#Local_News
Published 27 June 2025
▪️ အုတ်တွင်းမြို့နယ်မှ မွေးစားမိဘ၏ မုဒိန်းကျင့် နှိပ်စက်ခဲ့၍ ေ-သဆုံးခဲ့ရသည့် မီးငယ်လေးအမှုမှ တရားခံအား ထောင်ဒဏ် ၂၇ နှစ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပြင် ကြံရာပါဖြစ်သူကို ထောင်ဒဏ် ၂၇ နှစ်ချမှတ်လိုက်ကြောင်းSave The Trees Rescue Teamမှ သိရသည်။
▪️ အဆိုပါ အသက်ငါးနှစ်အရွယ် ကလေးငယ်၏ အမှုကို အုတ်တွင်းရဲစခန်းမှ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ပြီး နောက်ကျူးလွန်သူမွေးစားမိဘနှစ်ဦးကို ချက်ချင်းဖမ်းဆီးချုပ်နှောင်ခဲ့ကာ တရားစွဲဆို ကြားနာနေစဥ် ကလေးငယ်မှာ ဒီဇင်ဘာလအတွင်း၌ ေ-သဆုံးခဲ့ရကြောင်း၊
▪️ ကလေးငယ် ေ-သဆုံးသွားသော်လည်း အမှုမှန်ပေါ်ပေါက်ရန် Save The Trees Rescue Teamမှ ဆက်လက်ကူညီဆောင်ရွက်ခဲ့ရာ ယနေ့ ဇွန်လ၂၇ရက် နေ့လယ် ၂နာရီအချိန်၌ တောင်ငူခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ 'အမှုတည် ဆောက်ထားတဲ့ လမ်းကြောင်းအရတော့ အမြင့်ဆုံးပြစ်ဒဏ်ပေါ့နော် ၊ဒီထက် မြင့်တာလည်းမရှိဘူး၊ တစ်နှစ်နီးပါးလောက်တော့ ကျွန်တော်တို့ကြိုးစားခဲ့ရတယ်၊ လက်ရှိချမှတ်တဲ့ပြသ်ဒဏ်တွေကို ကျေနပ်ပါတယ်၊ ဘာမှတော့ ဆက်ပြောစရာတော့မရှိပါဘူး၊ ကလေးအတွက်လည်း တရားမျှတမှုရှိတယ်လို့ယူဆပါတယ်၊'ဟု လိုက်ပါကူညီဆောင်ရွက်ပေးသူ Save The Trees Rescue Team မှ ဥက္ကဌ ကိုကျော်သူရ က YMG သို့ပြောသည်။
▪️ အဆိုပါ ကွယ်လွန်သူမီးငယ်လေး(အသက်၅နှစ်) အား မုဒိန်းကျင့် နှိပ်စက် ခဲ့သောတရားခံတင်ဇော်၀င်းအား ပုဒ်မ၃၇၆(၃) အရထောင်ဒဏ်တသတ်လွတ်ရက်မရှိကျခံစေရန် ပုဒ်မ၃၂၆(၃)အရ ထောင်ဒဏ် ၂၀နှစ်( သီးခြားစီကျခံရန်)ပုဒ်မ ၃၂၅(၃)အရ ထောင်ဒဏ်၇နှစ် (သီးခြားစီကျခံစေရန်) ၊ကြံရာပါအားပေးကူညီသူတရားခံ မပိုပိုချစ်ပုဒ်မ၃၂၆(၃)အရ ထောင်ဒဏ် ၂၀နှစ် (သီးခြားစီကျခံရန်)ပုဒ်မ ၃၂၅(၃)အရ ထောင်ဒဏ်၇နှစ် (သီးခြာစီကျခံစေရန်)ကျခံစေရန် တောင်ငူခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
▪️ မွေးစားမိဘများမှ ရေနွေးပူဖြင့်လောင်း၊ လက်သီးဖြင့်ထိုးပြီး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့သည့် ကလေးငယ်သည် အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် နေထိုင်သူဖြစ်ပြီး ကလေးငယ်၏ မိဘအရင်းမှာကွဲကွာနေပြီး အဘိုးအဘွားများက စောင့်ရှောက်ခဲ့ကြောင်း၊ နွမ်းပါးသူဖြစ်သောကြောင့် ကလေးငယ်ကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် တစ်ရွာတည်းနေသူ တင်ဇော်ဝင်းနှင့် ဇနီးဖြစ်သူတို့က မွေးစားခဲ့ကြောင်း၊ တစ်နှစ်ခန့်အကြာတွင် ကလေးငယ်မှာ ဦးနှောက်တွင် ငှက်ဖျားပိုးဝင်သည်ဟုဆိုကာတောင်ငူဆေးရုံသို့ မွေးစားမိဘများကပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှဆင်းလာချိန်တွင် ကလေးငယ်ကိုအဘိုးဖြစ်သူက ဒဏ်ရာများနှင့် ပြန်လည်တွေ့ရှိခဲ့သည့်အတွက် Save The Trees Rescue Team သို့ဆက်သွယ်လာရာလိုက်ပါဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကျပ်သိန်းလေးသောင်းကျော်တန်ဖိုးရှိ မျိုးအာလူးအအေးခန်းသိုလှောင်ရုံ တည်ဆောက်ရေးစီမံကိန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်းရှိအောင်ပန်းမြို့မှာ ဆောင်ရွက်သွားမယ်လို့ အောင်ပန်းအာလူးအစုအဖွဲ့က သိရပါတယ်။
#Local_News
Published 27 June 2025
#မျိုးအာလူးအအေးခန်းသိုလှောင်ရုံ #အောင်ပန်းအာလူးအစုအဖွဲ့က
