၂၇ ဇူလိုင်၊၂၀၂၆
အာကာသယာဉ်မှူးလောင်းများအဖြစ် လက်ရှိအဆင့်အထိ ရွေးချယ်ခံခဲ့ကြရသူများဖြစ်သည့်အတွက် မိဘများနှင့် ထပ်တူများစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှ ပထမဆုံးသောအာကာသယာဉ်မှူးတာဝန် ထမ်းဆောင်ရန်အတွက် ပဏာမရွေးချယ် ထားရှိသောအာကာသယာဉ်မှူးလောင်းများကိုတွေ့ဆုံစဉ်ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ(MSA)က ဆောင်ရွက် ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများအပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ဇူလိုင် ၂၇ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ မြန်မာအာကာသ အေဂျင်စီ (MSA)၌ ကျင်းပပြုလုပ်စဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှ ပထမဆုံးသောအာကာသယာဉ် မှူးတာဝန် ထမ်းဆောင်ရန်အတွက် ပဏာမရွေးချယ်ထားရှိသောအာကာသယာဉ်မှူးလောင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာတွင် ယင်းကဲ့သို့မှာကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ ပထမဆုံးသောအာကာသယာဉ်မှူးများအဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြင်းပြသည့် စိတ်ဆန္ဒများဖြင့်ယခုကဲ့သို့ ဆန္ဒပြုခဲ့ ရွေးချယ်ခြင်းခံခဲ့ကြရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊အဆင့်ဆင့်သော စိစစ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီးနောက်ဆုံးတွင် နိုင်ငံတော် အတွက် ပထမဆုံးသော အာကာသယာဉ်မှူးများကို ရွေးချယ်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော် သမ္မတကဆက်လက်ပြောကြားးသည်။

နိုင်ငံတော်သမ္မတအား အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများက မြန်မာအာကာသအေဂျင်စီပြခန်းဆောင်အတွင်း ပြခန်းတစ်ခုချင်းအလိုက် ပြသ ရှင်းလင်း သည်။
မြန်မာအာကာသအေဂျင်စီမှ အောင်မြင်စွာ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့သည့် MAH-1 ဂြိုဟ်တုစီမံထိန်းချုပ်ရေး စခန်းဆိုင်ရာများ၊ Earth Remote Sensing(ERS) Application Platform အား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ပဲခူးမြို့နယ်၏ သဘာဝပတ်ဝန်းကျင် နှင့် ဒေသ ဖွံ့ဖြိုး ရေးအခြေအနေများအား Earth Remote Sensing နည်းပညာဖြင့် လေ့လာသုံးသပ်တင်ပြချက်များ၊
ADVANCEDROBOTIC SYSTEM ၊ နေအာရုံခံကိရိယာအား အောင်မြင်စွာ ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်မှု အပါအဝင် ဆောင်ရွက်နေသည့်လုပ်ငန်းမျာနှင့်ပြခန်းအလိုက်အချက် အလက်များကို တာဝန်ရှိသူများက နိုင်ငံတော်သမ္မတအားရှင်းလင်းတင်ပြခဲ့သည်။
“မိမိတို့နိုင်ငံ၏ အာကာသနည်းပညာ မြင့်မားတိုးတက်လာစေရေးအတွက် မိမိအနေဖြင့် နိုင်ငံတော်၏ ရေ ရှည်အကျိုးကိုကြည့်၍ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ယခုကဲ့သို့အာကာသနည်းပညာ များ တိုးတက်လာခြင်းဖြင့် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း”လည်း နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

၇ဇွန်၊၂၀၂၆- သုံးစွဲသူများအဆင်ပြေပြီး မသမာမှုများလျှော့ချနိုင်သည့် စမတ်မီတာစနစ်ကို မြန်မာနိုင်ငံ တွင် စတင် အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြိုးပမ်းစီစဉ်နေတယ်လို့ ဝန်ကြီး ဌာနမှ သိရပါတယ်။
