#Daily_News
Published 13 October 2026
၁။ ကလောမြို့မီးရှော်တိုင်ပွဲတော်ကို နိုဝင်ဘာ (၂၄)ရက်မှစ၍(၆)ရက်ကြာကျင်းပမည်
၂။ နိုဝင်ဘာနှင့်ဒီဇင်ဘာလများတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်း
၃။ ဂျပန်ရောက်မြန်မာများ Form အသစ်ဖြင့်သာလျှောက်ထားရမည်
၄။ တရုတ်တွင် ကိုးကန့်ဒေသကအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် "မိသားစုကြီး ၄ စု" ဖြိုခွဲခံရမှုအကြောင်း မှတ်တမ်းရုပ်ရှင်ထုတ်လွှင့်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင့်တိုင်မြို့နယ်ရှိ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၆ခုနှစ် ပညာသင်နှစ်ကျောင်းသူ၊ကျောင်းသားများ၏ ၂၃ကြိမ်မြောက် အာစရိယပူဇော်ပွဲကို အောက်တိုဘာ(၁၂)ရက်နေ့က သာဓုပရိယတ္တိစာသင်တိုက်၊ရွှေညဝါပညာ့ဗိမာန် သုံးထပ်ကျောင်းဆောင်၌ ကျင်းပခဲ့ပါတယ်။
#Local_News
Published 13 October 2026
#ရန်ကုန်ဗုဒ္ဓတက္ကသိုလ်
#YMG/NN #Yangon_Times
ကေစီရှာမား ရေးသားသည်
နိုင်ငံတကာစီးပွားရေး အခင်းအကျင်းသည် အရေးပါသော အပြောင်းအလဲများကို ဖြတ်သန်းလျက်ရှိသည်။ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍများတွင် ပြိုင်ဆိုင်မှုများ မြင့်တက်လာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများအား မိမိတို့၏ ပြည်ပမိတ်ဖက်ဆက်ဆံရေးများကို ပြန်လည်သုံးသပ်ရန် တွန်းအား ပေးလျက်ရှိသည်။ ရှိနှင့်ပြီးဖြစ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ BRICS ကဲ့သို့သော နိုင်ငံအစုအဖွဲ့များသည်လည်း ဝင်ရိုးစုံကမ္ဘာစနစ်၊ ဖွံ့ဖြိုးရေးဘဏ္ဍာငွေနှင့် ကမ္ဘာ့စီမံအုပ်ချုပ်မှုစနစ်တွင် ထွန်းသစ်စစီးပွားရေးနိုင်ငံများ၏ ပါဝင်ကိုယ်စားပြုမှုတို့နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ၌ ပိုမိုအရေး ပါလာသည်။
မြန်မာနိုင်ငံအတွက် အဆိုပါအပြောင်းအလဲများသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် အခွင့်အလမ်းများ ဖြစ်ပေါ်စေသည်။ နိုင်ငံ၏ ဖွံ့ဖြိုးရေးဦးစားပေးလုပ်ငန်းများကို အကောင်အထည် ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်ရေး၊ အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေးနှင့် ယုံကြည် စိတ်ချရသော စွမ်းအင်ထောက်ပံ့မှုရရှိရေးတို့သည် အရေးပါသော ရည်မှန်းချက်များအဖြစ် ဆက်လက် တည်ရှိနေသည်။ မိတ်ဖက်နိုင်ငံအဆင့်အတန်း ရရှိရေးအပါအဝင် BRICS နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံပူး ပေါင်းခြင်းသည် ဘဏ္ဍာရေး၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နောက်ထပ် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်သည်။
ဤသို့ ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားသင့်သည့် အခြေခံအကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ ရွေးချယ်စရာ များကို ပိုမိုကျယ်ပြန့်စေနိုင်ခြင်းဖြစ်သည်။ ယင်း၏ အကျိုးတန်ဖိုးသည် ပါဝင်ဆောင်ရွက်နိုင်မည့် အတိုင်းအတာ၊ အလားအလာရှိသော မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် သံတမန်ရေး ဆက်ဆံမှုမှတစ်ဆင့် လက်တွေ့အကောင်အထည်ဖော်နိုင်သော စီမံကိန်းများ ဖော်ဆောင်နိုင်မည့် မြန်မာ နိုင်ငံ၏ စွမ်းဆောင်ရည်တို့အပေါ် မူတည်မည်ဖြစ်သည်။ ထို့ကြောင့် BRICS နှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုကျယ်ပြန့်သော စွမ်းအင်လုံခြုံရေးမဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သုံးသပ်သင့်သည်။