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ လူကုန်ကူးမှု ၆၇ မှုရှိခဲ့ပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့အမှုကအများဆုံး ဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းကော်မတီ အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 27 June 2025
#တရုတ်ဇနီးမယားအဖြစ်ရောင်းစားခံရ #လူကုန်ကူးမှု
#YMG/SW #Yangon_Times
ရန်ကုန်မြို့တွင်းဆိပ်ကမ်းများနဲ့ သီလဝါဆိပ်ကမ်းတွေမှာ ပြေးဆွဲနေတဲ့ ကုန်သေတ္တာတင်မော်တော်ယာဉ်တွေရဲ့ ငှားရမ်းခနှုန်းထားတွေ ယခုလ၁၆ရက်က စတင်ပြီး တိုးမြှင့်ကောက်ခံနေတယ်လို့ သိရပါတယ်။
#Local_News
Published 27 June 2025
#ကွန်တိန်နာကားငှားရမ်းခ #တိုးမြှင့်ကောက်ခံ
#YMG/SW #Yangon_Times
#Local_News
Published 27 June 2025
▪️ ယမန်နေ့ ညပိုင်းက ဒဂုံမြို့နယ် အလုံလမ်းနှင့်ပြည်လမ်းဒေါင့်တွင် ယာဉ်(၂)စီး တိုက်မှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
▪️ ဇွန်လ၂၆ရက် ည၈နာရီ ၄၀မိနစ်အချိန်က ဒဂုံမြို့နယ် အလုံလမ်းနှင့်ပြည်လမ်းဒေါင့် တွင်ယာဉ်(၂)စီးတိုက်မှုဖြစ်ပွားကာလူထိခိုက်မှုရှိကြောင်းသတင်းရရှိသဖြင့် အနာဂတ် အလင်းတန်းပရဟိတအသင်းမှNo.1အရေးပေါ်လူနာတစ်စီးနှင့်No.4ရှာဖွေကယ်ဆယ်ရေးအထောက်ကူပြုယာဉ်တစ်စီးထွက်ခွါကူညီခဲ့ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားရာနေရာ မှ လူနာကျား(၁)ဦး၊ မ(၁)ဦးအားမြေပြင်ကုသမှုများပြုလုပ်၍ အသင်းမှလူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ အခမဲ့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 June 2025
▪️ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၁၃၈၀ ဖွင့်လှစ်ပြီး စုစုပေါင်း ကျောင်းသား ၃၃၈၇၁၃ ဦး တက်ရောက်ပညာသင်ယူနိုင်ခဲ့ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။
▪️ ယမန်နေ့က ရန်ကုန်မြို့မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ (၃၁) ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော်က အဖွင့်ဩဝါဒကထာမြွက်ကြားရာ၌ ထည့်သွင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ မိန့်ကြားရာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၁၃၈၀ ဖွင့်လှစ်ပြီး စုစုပေါင်း ကျောင်းသား ၃၃၈၇၁၃ ဦး တက်ရောက်ပညာသင်ယူနိုင်သည့်အတွက် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေသည့် ပညာရေးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် များစွာအထောက်အကူဖြစ်သည်ကို သိရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွဲမှားမှုများရှိနိုင်သည့်အတွက် အမှားအယွင်းများ မဖြစ်ပေါ်ရအောင် အဆင့်ဆင့်ကြီးကြပ်ခြင်း၊ ညွှန်ကြားခြင်း၊ ညှိနှိုင်းခြင်းများကို ဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
▪️ ထို့အပြင် ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၏ ဆွေးနွေးချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းလျှောက်ထားပြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ကြသည့်အခါ၌ “ခန္တိမေတ္တာနုဒ္ဒယယုတ္တေန ဘဝိတုံဝဋ္ဋတိ” ဟူသော ဇာတ်အဋ္ဌကထာလာစကားတော်ကို နှလုံးသွင်းတော်မူကြလျက်သည်းခံခြင်း၊ ချစ်ခြင်း၊ သနားခြင်းတို့နှင့် ယှဉ်၍လည်းကောင်း၊ မပြတ်မလပ်စည်းဝေးကြခြင်း၊ အကြိမ်များစွာ စည်းဝေးကြခြင်းတို့သည် ကြီးပွားကြောင်း ဖြစ်သည်ဟူသော အပရိဟာနိယဓမ္မတို့ကို နှလုံးသွင်းတော်မူကြ၍လည်းကောင်း ညီညီညွတ်ညွတ်စည်းဝေးဆွေးနွေး ဆောင်ရွက်ကြတော်မူကြရန် အဖွင့်ဩဝါဒကထာမြွက်ကြားသည်။
