#LocalHealth
Published -21 Feb 2022
ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် မကွေးတိုင်းဒေသကြီးအတွက် Positive Centre နဲ့ Quarantine Centre တွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေပြီလို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။
လက်ရှိတွင် မကွေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနဲ့ ပိုးတွေ့ထိစပ်လူနာများထားရှိနိုင်ရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်ရှိ အဆောင်များတွင် Positive Centre နှင့် Quarantine Centre များ ဖွင့်လှစ်နိုင်ရေးအတွက် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ တိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ပိုးတွေ့လူနာတွေနဲ့ ထိစပ်လူနာတွေထားရှိဖို့အတွက် ကျောင်းဆောင်တွေမှာ ကွာရန်တင်းစင်တာတွေ ပြင်ဆင်ထားပါတယ်။ကျန်းမာရေးအသိပညာတွေပေးတာကိုလည်း ဆက်တိုက်ဆောင်ရွက်နေတယ်ဗျ"လို့ တိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက် ယနေ့မှာလည်း တောင်တွင်းကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ လူနာများအား ထားရှိနိုင်ရေး positive center ပရပ်ကြယ်တိုက်နယ် ဆေးရုံကိုလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ၂၀ ရက်နေ့အတွက် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု အခြေအနေထုတ်ပြန်ချက်အရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၃,၀၅၀) ဦး တွေရှိခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာ ၁၆၁ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#WorldHealth
Published - 21 February 2022
ကိုဗစ်ရောဂါကူးစက်ခံရပြီး ပြန်လည်သက်သာလာတဲ့သူတွေမှာ စိတ်ကျန်းမာရေးထိခိုက်မှုအမျိုးမျိုး ဖြစ်လာနိုင်ချေများနေပြီး စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဆေးစွဲခြင်း၊ အသိဉာဏ်ချို့ယွင်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း လေ့လာမှုကြီးတစ်ခုမှာ တွေ့ရှိခဲ့ရာ ကြာသပတေးနေ့က ဖော်ပြခဲ့ကြပါတယ်။
"ကပ်ရောဂါတွေကြောင့် အမေရိကန်ရှိလူတွေ စိတ်ကျန်းမာရေးချိုယွင်းမှု ကြုံတွေ့ရနိုင်တယ်ဆိုတာကို သိထားပါတယ်။ ဒါပေမဲ့ ကိုဗစ်ကြောင့် ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်နိုင်သလဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး" လို့ ဝါရှင်တန်တက္ကသိုလ်မှ သုတေသနဦးစီးချုပ် ဒေါက်တာ'ဇီယက်အယ်အာလီ'က ပြောပြသွားပါတယ်။