ဘဏ္ဍာရေးနှင့် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့ခြင်း
မြန်မာနိုင်ငံ၏ စွမ်းအင်ဦးစားပေးလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်ခြင်းနှင့် နီးကပ်စွာ ဆက်စပ်နေ သည်။ အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိရန် လိုအပ်သည်။ တစ်ချိန်တည်းတွင် လက်ရှိပိတ်ဆို့အရေးယူမှုများနှင့် ပြောင်းလဲလျက်ရှိသော ပြည်တွင်း အခြေအနေများသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ဆက်ဆံပူးပေါင်း မှု အရှိန်အဟုန်နှင့် အတိုင်းအတာတို့အပေါ် သက်ရောက်နိုင်သည်။ ဘဏ္ဍာရေးမိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့ခြင်းက နိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် စွမ်းအင်ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အထောက် အကူပြုနိုင်သည်။
BRICS နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဆက်ဆံ မှုများကို ပိုမိုစုံလင်စေနိုင်သည်။ ကုန်သွယ်ရေး၊ ဘဏ္ဍာငွေရရှိရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များ ထပ်မံဖော်ဆောင်ခြင်းက ပြည်ပဆက်သွယ်ဆောင်ရွက်ရေး လမ်းကြောင်းအနည်းငယ် အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ပြီး ရေရှည်မိတ်ဖက်ဆက်ဆံမှုများ တည်ဆောက်ရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။
BRICS တွင် အီရန်နိုင်ငံ ပါဝင်လာခြင်းသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေ ရသော နိုင်ငံများက အဆိုပါအစုအဖွဲ့အတွင်း ဆက်ဆံရေးများ တိုးချဲ့ရန် စိတ်ဝင်စားကြောင်း ပြသသည့် ဥပမာတစ်ခုဖြစ်သည်။ သို့သော် အီရန်၏ အတွေ့အကြုံကို မြန်မာနိုင်ငံအတွက် တိုက်ရိုက် အသုံးချနိုင်သော ပုံစံတစ်ခုဟု ယူဆ၍မရပါ။ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးအခြေအနေ၊ အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များနှင့် အခြား ပါဝငသည့် နိုင်ငံများအကြား ဆက်ဆံရေးတို့အပေါ် မူတည်မည်ဖြစ်သည်။
အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးဘဏ္ဍာငွေ ပံ့ပိုးပေးရာတွင် ပါဝင်သည့် အခန်းကဏ္ဍကြောင့် ဖွံ့ဖြိုး ရေးဘဏ်သစ် (New Development Bank—NDB) သည်လည်း ဤဆွေးနွေးမှုနှင့် ဆက်စပ်နေသည်။ BRICS နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခြင်းက အနာဂတ်တွင် အဆိုပါဘဏ်နှင့် ဆက်စပ်သော ပူးပေါင်း ဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်နိုင်ခြင်း ရှိ၊ မရှိကို မြန်မာနိုင်ငံအနေဖြင့် လေ့လာနိုင်သည်။ သို့သော် ယင်းအလားအလာများကို သက်ဆိုင်ရာအခြေအနေများနှင့် ချိန်ဆသုံးသပ်ရမည်ဖြစ်ပြီး မိတ်ဖက် နိုင်ငံအဆင့်အတန်း ရရှိခြင်းကို NDB ဘဏ္ဍာငွေ အလိုအလျောက်ရရှိခွင့်နှင့် တူညီသည်ဟု မဖော်ပြ သင့်ပါ။