ထိုသို့ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင်ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီဂဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားနည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Telematic Solution Co., Ltd အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ဇွန် ၄ ရက်နေ့ကတွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်လျက်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ Telematic Solution Co., Ltd. မှ အမှုဆောင် အရာရှိချုပ် Mr. Vladimir Parshin အား ယမန်နေ့ ညနေပိုင်းတွင် EXPOFORUM Convention and Exhibition Centre ၌ တွေ့ဆုံခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့် Telematic Solution ၏ အမှုဆောင်အရာရှိချုပ်တို့သည် ရုရှား၏ ကိုယ်ပိုင် နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ဒီဂျစ်တယ်နည်းပညာသုံး မီတာဖတ်ယူသည့်စနစ်နှင့် သုံးစွဲသူများက မီတာခများ ပေးဆောင်နိုင်သည့် Smart meter စနစ် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံ၍ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ရန် ကိစ္စရပ်များ၊ လက်ရှိအသုံးပြုနေသည့် စနစ်တွင် ပေါင်းစပ်၍ အဆင့်မြှင့်တင်သွားနိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

စမတ်မီတာအသုံးပြုခြင်းဖြင့် အချိန်နှင့်တပြေးညီ လျှပ်စစ်ဓါတ်အားသုံးစွဲနေမှုများကို သုံးစွဲသူများက မိုဘိုင်းလ်ဖုန်းပေါ်ရှိအက်ပလီကေးရှင်းမှတစ်ဆင့်သိရှိနိုင်ပြီး ယင်းကိုအသုံးပြ၍လည်း လျှပ်စစ် သုံးစွဲခ (မီတာခ)ကို ကြိုတင်ငွေချေစနစ်( Prepaid) နည်းဖြင့်ဖြစ်စေ၊ ယခုလို လစဉ် မီတာခဆောင်သော နည်းလမ်းဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။
ထို့အပြင် မီတာဖတ်ရာတွင် မတိကျမှုများ၊ မသမာမှုဆောင်ရွက်ခြင်းများ စသည့် မလိုလားအပ်သော လေလွင့်ဆုံးရှုံးမှုများနှင့် အခက်အခဲများကိုပါ ဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်းသိရပါတယ်။
------------
၉ မေ၊၂၀၂၆ (တိုကျို)
စစ်မြေပြင်မှာ အဆုံးရှုံးခံ တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေနဲ့ အုပ်စုလိုက် ဝိုင်းရံတိုက်ခိုက်တဲ့ "Swarm Warfare" ဗျူဟာတွေအတွက် ဂျပန်နိုင်ငံဟာ အလွန်ဈေးသက်သာတဲ့ စက္ကူဂျပ်ဖာဒရုန်းတွေကို စတင်အသုံးပြုဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီဒရုန်းတစ်စီးရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂,၀၀၀ ခန့်သာ ရှိတာကြောင့် အဆင့်မြင့် Gaming PC တစ်လုံးရဲ့ ဈေးနှုန်းထက်တောင် ပိုပြီး သက်သာနေတာပါ။
ဘာကြောင့် စက္ကူဂျပ်ဖာကို သုံးတာလဲ
ဒီဒရုန်းတွေကို ဂျပန်အခြေစိုက် ကုမ္ပဏီတစ်ခုက ထုတ်လုပ်တာဖြစ်ပြီး အထူးပြုပြင်ထားတဲ့ စက္ကူဂျပ်ပြား (Cardboard) တွေကို အဓိက အသုံးပြုထားပါတယ်။ ဒါဟာ ကြည့်ရတာ ရိုးရှင်းပေမဲ့ အားသာချက် အများကြီးရှိပါတယ် -
စရိတ်သက်သာခြင်း- ဒေါ်လာ ထောင်သောင်းချီတန်တဲ့ ဒရုန်းတွေထက် အဆပေါင်းများစွာ သက်သာတဲ့အတွက် ရာနဲ့ချီတဲ့ ဒရုန်းတွေကို တစ်ပြိုင်နက်တည်း အသုံးပြုဖို့ လွယ်ကူစေပါတယ်။
ရေဒါ ရှောင်ကွင်းနိုင်ခြင်း- စက္ကူနဲ့ ပြုလုပ်ထားတာကြောင့် ရန်သူ့ရေဒါတွေကနေ ထောက်လှမ်းဖို့ ခက်ခဲစေပါတယ်။
