး တောင်ကတုံးများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချစိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
▪️ ၂၀၂၄ ခုနှစ် မိုးရာသီ၊ ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရခရိုင်တပ်ကုန်းမြိုနယ် ဆင်သေချောင်း ရေဝေရေလဲဧရိယာအတွင်းအထက် ဆင်သေကြိုးဝိုင်းအကွက်အမှတ် ၅၆ ရှိ နေရာ ၁ နေရာ၊ ဧရိယာ ၁၀ ဒသမ ၅ ဧကတွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစားများကို ကြဲချစိုက်ပျိုးခဲ့သည်။
▪️ ယင်းအစီအစဉ်သို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ၊ နယ်မြေခံလေတပ်စခန်း စခန်းမှူး၊ တပ်မတော်(လေ)မှ တပ်မတော်သားများ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ်နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများကြဲချသည်။
▪️ သစ်စေ့မြေလုံးပြုလုပ်ရန် သစ်မျိုးရွေးချယ်ရာတွင် အပင်ပေါက်ရောက်မှုနှုန်း အနည်းဆုံး (၆၀ ရာနှုန်း) နှင့် အများဆုံး (၉၀ ရာနှုန်း) ပေါက်ရောက်ပြီး အပင်ပေါက်ရောက်မှုရာခိုင်နှုန်း ကောင်းမွန်သည့် မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဲဇလီ၊ ဘောစကိုင်း၊ မန်ဂျန်ရှား စသည့်သစ်မျိုး ကိုးမျိုးကိုသာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး သစ်စေ့အရွယ်အစားအရ သစ်စေ့မြေလုံးတစ်လုံးလျှင် သစ်စေ့နှစ်စေ့မှ ငါးစေ့အထိ ထည့်သွင်းဆောင်ရွက်ခဲ့သည်။
▪️ သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့် စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှု အထိုက်အလျောက် ထိရောက်မှုရှိကြောင်းနှင့်
▪️ ၂၀၂၄ ခုနှစ် မိုးရာသီတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဥတ္တရခရိုင်တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေရေလဲဒေသအတွင်း သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှု အခြေအနေများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်ရှင်သန်နိုင်မှုအခြေအနေစာရင်း ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 15 July 2024
▪️ ထိုင်းဘုရင်မင်းမြတ်၏မွေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပနေသည့် နိုင်ငံတကာရာမာယဏပွဲတော်တွင် မြန်မာပါဝင်ဖျော်ဖြေနေကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထိုင်းဘုရင်မင်းမြတ် ၏ (၇၂) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့်နိုင်ငံတကာ ရာမာယဏပွဲတော်တွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ ရာမာယဏပညာရပ်ဆိုင်ရာ ကော်မတီမှ သဘင်အနုပညာရှင်များ နှင့်ရာမာယဏပညာရှင်များတက်ရောက်ဖျော်ဖြေတင်ဆက်ကြကြောင်းနှင့် တင်ဆက်ကပြသည့် ပုံများရိုက်ကူးဖော်ပြထားသည်။
▪️ မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ဆိုင်းအပါအဝင် ရာမယဏနှင့် ပတ်သက်သည့် ထိန်းသိမ်းထားရှိမှုများ၊ ဝတ်စားဆင်ယင်မှုများနှင့် ဖျော်ဖြေတင်ဆက်မှုများကို ကမ္ဘာ့နိုင်ငံများမှ သိရှိစေရန်ရည်ရွယ်တင်ဆက် ခြင်းဖြစ်သည်။
▪️ အဆိုပါပွဲတော်တွင်အိမ်ရှင် ထိုင်းနိုင်ငံနှင့်အတူအိန္ဒိယ၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ရာမာယဏ အနုပညာရှင်များတက်ရောက် ပါဝင်တင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။
Photo Credit- မြန်မာနိုင်ငံသဘင်အစည်းအရုံး၊ Htet Zaw Aung
#tthl #Yangon_Times
#World_Health
Published 15 July 2024
▪️ တောင်အာဖရိကနဲ့ ယူဂန်ဒါတို့မှာ ပြုလုပ်တဲ့ လက်တွေ့စမ်းသပ်ချက်အရ တစ်နှစ် ၂ ကြိမ်ထိုးရတဲ့ PrEP ဆေးဟာ အမျိုးသမီးငယ်တွေကို HIV ကူးစက်မှုကနေ အပြည့်အဝကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ထိုနိုင်ငံတွေမှာ လန်နာကာပါဗီယာ(Len LA)နဲ့ အခြားဆေးနှစ်မျိုးတို့ကို စမ်းသပ်ရန် လူပေါင်း ၅ ထောင်ခန့် စာရင်းပေးသွင်းခဲ့ကြပါတယ်။