နိုင်ငံသုံးငွေကြေးများဖြင့် ဘဏ္ဍာငွေ ပံ့ပိုးပေးရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ စီးပွားရေးအရ အကောင်အထည်ဖော်နိုင်သည့် အခြေအနေတွင် ယင်းက ငွေပေးချေမှုအစီအစဉ်များကို ပိုမိုစုံလင်စေပြီး နိုင်ငံခြားငွေလဲနှုန်းနှင့် ဆက်စပ်သော အန္တရာယ်အချို့ကို လျှော့ချနိုင်သည်။ ထိရောက်မှုမှာ ငွေကြေး တည်ငြိမ်မှု၊ ငွေဖြစ်လွယ်မှုနှင့် ငွေချေးသူများ၊ ပစ္စည်းပေးသွင်းသူများ၏ လိုလားချက်တို့အပေါ် မူတည် မည်ဖြစ်သည်။
အလားတူ ရှင်းလင်းစွာ သတ်မှတ်ထားသော စီမံကိန်းဖွဲ့စည်းပုံများနှင့် သင့်လျော်သော အငြင်းပွားမှု ဖြေရှင်းရေး အစီအစဉ်များက ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သည်။ ယင်းယန္တရား များကို သေချာစွာ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပြီး နိုင်ငံရေး၊ ဘဏ္ဍာရေး သို့မဟုတ် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အန္တရာယ်များကို အလုံးစုံဖယ်ရှားပေးနိုင်မည်ဟုတော့ မယူဆသင့်ပါ။
နိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသော စွမ်းအင်ကူးပြောင်းရေး
BRICS ၏ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်တွင် ဖော်ပြထားသော စွမ်းအင်ဆိုင်ရာ ချဉ်းကပ်မှု၏ အဓိက လက္ခဏာတစ်ရပ်မှာ နိုင်ငံအသီးသီး၏ အခြေအနေများနှင့် ဖွံ့ဖြိုးရေးဦးစားပေးလုပ်ငန်းများကို ထည့်သွင်း စဉ်းစားသည့် စွမ်းအင်ကူးပြောင်းရေးကို အလေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် ဤမူသည် လက်တွေ့အရ ဆက်စပ်အရေးပါသည်။ စွမ်းအင်မူဝါဒသည် လက်ရှိလျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း ရေရှည်ခေတ်မီတိုးတက်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကိုလည်း အထောက်အကူပြုရမည်ဖြစ်သည်။
ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အားသည် စက်မှုလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် အိမ်ထောင်စုများ၏ လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် စွမ်းအင်ကူးပြောင်းရေး မူဝါဒ များတွင် ကုန်ကျစရိတ်ကို တတ်နိုင်ခြင်း၊ ထောက်ပံ့မှုအဆက်မပြတ်ရှိခြင်းနှင့် နည်းပညာအသစ်များကို လက်ခံအသုံးချနိုင်မည့် လျှပ်စစ်ဓာတ်အားစနစ်၏ စွမ်းရည်တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ဤမူဘောင်အတွင်း ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့အပါအဝင် သမားရိုးကျလောင်စာများသည် အဆင့်လိုက်ကူးပြောင်းရေးကာလတွင် ဆက်လက်ပါဝင်နေဖွယ်ရှိသည်။ ယင်းတို့ကို ဆက်လက်အသုံးပြု ခြင်းနှင့်ပတ်သက်၍ ထောက်ပံ့မှု၏ ယုံကြည်စိတ်ချရမှု၊ စီးပွားရေးအရ တွက်ခြေကိုက်မှု၊ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုနှင့် အစားထိုးရွေးချယ်စရာများ ရရှိနိုင်ခြင်းတို့နှင့် ချိန်ဆသုံးသပ်သင့်သည်။
တဖြည်းဖြည်းချင်း ကူးပြောင်းသည့် ချဉ်းကပ်မှုက မြန်မာနိုင်ငံအား လျှပ်စစ်ဓာတ်အားကွန်ရက် အားကောင်းစေရန်၊ ပိုမိုသန့်ရှင်းသော ဓာတ်အားထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန်နှင့် စွမ်းအင်အသုံးချမှု ထိရောက်စေရန် အချိန်ပေးနိုင်သည်။ သို့သော် လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆောင်ရွက် သည့် အစီအမံများက နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးလိုအပ်ချက်များကိုပါ အထောက်အကူပြုစေရန် အဆင့် လိုက်ဆောင်ရွက်မှုတွင် ရှင်းလင်းသော ရည်မှန်းချက်များ ပါရှိသင့်သည်။