သယ်ယူပို့ဆောင်ရေး- ဒီဒရုန်းတွေကို ပြားချပ်နေတဲ့ အထုပ်လိုက် သယ်ဆောင်သွားနိုင်ပြီး စစ်မြေပြင်မှာမှ မိနစ်ပိုင်းအတွင်း အလွယ်တကူ တပ်ဆင်နိုင်ပါတယ်။
စစ်ဆင်ရေး ဗျူဟာ
ဒီဒရုန်းတွေကို "Expendable" ခေါ် အဆုံးရှုံးခံ တိုက်ခိုက်ရေးယာဉ်တွေအဖြစ် သတ်မှတ်ထားပါတယ်။ အဓိကအားဖြင့် ရန်သူ့ခံစစ်ကို အလုံးအရင်းနဲ့ ဝင်ရောက်နှောင့်ယှက်ဖို့၊ ပစ် မှတ်တွေကို ကာကွယ်ရေးစနစ်တွေ ကုန်ခန်းသွားအောင် လုပ်ဖို့နဲ့ အရေးကြီးတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို ကုန်ကျစရိတ် အနည်းဆုံးနဲ့ ရယူဖို့ ရည်ရွယ်ပါတယ်။
အခုလို စရိတ်နည်း နည်းပညာတွေကို အသုံးချလာတာဟာ ခေတ်သစ်စစ်ပွဲတွေရဲ့ ပုံစံကို သိသိသာသာ ပြောင်းလဲလာစေပြီး၊ နည်းပညာကြီးမားတဲ့ နိုင်ငံတွေကြားမှာ အကုန်အကျသက်သာတဲ့ လက်နက်ဆန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
Source: Tom's Hardware
စက်သုံးဆီမပြတ်လပ်စေရန်နှင့် အမှန်တကယ်လိုအပ်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များတွင် မတ်လ ၁၂ရက်နေ့မှစ၍ Barcode နှင့် QR Code များကို Application ဖြင့် အလို အလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံကို အောက်ပါအတိုင်းဖော်ပြပါတယ်။
စက်သုံးဆီရောင်းချမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေးဆောင်ရွက်သွားမည့်အစီအမံ အသိပေးထုတ်ပြန်ခြင်း
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်
စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ အရောင်းဆိုင်များတွင် တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ် တန်းစီ ဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် အရောင်းဆိုင်များအနေဖြင့် တယ်လီဖုန်း Application ကို အသုံးပြုပြီး စိစစ်ရောင်းချမှုများဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အများပြည်သူဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးနှင့် ပိုမိုရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များမှ Application အသုံးပြုရန်နှင့် Registration ပြုလုပ်ရန် လုံးဝ မလိုအပ်ဘဲ အရောင်းဆိုင်အခြေပြုစိစစ်သည့်နည်းလမ်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မော်တော် ယာဉ်များအတွက် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကို အသုံးပြုပြီး QR Code ထုတ်ပေး၍လည်းကောင်း Application ဖြင့် အလို အလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်ပါသည်။
မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသော Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီများဆက်လက်ရောင်းချပေးမည်ဖြစ်ပါသည်။ အကယ်၍ တစ်ရက်အတွင်း နောက်တစ်ကြိမ် ထပ်မံ ဝယ်ယူရန် မည်သည့်ဆိုင်တွင်မဆို Scan ဖတ်ပါက ၎င်းရက်အတွင်း ပထမအကြိမ်ဝယ်ယူခဲ့မှုကို ဖော်ပြပေး မည်ဖြစ်ကာ ဆီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲ နောက်တစ်ရက်တွင်မှသာ ထပ်မံဝယ် ယူခွင့် ရရှိမည်ဖြစ်ပါသည်။ တစ်ရက်အတွင်း တစ်ကြိမ်ဝယ်ယူပြီးနောက် ထပ်မံတန်းစီဝယ်ယူမှုများမရှိစေရေး စိစစ်တားမြစ် သွားမည်ဖြစ်ပါသည်။