'အယ်အာလီ'နဲ့အဖွဲ့က ၂၀၂၀ မတ်လမှ ၂၀၂၁ ဇန်နဝါရီလအတွင်း ကိုဗစ်ကူးစက်ခဲ့တဲ့ လူနာပေါင်း ၁ သိန်းခွဲကို လေ့လာရှာဖွေခဲ့ကြပြီး နောက်တစ်နှစ်ကြာတဲ့အထိ စောင့်ကြည့်ခဲ့ကြပါတယ်။
အဆိုပါလူနာတွေနဲ့ ကိုဗစ်ကူးစက်ခြင်းမခံရသော်လည်း ကပ်ရောဂါကြောင့် လော့ဒေါင်းချခင်း၊ စာသင်ကြားရမှုမရှိခြင်း၊ အထီးကျန်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ဝေးကွာခြင်း စတဲ့ အခြေအနေတွေကို ခံစားခဲ့ရတဲ့ လူပေါင်း ၅ သန်းကျော်နဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
ကိုဗစ်ရောဂါကူးစက်ခဲ့တဲ့လူတွေမှာ စိတ်ကျန်းမာရေးအခြေအနေအမျိုးမျိုး ဖြစ်နိုင်ချေများကြောင်း၊ အများစုက ဆေးရုံတက်ကုသခြင်းမခံခဲ့ရပေမယ့်လည်း အိမ်မှာတင် ရောဂါအပျော့စားခံစားရာကနေ သက်သာလာတဲ့သူတွေဖြစ်ကြောင်း 'အာလီ'က ဆိုပါတယ်။
စိတ်ပူပန်ခြင်းဝေဒနာခံစားရသူ ၃၅ ရာခိုင်နှုန်း၊ စိတ်ဓာတ်ကျဝေဒနာခံစားရသူ ၃၉ ရာခိုင်နှုန်း၊ စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့အခြေအနေခံစားရသူ ၃၈ ရာခိုင်နှုန်း၊ အိပ်မပျော်ခြင်းဝေဒနာခံစားရသူ ၄၁ ရာခိုင်နှုန်း၊ ဆေးစွဲခြင်းခံစားရနိုင်ချေ ၇၆ ရာခိုင်နှုန်းနဲ့ အသိဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ချေ ၈၀ ရာခိုင်နှုန်းတို့ ရှိကြောင်း ဖော်ပြထားပါတယ်။
လေ့လာမှုပြုလုပ်ခဲ့တဲ့ လူနာတွေရဲ့ပျမ်းမျှအသက်က ၆၁ နှစ်ရှိပြီး ၉၀ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ပေမယ့် နောက်ဆုံးခြုံကြည့်တဲ့အခါမှာတော့ အသက်အရွယ်ပေါင်းစုံမှာ ဖြစ်ပွားနိုင်ပြီး အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ချေရှိပါတယ်။
ကပ်ရောဂါမဖြစ်ခင်အချိန်ကာလတွေမှာ အမေရိကန်နိုင်ငံအတွင်း ဆေးခြောက်သုံးစွဲမှုတွေကို ထိန်းချုပ်ထားခဲ့တာကြောင့် ဆေးလွန်ပြီးသေဆုံးမှုတွေ အဖြစ်နည်းလာခဲ့ပေမယ့် အခုကပ်ရောဂါကာလမှာတော့ ဒီပြဿနာတွေ ပြန်အဖြစ်များလာပြီဖြစ်ပါတယ်။
စိတ်ဓာတ်ကျဝေဒနာခံစားရမှုနဲ့ မိမိကိုယ်ကိုအဆုံးစီရင်ချင်တဲ့စိတ်အခြေအနေတွေကိုလည်း ထိန်းချုပ်နိုင်ဖို့ သတိထားသွားရပါမယ်။
Source: St. Louis Post-Dispatch
#WorldHealth
Published - 21 February 2022