▪️ Len LA ဟာ HIV ပွားဖို့လိုအပ်တဲ့ ပစ္စည်းတွေကို ကာကွယ်ပေးပြီး အရေပြားအောက်ကို ၆ လတစ်ခါ ထိုးသွင်းရကြောင်း သိပ္ပံပညာရှင် လင်ဒါဂေးလ်ဘက်ကာက ဖော်ပြခဲ့ပါတယ်။
▪️ Len LA ထိုးသွင်းခဲ့တဲ့ အမျိုးသမီး ၂၃၁၄ ဦးစလုံးဟာ HIV ကူးစက်ခြင်းမရှိခဲ့တာကြောင့် ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆိုရမှာပါ။
▪️ ထရူဗာဒါထိုးသွင်းခဲ့တဲ့ အမျိုးသမီး ၁၀၆၈ ဦးထဲမှာ ၁၆ ဦးက ကူးစက်ခဲ့ပြီး ဒက်စ်ကိုဗီထိုးသွင်းတဲ့ ၂၁၃၆ ဦးထဲက ၃၉ ဦးက ကူးစက်ခဲ့ပါတယ်။
▪️ လက်ရှိမှာ HIV ကူးစက်ထားသူအများစုက တသက်တာလုံး ကုသမှုခံယူနေရပြီး ဆက်လက်မကုသရင် ဗိုင်းရပ်စ်က ပြန်ထလာနိုင်ပါတယ်။
▪️ အမ်စတာဒမ်မှ သိပ္ပံပညာရှင်အဖွဲ့က HIV အောင်မြင်စွာ ဖယ်ထုတ်နိုင်တဲ့ နည်းပညာကိုလည်း စမ်းသပ်နိုင်ခဲ့ပါတယ်။
▪️ အခုဆိုရင် ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ကနေ လုံးဝဖယ်ရှားရန် ရည်ရွယ်ပြီး စမ်းသပ်နေကြပါပြီ။
#Source: WION
#World_Health
Published 15 July 2024
▪️ မျက်ခွံတွေ အိုမင်းရင့်ရော်လာခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မီချီဂန်မှ ပလတ်စတစ်ခွဲစိတ် ဆရာဝန် အန်သိုနီယွန်းက မျှဝေသွားပါတယ်။
▪️ မျက်ခွံတွေ အိုမင်းလာတဲ့ လက္ခဏာတွေထဲမှာ မျက်လုံးဖောင်းအစ်ခြင်း၊ မျက်ခွံနားလျော့တွဲခြင်း၊ မျက်ခွံအိတ်ပေါ်ခြင်းတို့ ပါဝင်ပါတယ်။
ဒါတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့..
(၁) နေကာမျက်မှန်တပ်ခြင်း
▪️ နေကာမျက်မှန်က ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးရုံမက မျက်လုံးထောင့်တွေမှာ အရေးကြောင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(၂) အဆင့်ဆင့်ထုတ်လုပ်ထားသော စားစရာများလျှော့စားခြင်း
▪️ ထိုစားစရာတွေက နှလုံးရောဂါနဲ့ ကင်ဆာ၊ ဆီးချို၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေများစေပြီး မျက်လုံးဖောရောင်စေနိုင်ပါတယ်။
(၃) ဓာတ်မတည့်မှုများကိုထိန်းချုပ်ခြင်း
▪️ မျက်ခွံအရေပြားဟာ အပါးလွှာဆုံး အရေပြားတွေထဲမှာ ပါဝင်ပြီး ဓာတ်မတည့်လို့ယားယံပြီး ပွတ်တိုက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) ရက်တီနောလ်မျက်လုံးလိမ်းဆေးသုံးခြင်း
▪️ ရက်တီနောလ်က ကော်လာဂျင်တိုးစေပြီး မျက်ခွံအရေပြား ပါးလွှာတွန့်ခေါက်ခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: New York Post
၁၄ ဇူလိုင် ၂၀၂၄
နိုင်ငံပေါင်း ၂၆နိုင်ငံပါဝင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCOနိုင်ငံတွေရဲ့ မီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လ (၂)ရက်နေ့က ရှန်ဟိုင်းမြို့က Hozon New Energy Auto ကုမ္ပဏီကိုသွားရောက်လေ့လာခဲ့ကြပါတယ်။
အဆိုပါမီဒီယာကိုယ်စားလှယ်အဖွဲ့မှာ မြန်မာနိုင်ငံမှ YMG လည်းပါဝင်ပါတယ်။
Hozon New Energy Auto ဆိုတာ NETA အမှတ်တံဆိပ်လျှပ်စစ်ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။
NETA လျှပ်စစ်ကားတွေဟာ မြန်မာနိုင်ငံမှာလည်း ရောင်းချနေပါတယ်။
NETA ကားပြခန်းမှာ သူတို့ထုတ်ထားခဲ့တဲ့ လျှပ်စစ်ကား မော်ဒယ်လ် ၅ မျိုးစလုံးကိုခင်းကျင်းပြသထားပါတယ်။
မီဒီယာအဖွဲ့တွေ စိတ်ဝင်တစားလေ့လာခဲ့ကြပြီး မေးခွန်းတွေလည်း မေးမြန်းခဲ့ကြပါတယ်။
နိုင်ငံရပ်ခြားကနေ ဂျပန်နိုင်ငံကိုရောက်ရှိလာသူတွေအနေနဲ့ အသားထွက်ကုန်ပစ္စည်းတွေ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို သယ်ဆောင်လာပါက ဥပဒေအရတင်းကြပ်စွာတားမြစ် ကန့်သတ်ထားတယ်လို့ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးက အသိပေးထားပါတယ်။
#Local_News
Published 14 July 2024
#ဟင်းသီးဟင်းရွက် #သယ်ဆောင်လာခြင်းကိုတားမြစ်
#YMG/ NN #Yangon_Times
Page 122 of 1465