မော်တော်ဆိုင်ကယ်များ၏ Wheel Tax တွင် Barcode မပါရှိသည့်အတွက် အရောင်းဆိုင်တွင် QR Code များထုတ်ယူရမည်ဖြစ်ပါသည်။ ယင်းသို့ ထုတ်ယူနိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် ဆိုင်ကယ်၏ Wheel Tax အား အရောင်းဆိုင်ဝန်ထမ်းသို့ပေးအပ်ပြီး ဝန်ထမ်းမှ Application တွင် ယာဉ် နံပါတ်နှင့် သက်တမ်းကုန်ဆုံးရက်များဖြည့်သွင်းကာ QR Code ထုတ်ပေးမည်ဖြစ်ပါသည်။ ယင်း QR Code ကို ပိုင်ရှင်အနေဖြင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခြင်း သို့မဟုတ် အရောင်းဆိုင်မှ Print ထုတ်ပေးခြင်းဖြင့် ရယူသိမ်းဆည်းထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ စက်သုံးဆီဝယ်ယူသည့်အခါတိုင်း ၎င်း QR Code အား အရောင်းဆိုင်ဝန်ထမ်းသို့ပြသဝယ်ယူနိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်များတွင် စိစစ်သကဲ့သို့ တစ်ရက်အတွင်း ၂ ကြိမ် (သို့မဟုတ်) ၃ ကြိမ်ဝယ်ယူမှုမရှိစေရေး စနစ်မှအလိုအလျောက်စစ်ဆေးရောင်းချပေးသွားမည်ဖြစ်ပါသည်။
အရောင်းဆိုင်များမှ စက်သုံးဆီများစိစစ်ရောင်းချရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားရှိသည့် မူဝါဒ များနှင့်အညီ ယာဉ်အသုံးပြုခွင့် ခွင့်ပြုထားမှုအလိုက် စက်သုံးဆီရောင်းချနိုင်ရေးကိုလည်း တစ်ပါတည်း စစ်ဆေးမည်ဖြစ်ပါသဖြင့် မိမိယာဉ်အသုံးပြုခွင့်ရှိသည့်ရက်များအတွက်သာ စက်သုံးဆီဝယ်ယူခွင့်ရရှိမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
နေပြည်တော်ကောင်စီနယ်မြေ ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် ၁၂-၃-၂၀၂၆ ရက်နေ့မှစတင်၍ စက်သုံးဆီအရောင်းဆိုင်များ၌ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့် နည်းလမ်းကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး စနစ်အား လိုအပ်သောစစ်ဆေးပြုပြင်မှုများဆောင်ရွက် ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်၍ Application ကို အသုံးပြုသွားမည်ဖြစ်ပါသည်။
ပြည်သူများ၏ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးမှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်တန်းစီမှုများလျော့ကျသွားပြီး ပုံမှန်ဖြန့်ဖြူးရောင်းချနိုင်သည့်အခြေအနေသို့ပြန်လည်ရောက်ရှိခဲ့ပါသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း နေပြည်တော်ရှိ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ Online Monitoring Center တွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းစဉ် (Supply Chain) တစ်လျှောက်ကို အချိန်နှင့်တပြေးညီစောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်း၊ စက်သုံးဆီရောင်းချမှု များနှင့်ပတ်သက်၍ မြို့ကြီးများရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချပေးသည့် ယာဉ်အမျိုးအစား နှင့်ယာဉ်နံပါတ်၊ ဆီအမျိုးအစားနှင့်ပမာဏ၊ ရောင်းချပေးသည့်ဈေးနှုန်း စသည်တို့ကိုလည်း အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိခြင်းတို့အပြင် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးကိုလည်း အစီအမံအတိုင်း အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
စွမ်းအင်ဝန်ကြီးဌာန


YANGON, 9 March — In a major expansion of its maritime defense and shipbuilding capabilities, the Myanmar Navy commissioned its largest domestically built frigate and inaugurated a massive 40,000-ton dry dock in Yangon on Sunday morning.