လေ့လာတွေ့ရှိချက်အသစ်အရ 'မ'ဟော်မုန်းတစ်ခုဖြစ်တဲ့ အီစထရိုဂျင်ဟာ ကိုဗစ်ရောဂါကြောင့်အသက်သေဆုံးမှုကို ကာကွယ်ပေးနိုင်သလားဆိုတဲ့ သံသယတွေဖြစ်ပေါ်လာစေပါတယ်။
မီးယပ်သွေးဆုံးပြီးသားဖြစ်ပြီး အီစထရိုဂျင်ပမာဏကျဆင်းနေတဲ့ အမျိုးသမီးကိုဗစ်လူနာ ၁၄,၆၈၅ ယောက်ကို ဆွီဒင်မှသုတေသီတို့ က လေ့လာခဲ့ကြပါတယ်။ထိုအမျိုးသမီးတွေထဲမှ ၁၇ ရာခိုင်နှုန်းဟာ မီးယပ်သွေးဆုံးဝေဒနာသက်သာစေဖို့အတွက် အီစထရိုဂျင်ဖြည့်စွက်အားဆေးတွေ သောက်သုံးနေကြသူတွေဖြစ်ပါတယ်။
အခြားရောဂါအခြေအနေတွေနဲ့ပါ တွက်ချက်လေ့လာလိုက်တဲ့အခါ အီစထရိုဂျင်အားဆေးသောက်သုံးနေသူတွေက မသောက်သုံးတဲ့သူတွေထက် ကိုဗစ်ရောဂါကြောင့်အသက်သေဆုံးမှုနှုန်းကို ၅၃ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒီလိုစူးစမ်းလေ့လာမှုတွေမှာ အီစထရိုဂျင်ပမာဏမြင့်မားခြင်းက ရောဂါကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားတော့ မပြနိုင်ပါဘူး။ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးတွေမရရှိခင်က အမျိုးသမီးတွေမှာ ရောဂါကူးစက်ခဲ့ကြောင်း အူမေယာတက္ကသိုလ်မှ ဒေါက်တာ'မာလင်ဆန်း'က ပြောကြားခဲ့ပါတယ်။
"ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းက ကိုဗစ်ကြောင့်အသက်သေဆုံးမှုကို ကာကွယ်နိုင်တယ်လို့ ထင်ထင်ရှားရှားပြသနေပေမယ့် အီစထရိုဂျင်ဟော်မုန်းကို ထည့်သွင်းစဉ်းစားရာမှာတော့ ခန့်မှန်းလို့ မရနိုင်ပါဘူး" လို့ 'မာလင်ဆန်း'က ဆိုပါတယ်။
အီစထရိုဂျင်က ဆေးရုံတက်ကုသခံယူနေရတဲ့ ကိုဗစ်လူနာတွေကို ကာကွယ်ပေးတယ်ဆိုတဲ့ ယူဆချက်အား တူလိန်းတက္ကသိုလ်မှာ အပြင်းအထန်စမ်းသပ်စစ်ဆေးနေပြီဖြစ်ပါတယ်။
Source: Re
Published 20 February 2022
မြန်မာနိုင်ငံရဲ့ လက်ရှိကိုဗစ်ကူးစက်မှု အနေအထားဟာ မတ်လ(၁၃)ရက်နေ့မှာ အမြင့်ဆုံးအနေအထားရောက်ရှိလိမ့်မယ် လို့ကျန်းမာရေးသုတေသနလုပ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။
ဝါရှင်တန်ပြည်နယ်၊ဆီယက်တဲလ်အခြေစိုက် Institute for Health Metrics and Evaluation (IHME)ရဲ့ နိုင်ငံအလိုက် ကိုဗစ်-၁၉ ကူးစက်မှု ခန့်မှန်းခြေပြဇယားတွေထဲမှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုခန့်မှန်းခြေမှာ အဲသလိုတွက်ချက်ဖော်ပြထားတာဖြစ်ပါတယ်။
အဆိုပါအဖွဲ့ရဲ့တွက်ချက်မှုအရ မတ်လ(၁၃)ရက်နေ့မှာ နေ့စဉ်အတည်ပြုလူနာတွေ့ရှိသူပေါင်းဟာ ၁၁၄၀၀ ကျော်ရှိ လာလိမ့် မယ်လို့ခန့်မှန်းထားပါတယ်။ မတ်လ၂၉ ရက်မှာ သေဆုံးမှုကလည်းအမြင့်ဆုံးဖြစ်ပြီး (၃၄)ဦးခန့်ရှိလိမ့်မယ်လို့လည်း ခန့်မှန်း ထားပါတယ်။