▪️ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ အကြိမ် (၃၀) မြောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လျှောက်ထား၍ ဆက်လက်ဆောင်ရွက်ရမည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လျှောက်ထားသည်။
▪️ ယင်းနောက် ကြွရောက်လာကြသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဘုန်းတော်ကြီး ကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဆရာတော်များက ညှိနှိုင်းဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လျှောက်ထား၍ မှတ်တမ်းတင်ခြင်း (၂) ရပ်နှင့် ဆုံးဖြတ်ချက် (၅) ရပ်တို့ကို ချမှတ်သည်။
▪️ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော်က နိဂုံးချုပ်ဩဝါဒကထာမြွက်ကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 June 2025
▪️ ၂၄နာရီအတွင်း ချင်းတွင်းမြစ် စိုးရိမ်ရေအမှတ်အထက်သို့ ဆက်လက် ရောက်ရှိနိုင်၍ ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်း၊မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာရှောင်ရှားရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။
▪️ ယနေ့မြန်မာစံတော်ချိန်တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည်
ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၃ခန့် အထိကျော်လွန်နေပြီး နောက်တစ်ရက်အတွင်းစိုးရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းနိုင်ကြောင်း၊ ဖောင်းပြင်မြို့တွင်မူ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ၃ခန့် အထိကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ၃လက်မခန့်အထိဆက်လက်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဟုမ္မလင်းမြို့တွင်းရှိ မြစ်ကမ်းနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်သတိထားနေထိုင်ကြပါရန်နှင့်ဖောင်းပြင်မြို့တွင်းရှိ မြစ်ကမ်းနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်ရေဘေးလွတ်ရာသို့ ရှောင်ရှားနေထိုင်ကြပါရန်သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 June 2025
▪️ ရှမ်းပြည်နယ်အတွင်းဆောင်ရွက်မည့် လမ်း၊ တံတားနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။
▪️ ၂ဝ၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်၊ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများတွင် လမ်း၊ တံတား၊ ရေပေးရေးနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်း တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။
▪️ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများအားစိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် မြန်မာကျပ်ငွေဖြင့်အိတ်ဖွင့်တင်ဒါစနစ်တင်သွင်းနိုင်ကြောင်း၊တင်ဒါလျှောက်လွှာများကိုဇွန်လ (၂၆) ရက်မှ ဇူလိုင် (၂)ရက်နေ့အထိ ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနသို့ ဇူလိုင် ၂ရက်၊ ညနေ (၄)နာရီခွဲ နောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
▪️ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူသည့် စည်ပင်သာယာရေးဌာနများမှာ တောင်ကြီးမြို့နယ်စည်ပင်မှ Lot အရေအတွက် (၂)ခု၊ မူဆယ်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၆)ခု၊ ကလောမြို့နယ်စည်ပင်မှ Lot အရေအတွက်(၃)ခု၊ ကျိုင်းတုံမြို့နယ်စည်ပင်မှ Lot အရေအတွက် (၂)ခု၊ ဆီဆိုင်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ တာချီလိတ်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ မိုင်းရှူးမြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ မိုင်းတုံမြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု၊ ခိုလမ်မြို့နယ်စည်ပင်မှ Lot အရေအတွက် (၁)ခု တိုဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_27 June 2025