The ceremonies, officiated by Senior General Min Aung Hlaing, Chairman of State Security and Peace Commission and Commander-in-Chief of Defence Services, also included a keel-laying event for a new fleet of anti-submarine vessels. The newly commissioned fleet features the UMS King Thalun , a frigate that marks a historic milestone in the country's indigenous naval manufacturing, alongside several multi-purpose riverine vessels.
The centerpiece of the commissioning, the UMS King Thalun , is now the largest warship entirely constructed by the Myanmar Navy. Prior to commissioning, the frigate successfully completed rigorous sea trials, logging over 270 hours and traversing approximately 3,500 nautical miles to ensure all onboard systems met operational standards.
The newly opened 40,000-ton dry dock, located at the Naval Dockyard Command in Thanlyin, is the largest facility of its kind in Myanmar. It is designed to accommodate and repair both large military warships and commercial cargo vessels. During the event, Senior General Min Aung Hlaing officially activated the facility, laid the keel for upcoming anti-submarine ships, and inspected the shipyard's modern management software systems.
The completion of the 40,000-ton dry dock is the culmination of a project initiated in 2018 aimed at achieving self-reliance in shipbuilding and generating revenue through commercial maritime repairs.
This facility represents the successful completion of the third phase of the Naval Dockyard Command's master development plan. The initial phase ran from 1998 to 2002, followed by a second phase from 2009 to 2013, steadily transforming the shipyard into an international-standard facility capable of supporting a modernizing navy.
In his address, Senior General Min Aung Hlaing framed the naval expansion as a vital necessity for safeguarding Myanmar’s national and economic interests. He emphasized that the nation’s maritime territory extends deep into its Exclusive Economic Zone (EEZ) and sits along crucial global trade routes.
A stronger navy, he noted, is required to protect these shipping lanes, secure deep-sea ports, and safeguard offshore energy and fishery resources. He urged the Navy to continuously study modern naval architecture and maintain the new facilities at full capacity to ensure long-term strategic readiness.
The commissioning ceremony concluded at a naval wharf in Yangon, attended by high-ranking officials including the chiefs of the Army, Navy, and Air Force.
Following the transfer of commissioning pennants and the sounding of the traditional eight bells, Senior General Min Aung Hlaing boarded the UMS Moattama to sign the guestbook. The event closed with a 21-gun salute fired by the UMS Yan Taing Aung and UMS Yan Gyi Aung, after which the Navy Chief presented the Senior General with the first artillery shell casing from the salute as a commemorative token.