အဆိုပါ တွက်ချက်မှုများကို ဖေဖော်ဝါရီ(၉)ရက်အထိ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ်အခြေခံထားတဲ့အတွက် ဖေဖော်ဝါရီ၁၀ရက်မှ ယမန်နေ့ ဖေဖော်ဝါရီ ၁၉ရက်အထိ (၉)ရက်စာ အချက်အလက်တွေပါဝင်ခြင်းမရှိဘဲ ခန့်မှန်းထားတာဖြစ်ပါတယ်။အဲဒါကြောင့် မည်မျှအထိနီးစပ်မှန်ကန်မှုရှိမယ်ဆိုတာတော့ သေချာမသိနိုင်ကြောင်း မြန်မာနိုင်ငံက ကျန်းမာရေးပညာရှင်တစ်ဦးကပြောပါတယ်။
ကိုဗစ်ကူးစက်မှုတွေဟာ မတ်(၁၃)ရက်နောက်ပိုင်းတဖြည်းဖြည်းကျဆင်းပြီး မေလ(၃၁)ရက်နေ့မှာ အနိမ့်ဆုံးအဆင့် ပြန်လည် ရောက်ရှိလာနိုင်တယ်လို့ အဆိုပါအဖွဲ့ရဲ့ ခန်မှန်း တွက်ချက်မှုများအရသိရပါတယ်။ အလားတူပဲ အဲဒီရက်မှာ သေဆုံးမှု ဟာလည်း အနိမ့်ဆုံးသို့ပြန်လည်ရောက်ရှိမယ်လို့ တွက်ချက်ထားကြပါတယ်။
အိုမီခရွန်ကြောင့် ဇန်နဝါရီ စတုတ္ထပတ်ခန့်ကစတင်ခဲ့တဲ့ ကိုဗစ်ကူးစက်မှု စတုတ္ထလှိုင်းဟာ မေလကုန်မှာ ပြီးဆုံးသွားနိုင်တဲ့ အတွက် (၄)လကျော်ခန့်ကြာမြင့်နိုင်တယ်လို့ အဆိုပါခန့်မှန်းခြေပြဇယားတွေအရသိရပါတယ်။
“ကျွန်တော်လည်း အဲဒီလိုပဲစဉ်းစားမိပါတယ်။ မတ်၁၃မတိုင်ခင်မှာတင် အမြင့်ဆုံးတောင်ရောက်သွားနိင်တယ်။ အခုဆို အတည်ပြုလူနာ ၃၀၀၀ကျော်နေပြီ။ကူးစက်မှုနှုန်းကလည်း ၁၀ရာခိုင်နှုန်းကျော်လာပြီ။ ဒီအတိုင်းဆို အိုမီခရွန်ရဲ့ ကူးစက်တဲပုံစံဟာ နှစ်ရက်သုံးရက်အတွင်းနှစ်ဆတက်သွားနိုင်တယ်။ဖေဖော်ဝါရီလကုန်ပိုင်းမှာ အတည်ပြုလူနာ ၅၀၀၀ အထိ တောင်ရှိလာနိုင်တယ်။ သတင်းမပို့တဲ့သူတွေနှင့် ရောဂါလက္ခဏာမပြသူတွေ မခံစားရသူတွေလို ပျောက်ကွယ်နေတဲ့ ကူးစက်မှု တွေလည်းရှိတယ်။ အချို့သူတွေက ကိုယ့်ဘာသာကိုယ် စစ်ကြပြီး ကျန်းမာရေးဌာနကို သတင်းမပို့ကြတော့ဘူး။ကျေးလက်နှင့် အစွန်အဖျားဒေသတွေမှာလည်း ကူးစက်မှုတွေမသိတာတွေရှိနိုင်သေးတယ်” လို့ ကျန်းမာရေးပညာပေးပညာရှင် ဆရာ ဒေါက်တာခင်မောင်လွင်က အဆိုပါ ပညာရှင်အဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုအပေါ် သုံးသပ်ပါတယ်။
ymg/knl
လာမည့်လများအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာတွေ့ရှိနိုင်မှု ခန့်မှန်းခြေဇယား (Source IHME)
လာမည့်လများအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်ကြောင့် နေစဉ်သေဆုံးနိုင်မှုခန့်မှန်းခြေပြဇယား (Source IHME)
#WorldHealth
Published - 20 February 2022