▪️ အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေး ဖိအားပေးပိတ်ဆို့မှုများ မှာ ကမ္ဘာ့နိုင် ငံများ၏အခြေခံမူများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
▪️ ယမန်နေ့ ဇွန်လ ၂၆ ရက်က ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီအစည်း အဝေးတွင် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ၏ အခြေခံမူများတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာတူညီမှုနှင့် နယ်နိမိတ်တည်တံ့မှုအပါအဝင် အပြည်ပြည်ဆိုင်ရာဥပဒေများကို လေးစားလိုက်နာခြင်း၊ အမျိုးသားအကျိုး စီးပွားကို လေးစားခြင်းတို့သည် ကမ္ဘာတွင်လက်တွေ့လိုအပ်နေသည့်အရာများပင်ဖြစ်ကြောင်းနှင့် ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများကနိုင်ငံငယ်များအပေါ်နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများ သည် ကမ္ဘာ့နိုင်ငံများ၏အခြေခံမူများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ့အသီးသီးတွင် ရှိသင့်ရှိထိုက်သည့် ကောင်းမွန်သည့်အခြေခံမူများကို အလေးထားပြီး ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင် အထည်ဖော်နေသည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ထောက်ခံကြောင်းလည်း ပြောကြားခဲ့သည်။
▪️ ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် EAEU ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများကို အလေးထားစိတ်ဝင်စားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အဆွေတော်သဘာပတိကြီးနှင့် အဖွဲ့ဝင်နိုင်ငံများ၊ ဥရောပ-အာရှစီးပွားရေးကောင်စီရုံးချုပ်တို့က ဆောင်ရွက်ပေးမည်ဟုလည်း မျှော်လင့်ပါကြောင်းလည်း ပြောကြားခဲ့သည်။
▪️ ယခုစတုတ္ထအကြိမ်မြောက်ဖိုရမ်တွင် ဖိုရမ်၏ ခေါင်းစဉ်ဖြစ်သည့် “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်းညီညွတ်ရေး မဟာဗျူဟာ - ရလဒ်များနှင့် အလားအလာများ”သည် အချိန်အခါနှင့်ကိုက်ညီသည့် ခေါင်းစဉ်ဖြစ်ကြောင်း ကို ပြောကြားလိုကြောင်း၊ အဆွေတော်ဘယ်လာရုစ်သမ္မတကြီး၏ ခေါင်းဆောင်မှုအောက်တွင် စတုတ္ထအကြိမ် မြောက် ဥရောပ-အာရှစီးပွားရေးဖိုရမ်သည် နိုင်ငံများအချင်းချင်းအပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည့် ရလဒ်ကောင်းများ ရရှိစေမည်ကို အပြည့်အဝယုံကြည်ကြောင်း နစက ဥက္ကဌက ပြောသည်။
▪️ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့အကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပ - အာရှစီးပွားရေးကော်မရှင် (EEC) ၏ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထိတွေ့ဆက်ဆံမှုသည် ၂၀၂၃ ခုနှစ်ကစပြီး အရှိန်အဟုန်မြင့်တက်လာခဲ့ကြောင်း၊ ထို စဉ် က ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေး ဖိုရမ်တွင် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း။