#knl/ymg

ရန်ကုန် မတ်၉ — တပ်မတော်(ရေ)၏ ရေကြောင်းကာကွယ်ရေးနှင့် ရေယာဉ်တည်ဆောက်မှုစွမ်းရည်ကို ပိုမိုတိုးချဲ့သည့်အနေဖြင့် ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်ထားသော အကြီးမားဆုံး ဖရီဂိတ် စစ်ရေ ယာဉ်သစ် တပ်တော်ဝင်ခြင်းနှင့် တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်းကျင်းကြီး ဖွင့်လှစ်ခြင်း အခမ်းအနား ကို တနင်္ဂနွေနေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ရေငုပ်သင်္ဘော တိုက် ဖျက်ရေး ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာကိုလည်း တစ်ပါတည်း ကျင်းပခဲ့သည်။
ယခုတပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ် (သာလွန်မင်း) သည် တပ်မတော်(ရေ) သမိုင်းတစ်လျှောက် ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်နိုင်ခဲ့သည့် အရွယ်အစားအားဖြင့် အကြီးမားဆုံး စစ်ရေယာဉ် ဖြစ်သည်။ အဆိုပါရေယာဉ်သည် တပ်တော်မဝင်မီ ခရီးရှည်စမ်းသပ်မောင်းနှင်မှုအဖြစ် နာရီပေါင်း ၂၇၀ ကျော်၊ ရေမိုင် ၃,၅၀၀ ခန့် မောင်းနှင်ခဲ့ပြီး ရေယာဉ်ပေါ်ပါ စနစ်များအားလုံး စံချိန်စံညွှန်းပြည့်မီကြောင်း သေချာစွာ စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။
သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် ဖွင့်လှစ်လိုက်သည့် တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်း ကျင်းသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးဖြစ်ပြီး အရွယ်အစားကြီးမားသော စစ်ရေယာဉ်များနှင့် ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများကို တည်ဆောက်ရန်နှင့် ပြုပြင်ရန် ရည်ရွယ်ထားသည်။ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အဆိုပါလွန်းကျင်းကြီးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ်များတည်ဆောက်ရန် ဧရာခင်းပေးခဲ့ကာ Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုပါ ကြည့်ရှုစစ်ဆေးခဲ့သည်။
ယခု တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်းကျင်းကြီးကို ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်နိုင်ရန်နှင့် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများ ပြုပြင်တည်ဆောက်ပေးခြင်းမှ ဝင်ငွေပြန်လည်ရရှိရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ဤစီမံကိန်းသည် ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ အဆင့်သုံးဆင့်ပါဝင်သော မဟာဗျူဟာစီမံကိန်း၏ တတိယမြောက်နှင့် နောက်ဆုံးအဆင့်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ပထမအဆင့်ကို ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လည်း ကောင်း အကောင်အထည်ဖော်ခဲ့ပြီး ရေတပ်သင်္ဘောကျင်းကို နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် တဖြည်းဖြည်း အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားတွင် ယခုကဲ့သို့ ရေတပ်အင်အားတိုးချဲ့ခြင်းသည် မြန်မာ နိုင်ငံ၏ အမျိုးသားရေးနှင့် စီးပွားရေးအကျိုးအမြတ်များကို ကာကွယ်ရန် မရှိမဖြစ်လိုအပ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။ မြန်မာ့ပင်လယ်ပြင်သည် သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင် အထိ ကျယ်ပြန့်ပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိက ရေလမ်းကြောင်းများပေါ်တွင် တည်ရှိနေကြောင်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြခဲ့သည်။ ထို့ကြောင့် ပင်လယ်ပြင် ဆက်သွယ်ရေးလမ်းကြောင်းများ၊ ရေနက်ဆိပ်ကမ်းများနှင့် ရေထွက်သယံဇာတများကို ကာကွယ်ရန် အင်အားတောင့်တင်းသော ရေတပ်တစ်ခု လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ ဆက်လက် ကျင်းပခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဦးစီးချုပ်များနှင့် အဆင့်မြင့်တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ တပ်တော်ဝင်တံခွန်အလံများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ခေါင်းလောင်းရှစ်ချက်တီးခြင်းစသည့် တပ်တော်ဝင်အစဉ်အလာများ ပြုလုပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ရေယာဉ် (မုတ္တမ) ပေါ်သို့ တက်ရောက်ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ အခမ်းအနားကို စစ်ရေယာဉ် (ရန်တိုင်းအောင်) နှင့် (ရန်ကြီးအောင်) တို့မှ အမြောက် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုကာ ရုပ်သိမ်းခဲ့ပြီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အဆိုပါ ဂုဏ်ပြု ပစ်ခတ်ခဲ့သည့် ပထမဆုံး အမြောက်ကျည်ဆန်ခွံကို အထိမ်းအမှတ်အဖြစ် ဂါရဝပြု ပေးအပ်ခဲ့သည်။
Knl/ymg


၂၆ ဖေဖော်ဝါရီ၊၂၀၂၆
ဆိုဗီယက်ပြည်ထောင်စုနှင့်ရုရှားနိုင်ငံတို့ရဲ့ သူရဲကောင်းဘွဲ့တွေချီးမြှင့်ခြင်းခံခဲ့ရတဲ့ ထင်ရှားသည့် အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich သည် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အာကာသနည်းပညာအကြောင်းတွေကို ဟောပြောပို့ချမှုတွေပြုလုပ်ခဲ့ပါတယ်။
သူဟာ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျောင်းသူ ကျောင်းသားများနှင့် လည်းကောင်း၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ အာကာသပြတိုက်၌ ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး အာကာသနည်းပညာနှင့် အာကာသအတွေ့ အကြုံတွေကို ဟောပြောခဲ့တာဖြစ်ပါတယ်။
Mr. KRIKALEV သည် အာကာသစူးစမ်းလေ့လာရေးခရီးစဉ် (၆) ခုအထိ လိုက်ပါခဲ့ပြီး အာကာသထဲတွင် စုစုပေါင်း ၈၀၃ ရက်၊ ၉ နာရီနှင့် ၃၉ မိနစ် အထိ နေထိုင်ခဲ့ပါတယ်။ ထိုစံချိန်ကို ၂၀၁၅ ခုနှစ်တွင် အခြား ရုရှားအာကာသယာဉ်မှူး Gennady Padalka က မချိုးဖျက်ခင်အချိန်အထိ၊ သူသည် ကမ္ဘာပေါ်တွင် အာကာသထဲ၌ အချိန်အကြာဆုံးနေထိုင်ခဲ့သူအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။
သူသည် အမေရိကန်၏အမျိုးသားအာကာသအေဂျင်စီ(NASA) နှင့် ရုရှား၏ Roscosmos တို့ ပူးပေါင်း ဆောင်ရွက်မှုတွင် အရေးပါသူတစ်ဦးဖြစ်ခဲ့ပါတယ်။ ရုရှား၏ Soyuz အာကာသယာဉ်များသာမက၊ အမေရိ ကန်၏ Space Shuttle (အာကာသလွန်းပျံယာဉ်) များဖြင့်ပါ လိုက်ပါပျံသန်းခဲ့ဖူးသူဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံတကာ အာကာသစခန်း (ISS) သို့ ပထမဆုံးသွားရောက်နေထိုင်ခဲ့သည့် အဖွဲ့ (Expedition 1) တွင်လည်း သူပါဝင်ခဲ့ပါတယ်။
မြန်မာ-ရုရှား အာကာသပူးပေါင်းဆောင်ရွက်မှုများကဲ့သို့သော နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ဆောင် ရသည့် နည်းပညာနှင့် သင်တန်းရေးရာကိစ္စရပ်များတွင် သူသည် Roscosmos ဘက်မှ အဓိကကျသော ဦးဆောင်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်တယ်လို့သိရပါတယ်။
အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich သည် ရုရှား နိုင်ငံပိုင် အာကာသ ကော်ပို ရေးရှင်း (ROSCOSMOS) အထွေထွေညွန်ကြားရေးမှူးချုပ် H.E.BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံသို့ လိုက်ပါခဲ့တာဖြစ်ပါတယ်။
ROSCOSMOS အထွေထွေညွှန်ကြားရေးမှူးချုပ်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာအာကာသ အေဂျင်စီ (MSA) ၌ မြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် ဦးဆောင် တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ရုရှား-မြန်မာအာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။
Page 1 of 24