အမေရိကန်မှာ ပြီးခဲ့တဲ့လ အိုမီခရွန်ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့ချိန်မှာ ကိုဗစ်ရောဂါဆိုးရွားစွာခံစားရနိုင်တဲ့လူနာတွေအတွက် ရောဂါကုသဆေးတွေကို ဝယ်ယူရရှိနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ဖိုင်ဇာဆေးဝါးကုမ္ပဏီမှထုတ်တဲ့ ပက်ဇ်လိုဗစ်(Paxlovid)ဆေးအနည်းငယ်သာ ဆေးရုံတွေ ဆေးဆိုင်တွေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
အခု ရောဂါကူးစက်မှုတွေကျဆင်းလာတဲ့အချိန်ကျမှ ဖက်ဒရယ်အစိုးရကမှာယူထားတဲ့ ဆေးဝါးသိန်းပေါင်းများစွာဟာ ဆေးဆိုင်တွေဆီရောက်ရှိလာပြီဖြစ်ပါတယ်။
"အခုအချိန်မှာ ကိုဗစ်ကူးစက်မှုတွေ လျင်မြန်စွာကျဆင်းလာတာကြောင့် ကုသဆေးတွေ သိပ်ပြီးမလိုအပ်တော့ပါဘူး။ လွန်ခဲ့တဲ့ ၃ - ၄ ပတ်လောက်ကသာ ဒီလောက်ဆေးဝါးထောက်ပံ့မှုရခဲ့ရင် အခြေအနေတွေက တစ်မျိုးဖြစ်သွားမှာပါ" လို့ မာဆာချူဆက်စ်ဆေးပညာဆိုင်ရာကော်မတီမှ ဥက္ကဌဖြစ်သူ 'အာဆစ်ဖ်မာချန့်'က ပြောကြားလိုက်ပါတယ်။
ပက်ဇ်လိုဗစ်ဆေးဝါးတွေဟာ ရောဂါပြင်းထန်စွာခံစားရနိုင်တဲ့လူတွေမှာ စောလျင်စွာကုသခြင်းဖြင့် ထိထိရောက်ရောက်ကုသပေးနိုင်တာကြောင့် နိုင်ငံအတွင်း ကိုဗစ်ရောဂါနဲ့အတူ ယှဉ်တွဲနေထိုင်သွားနိုင်ဖို့ အရေးကြီးတဲ့ကဏ္ဍမှာပါဝင်နေကြောင်း 'ဂျိုးဘိုင်ဒန်'ရဲ့အုပ်ချုပ်ရေးအဖွဲ့က ပက်ဇ်လိုဗစ်ဆေးဝါးကို အားကိုးအားထားပြုခဲ့တာဖြစ်ပါတယ်။
ပက်ဇ်လိုဗစ်ဆေးကို ရောဂါလက္ခဏာစပေါ်ပြီး ၅ ရက်အတွင်းအသုံးပြုခြင်းဖြင့် ဆေးရုံတက်ကုသခံယူရမှုနဲ့ အသက်သေဆုံးမှုတို့ကို ၉၀ ရာခိုင်နှုန်းနီးပါးလျှော့ချပေးနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။
ဒါပေမဲ့ ဆေးထုတ်လုပ်ရေးလုပ်ငန်းတွေက လနဲ့ချီအောင်ကြာတတ်ပါတယ်။
နယူးယော့ခ်မြို့ရှိ ဒေသတစ်ခုမှာ ပြီးခဲ့တဲ့ကူးစက်မှုအမြင့်ဆုံးကာလအတွင်း ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ကုသခံယူရသူ ၁၂၂ ဦးရှိခဲ့ရာမှ အခုအခါ ၈ ယောက်သာရှိတော့တာဖြစ်ပါတယ်။
ဒီဇင်ဘာလအတွင်း ဈေးကွက်ထဲစတင်ဝင်ရောက်ချိန်တုန်းက ပက်ဇ်လိုဗစ်ဆေးကို ဝယ်ယူရရှိဖိုအလွန်ခက်ခဲခဲ့ပြီး အခုအခါမှာတော့ အလွယ်တကူရရှိနေပြီဖြစ်ပေမယ့် ဆေးဆိုင်တိုင်းမှာရရှိတာမဟုတ်ဘဲ သတ်မှတ်ထားတဲ့ဆေးဆိုင်တွေမှာသာ ရရှိနေပါတယ်။
ဆေးဝါးတွေက အခုအချိန်မှာ လုံလောက်နေပေမယ့် နောက်ထပ်ကူးစက်မှု ဖြစ်လာခဲ့ရင်တော့ လုံလောက်မှာမဟုတ်ကြောင်း မာဆာချူဆက်စ်ဆေးရုံ ပြင်ပကိုဗစ်လူနာဌာနမှ ဆေးကုသမှုပိုင်းဒါရိုက်တာ 'စကော့ဒရိုင်ဒန်ပီတာဆန်'က သတိပေးလိုက်ပါတယ်။