▪️ ထို့အပြင် ၂၀၂၄ ခုနှစ်တွင်လည်း ဥရောပ-အာရှစီးပွားရေး ကော်မရှင် (EEC) ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ခဲ့ကြောင်း၊ မြန်မာနှင့် ဥရောပ-အာရှစီးပွားရေးကော်မရှင်အကြား ပူးပေါင်းဆောင်ရွက်မှုစာချွန် လွှာအကောင်အထည်ဖော်ရေးပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးများကို မြန်မာနိုင်ငံ နေပြည်တော်တွင် တစ်ကြိမ်၊ ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့တွင် တစ်ကြိမ်ပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှု တို့ကို မြှင့်တင်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
▪️ မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပ - အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ် အားထက် သန်လျက်ရှိပြီး မြန်မာနိုင်ငံကို ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင်နိုင်ရေးအတွက် အဆွေတော်တို့အနေဖြင့် ထောက်ခံဆောင်ရွက်ပေးရန် လည်း မေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဥရောပ-အာရှ စီးပွားရေးဖိုရမ်ကို ၂၀၂၂ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလျက်ရှိပြီး ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် အဖွဲ့ဝင်နိုင်ငံက ကြီးမှူး၍ ဥရောပ-အာရှဒေသတွင်း စီးပွားရေးပေါင်းစည်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်ရည်ရွယ်၍ ဖိုရမ်တွင်ဆွေးနွေးမည့် ခေါင်း စဉ်များ သတ်မှတ်ကာ ကျင်းပခြင်းဖြစ်ကြောင်း၊ ဖိုရမ်ပထမအကြိမ်ကို ကာဂျစ်စတန်နိုင်ငံဘစ်ရှ်ခက်မြို့တွင် ၂၀၂၂ ခုနှစ်ကလည်းကောင်း၊ ဒုတိယအကြိမ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ၂၀၂၃ ခုနှစ်က လည်းကောင်း၊ တတိယအကြိမ်ကို အာမေးနီးယားနိုင်ငံ ယဲရဗန်မြို့တွင် ၂၀၂၄ ခုနှစ်ကလည်းကောင်း အသီး သီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ - အာရှ စီးပွားရေးဖိုရမ် (EEF 2025) တွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လူပေါင်း ၂၇၀၀ ကျော်ပါဝင်တက် ရောက်၍ မျက်နှာစုံညီအစည်းအဝေးများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ စီးပွားရေးဆွေးနွေးပွဲများဖြင့် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုနှစ်တွင်ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) တွင် မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မျက်နှာစုံညီအစည်းအဝေးတွင် ပါဝင် ဆွေးနွေးခဲ့ကာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံ ဇော်က ဥရောပ-အာ ရှဒေသတွင် ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပေါ်လာစေရေးအတွက် ရွှေ့ပြောင်းသွား လာ ခြင်း၊ ဘက်စုံသယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း နည်းလမ်း များ ဆိုင်ရာ ဆွေးနွေးမှုအစီ အ စဉ်တွင်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီးက စိုက်ပျိုးရေးကဏ္ဍထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပ-အာရှစီး ပွားရေးသမဂ္ဂတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုအစီအစဉ်တွင်လည်းကောင်း အသီးသီးပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_27 June 2025
▪️ တောင်သာမြို့နယ်တွင် PDF များက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား သုံးဦးသေဆုံးကာ သုံးဦးဒဏ်ရာရမှု ဇွန်လ ၂၅ ရက် ညနေ ၄ နာရီ ခွဲခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ မန္တလေး တိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာ နေသူ များဖြစ်ကြသည့် ဦးမျိုးညွန့် (၅၇)နှစ်၊ ဒေါ်မြင့်မြင့်ဝင်း (၅၅)နှစ်၊ မဂျူးကေသာ (၈)နှစ်တို့ သုံးဦး သေဆုံး ခဲ့ပြီး ကိုလှိုင်မျိုးကျော် (၂၃)နှစ်၊ ဒေါ်မာမာ(၃၄)နှစ်နှင့် မောင်ဖုန်းထက်မြတ် (၁)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိခိုက်ဒဏ်ရာရရှိသူများအား မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထု နှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း လည်း သိရသည်။