BRICS နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အတွေ့ အကြုံဖလှယ်ရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ မူဝါဒပိုင်းအရ ရရှိနိုင်မည့် အကျိုးကျေးဇူးမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ ကုန်ကျစရိတ်တတ်နိုင်ပြီး စနစ်တကျရှိသော စွမ်းအင် ကူးပြောင်းရေးကို ပိုမိုပြောင်းလွယ်ပြင်လွယ် ရေးဆွဲနိုင်ခြင်းဖြစ်သည်။
စွမ်းအင်နည်းပညာများ ရရှိနိုင်မှု တိုးချဲ့ခြင်း
သမားရိုးကျစွမ်းအင် လိုအပ်ချက်များကို အသိအမှတ်ပြုခြင်းနှင့်အတူ BRICS နိုင်ငံများတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားနည်းပညာများဆိုင်ရာ အင်အားကောင်းသော စွမ်းဆောင်ရည်များလည်း ရှိနေသည်။ အစုအဖွဲ့၏ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး လမ်းပြအစီအစဉ်တွင် ပူးတွဲသုတေသန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဖော်ပြထားသည်။
အဆိုပါစွမ်းဆောင်ရည်များသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များနှင့် ဆက်စပ် နေသည်။ တရုတ်နိုင်ငံသည် ဆိုလာပစ္စည်းထုတ်လုပ်မှု၊ ဘက်ထရီနှင့် ဆက်စပ်ထောက်ပံ့ရေး ကွင်းဆက်များတွင် အားကောင်းသော အနေအထားရှိသည်။ ရုရှားနိုင်ငံတွင် အဆင့်မြင့်နျူကလီးယား နည်းပညာများ ရှိပြီး ဘရာဇီးနိုင်ငံတွင် ဇီဝလောင်စာဆိုင်ရာ အတွေ့အကြုံများစွာ ရှိသည်။ ယင်းနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက မြန်မာနိုင်ငံအတွက် ထည့်သွင်းစဉ်းစားနိုင်သော နည်းပညာနှင့် စက်ကိရိယာအမျိုးအစားများကို ပိုမိုကျယ်ပြန့်စေနိုင်သည်။
သို့သော် ယင်းတို့ကို ရရှိအသုံးချနိုင်ခြင်းသည် တိကျသော သဘောတူညီချက်များ၊ ဘဏ္ဍာငွေဆိုင်ရာ အစီအစဉ်များနှင့် စီမံကိန်း၏ သင့်လျော်မှုတို့အပေါ် မူတည်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နည်းပညာများကို ကုန်ကျစရိတ်၊ လိုအပ်သော အခြေခံအဆောက်အအုံ၊ အကောင်အထည်ဖော်ရန် ကြာ ချိန်နှင့် ပြည်တွင်းလုပ်ငန်းလည်ပတ်နိုင်စွမ်းတို့အပေါ် အခြေခံ၍ သုံးသပ်ရန် လိုအပ်သည်။
ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အားရရှိမှု တိုးတက်စေရေး အစီအစဉ်များအတွင်း ဆိုလာ ဓာတ်အားထုတ်လုပ်မှုနှင့် စွမ်းအင်သိုလှောင်မှုတို့ကို ထည့်သွင်းစဉ်းစားနိုင်သည်။ ဇီဝလောင်စာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြည်တွင်းအရင်းအမြစ် အခြေအနေများနှင့် ချိန်ဆသုံးသပ်နိုင်သည်။ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်မူ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်၊ ဘဏ္ဍာငွေနှင့် ရေရှည်လုပ်ငန်းလည်ပတ်မှု တာဝန်များကို အထူးဂရုပြု သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။
နည်းပညာပူးပေါင်းဆောင်ရွက်ရေး၏ အခိုင်မာဆုံး အခြေခံမှာ ပြည်ပကျွမ်းကျင်မှုများကို ရှင်းလင်းစွာ သတ်မှတ်ထားသော နိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီစွာ အသုံးချခြင်းဖြစ်သည်။ ကုန်ကျစရိတ် တတ်နိုင်သော စက်ကိရိယာများသည် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ ပြုပြင်ထိန်းသိမ်းနိုင်စွမ်းနှင့် ရေရှည်လည် ပတ်မှုကို အထောက်အကူပြုသည့် အစီအစဉ်များနှင့် တွဲဖက်လာသည့်အခါ ပိုမိုအကျိုးရှိမည်ဖြစ်သည်။