ပစ္စည်းထောက်ပံ့မှုကနည်းပါးပြီး ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေက ရှုပ်ထွေးတဲ့အတွက် အလျင်အမြန်မထုတ်လုပ်နိုင်ပါဘူး။ပက်ဇ်လိုဗစ်ဆေးက ရောဂါဆိုးရွားနိုင်တဲ့လူတွေကို ကုသပေးနိုင်မှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်တွေတုန်းကလို ကူးစက်မှုတွေများလာရင်တော့ ကာကွယ်နိုင်တော့မှာမဟုတ်ပါဘူး။
ထုတ်လုပ်ရေးကုန်ကြမ်းပစ္စည်းတွေ အလုံအလောက်မရသေးရင်တော့ အခုလိုအခြေအနေပဲဆက်ဖြစ်နေမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
Source: Bloomberg
#WorldHealth
Published - 20 February 2022
ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေတဲ့နိုင်ငံများအတွင်း ကွာရန်တင်းသတ်မှတ်နေထိုင်ချိန် ၁၄ ရက်ကို အချို့အခြေအနေတွေမှာ လျှော့ချလိုရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
ဒီလိုလျှော့ချသတ်မှတ်လိုက်ခြင်းက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေမှာ ဝန်ထုပ်ဝန်ပိုးပိနေတဲ့နေရာတွေအတွက် သက်သာရာရစေမှာဖြစ်ကြောင်း ကုလသမဂ္ဂက ထောက်ခံလိုက်ပါတယ်။
ဥပမာအားဖြင့် ရောဂါစစ်ဆေးပြီးကြောင်းမပြသနိုင်ပါက ၁၀ ရက်ကွာရန်တင်းနေထိုင်နိုင်ပြီး ရောဂါလက္ခဏာမပေါ်တဲ့အပြင် ရောဂါပိုးမရှိကြောင်းစစ်ဆေးချက်ရရှိပါက ကွာရန်တင်းနေထိုင်ချိန်ကို ၇ ရက်အထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။
ကွာရန်တင်းနေထိုင်ချိန်လျှော့ချဖို့အတွက် ရောဂါပိုးစစ်ဆေးခြင်းမပြုလုပ်နိုင်တဲ့နေရာတွေမှာ ရောဂါလက္ခဏာပေါ်မပေါ်ကိုကြည့်ပြီး ဆုံးဖြတ်သွားနိုင်ကြောင်း ဖော်ပြထားပါတယ်။
ထိုကဲ့သို့အခြေအနေတွေမှာ ထိတွေ့ဆက်ဆံခဲ့သူများအား ခြေရာခံစောင့်ကြည့်ခြင်းတို့ကိုလည်း ဖြေလျှော့ဆောင်ရွက်နိုင်ကြောင်း WHO က ဆိုပါတယ်။
ကိုဗစ်ရောဂါပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေထဲက ကျန်းမာရေးဝန်ထမ်းတွေလို ရောဂါကူးစက်နိုင်ချေများသူတွေ၊ ရောဂါအခံရှိပြီး ပြင်းထန်စွာခံစားရနိုင်သူတွေ၊ ကာကွယ်ဆေးမထိုးရသေးတဲ့လူတွေကိုတော့ ဦးစားပေးစစ်ဆေးသွားသင့်ပါတယ်။
အမေရိကန်၊ ဂျာမနီ၊ ဆွစ်ဇာလန်တို့လို နိုင်ငံအချို့မှာ အိုမီခရွန်ကူးစက်မှုပုံစံနဲ့ကိုက်ညီအောင် ကွာရန်တင်းနေထိုင်ချိန်ကို လျှော့ချထားပြီးဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 16 of 24