#Yangon_Times/PP
#World_News
Published 27 June 2025
▪️ အီရန်ကို အမေရိကန် နောက်ထပ်တိုက်ခိုက်လာရင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာအလီခါမီနီက ကြာသပတေးနေ့မှာ ပြောသွားပါတယ်။
▪️ အီရန်နဲ့ အစ္စရေးလ်တို့ကြား အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက် အလီခါမီနီ ပထမဆုံးထုတ်လွှင့်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်က အစ္စရေးလ်ဘက်ကနေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် အသက် ၈၆ နှစ်ရှိပြိဖြစ်တဲ့ ခါမီနီက ကာတာရှိ အကြီးဆုံးအမေရိကန်စခန်းကို တိုက်ခိုက်ခဲ့ပါတယ်။
▪️ ခါမီနီထုတ်လွှင့်ပြောကြားတဲ့နေရာကို ဖော်ပြခြင်းမရှိဘဲ နောက်ခံက အညိုရောင်လိုက်ကာရှိပြီး ဘေးတစ်ဖက်တစ်ချက်မှာ အီရန်အလံနဲ့ ယခင်ခေါင်းဆောင်ဟောင်း ရူဟိုလာခိုမီနီဓာတ်ပုံတို့ ရှိပါတယ်။
▪️ "အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကို အရှုံးပေးခိုင်းရုံကလွဲပြီး တခြားဘာမှ စိတ်ကူးမရှိဘူးဆိုပေမယ့် ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး"လို့ ခါမီနီက ပြောသွားပါတယ်။
▪️ အီရန်အနေနဲ့ ဒေသတဝိုက်ရှိ အမေရိကန်စစ်ဌာနတွေဆီ ရောက်ရှိနိုင်ပြီး စစ်ရေးဆောင်ရွက်နိုင်တဲ့ကိစ္စဟာ ပေါ့သေးသေးမဟုတ်ဘဲ ကြီးမားတဲ့ကိစ္စဖြစ်ပြီး နောက်ထပ်တိုက်ခိုက်လာရင် ဒီလိုကိစ္စမျိုး ထပ်လုပ်ဆောင်သွားနိုင်တယ်လို့ ပြောသွားပါတယ်။
▪️ အီရန်သာ နျူကလီးယားထုတ်လုပ်ရေး အစီအစဉ်ပြန်လည်စတင်ပါက အမေရိကန်အနေနဲ့ ထပ်မံတိုက်ခိုက်သွားနိုင်လားလို့ ထရမ့်ကို သတင်းထောက်များမေးမြန်းရာမှာ တိုက်ခိုက်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။
▪️ ခါမီနီက အမေရိကန်အနေနဲ့ အီရန်နျူကလီးယား စက်ရုံနေရာတွေကို တိုက်ခိုက်ခဲ့ပေမယ့် ဘာမှအောင်မြင်မှု မရခဲ့ဘူးလို့ ဆိုပါတယ်။
#Source: Reuters
#World_Technology
Published 27 June 2025
▪️ လျှပ်စစ်ကားတွေနဲ့ ပတ်သက်ရင် သွားနိုင်တဲ့ အကွာအဝေးကန့်သတ်ချက်က ပြဿနာကြီးတစ်ခု ဖြစ်ပါတယ်။
▪️ အများစုက တစ်ကြိမ်အားသွင်းထားရင် မိုင် ၂၀၀-၃၀၀ လောက်ပဲ သွားနိုင်တာကြောင့် ခရီးဝေးသွားတဲ့အခါ အားသွင်းနေရာတွေရှိနိုင်မယ့် လမ်းကြောင်းတွေကို စီစဉ်ရပါတယ်။
▪️ ယခုတီထွင်မှုကတော့ မိုင် ၃ ထောင်အထိ သွားနိုင်မယ့် လျှပ်စစ်ကားတွေ ဖြစ်လာနိုင်ပါတယ်။
▪️ လတ်တလောနှစ်တွေမှာ လျှပ်စစ်ကားအားသွင်းခြင်း မြန်ဆန်တိုးတက်လာသလို ဘက်ထရီဒီဇိုင်းတွေ ကားဖရိန်တွေကို အဆင့်မြှင့်တင်ပြီး အကွာအဝေး ပိုမိုရောက်ရှိနိုင်အောင် ကြိုးစားနေကြပါတယ်။
▪️ တောင်ကိုရီးယား သုတေသီတွေက ဆီလီကွန်ဖောင်းကြွလာခြင်းကို လျှော့ချဖို့ နည်းလမ်းတွေ့ထားပါတယ်။
▪️ ဒါဟာ ဘက်ထရီတွေအနေနဲ့ လက်ရှိအနေအထားထက် လျှပ်စစ်ဓာတ်အားကို ၁၀ ဆပိုမိုသိုလှောင်နိုင်မှာ ဖြစ်ပါတယ်။
▪️ အခြားအခက်အခဲတွေလည်း ရှိသေးပေမယ့် လျှပ်စစ်ကားတွေ သွားနိုင်မယ့်အကွာအဝေးကို မြှင့်တင်နိုင်ရင် လျှပ်စစ်ကားတွေ ပိုမိုသုံးစွဲလာဖို့ ဖြစ်လာစေမှာပါ။
▪️ ဒီနည်းပညာကတော့ ဘက်ထရီဒီဇိုင်းသစ် ထုတ်လုပ်တာထက် ပိုပြီးကျယ်ပြန့်ပါတယ်။
▪️ ဒီလိုသုတေသနကနေ ဘက်ထရီနည်းပညာဖြင့် ဆိုလာအခြေပြု စွမ်းအင်စနစ်လိုမျိုး အခြားကဏ္ဍတွေမှာလည်း တိုးတက်ချဲ့ထွင်လာနိုင်စေမှာ ဖြစ်ပါတယ်။
#Source: BGR
Page 5 of 1692