ထောက်ပံ့ရေးကွင်းဆက်များ၏ ခံနိုင်ရည် အားကောင်းစေခြင်း
BRICS သည် အဓိကစွမ်းအင်တင်ပို့သည့် နိုင်ငံများနှင့် စွမ်းအင်သုံးစွဲမှု များပြားသော စီးပွားရေး နိုင်ငံများကို စုစည်းထားသည်။ ဤဖွဲ့စည်းမှုသည် စွမ်းအင်ထောက်ပံ့မှု လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကုန်သွယ်ရေးတို့ကို ဆွေးနွေးရန် အသုံးဝင်နိုင်သော ပူးပေါင်းဆောင်ရွက်ရေး အခင်းအကျင်း တစ်ခု ဖြစ်စေသည်။
မြန်မာနိုင်ငံအတွက် ဤကွန်ရက်အတွင်း ပိုမိုနီးကပ်သော ဆက်ဆံရေးများ တည်ဆောက်ခြင်းက ပေးသွင်း(ထောက်ပံ့)သူများ ပိုမိုစုံလင်လာစေရေးနှင့် မရှိမဖြစ်လိုအပ်သော စွမ်းအင်အရင်းအမြစ်များ ရရှိနိုင်မှု အားကောင်းစေရေးတို့ကို အထောက်အကူပြုနိုင်သည်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သည့် လမ်းကြောင်းများအပါအဝင် ရှိနှင့်ပြီးဖြစ်သော ထောက်ပံ့ရေးလမ်းကြောင်းများတွင် ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် အနှောင့်အယှက်ဖြစ်ပေါ်သည့်အခါ ယင်းပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအရေး ပါလာနိုင်သည်။
သို့ရာတွင် သံတမန်ရေးအစုအဖွဲ့တစ်ခု၌ ပါဝင်ခြင်းတစ်ခုတည်းက စွမ်းအင်ပေးပို့မှု အဆက်မပြတ်ရှိရေး သို့မဟုတ် နိုင်ငံတကာဈေးနှုန်း အတက်အကျများမှ ကာကွယ်နိုင်ရေးကို အာမခံပေးနိုင်မည်မဟုတ်ပါ။ လက်တွေ့ထောက်ပံ့မှု လုံခြုံရေးသည် လောင်စာရရှိနိုင်ခြင်း၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက် အအုံ၊ စီးပွားရေးစာချုပ်များနှင့် ပေးပို့မှုအစီအစဉ်များ၏ ခံနိုင်ရည်တို့အပေါ် မူတည်သည်။
ထို့ကြောင့် လက်တွေ့ရည်မှန်းချက်မှာ ပိုမိုကျယ်ပြန့်ပြီး အားထားနိုင်သော ထောက်ပံ့ရေးကွန်ရက်တစ်ခု ဖော်ဆောင်ရန်ဖြစ်သင့်သည်။ BRICS နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် စီးပွားရေးအရ အကောင်အထည်ဖော်နိုင်သော သဘောတူညီချက်များနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံ များအတွက် ရင်းနှီးမြှုပ်နှံမှုတို့မှတစ်ဆင့် ယင်းရည်မှန်းချက်ကို အထောက်အကူပြုနိုင်သည်။
ထောက်ပံ့ရေးအရင်းအမြစ်များ ပိုမိုစုံလင်လာစေရေးတွင် ပေးသွင်းသူအနည်းငယ်အပေါ် စုစည်းမှီခိုမှု ကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကိုလည်း အလေးထားရန် လိုအပ်သည်။ မြန်မာနိုင်ငံ၏ စွမ်းအင် မဟာဗျူဟာသည် ဈေးကွက်အခြေအနေများနှင့် ပေးသွင်းသူတစ်ဦးချင်းစီ၏ အခြေအနေများ ပြောင်းလဲ လာသည့်အခါ လိုက်လျောညီထွေ တုံ့ပြန်နိုင်မည့် အနေအထားကို ထိန်းသိမ်းထားသင့်သည်။
လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေးမူဘောင်
BRICS ၏ မိတ်ဖက်နိုင်ငံအဆင့်အတန်း ရရှိရေး ကြိုးပမ်းခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ရန် သင့်လျော်သော ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်သည်။ ဖြစ်နိုင်ခြေရှိသော အကျိုး ကျေးဇူးများတွင် စွမ်းအင်ဆိုင်ရာ ဆက်ဆံရေး ပိုမိုအားကောင်းလာခြင်း၊ နည်းပညာရရှိနိုင်မှု ကျယ်ပြန့် လာခြင်းနှင့် ဖွံ့ဖြိုးရေးဘဏ္ဍာငွေ ရရှိရေးအတွက် နောက်ထပ်အခွင့်အလမ်းများကို လေ့လာနိုင်ခြင်းတို့ ပါဝင်သည်။
ယင်းအကျိုးကျေးဇူးများကို လက်တွေ့ရရှိရန် ဦးတည်ချက်ရှင်းလင်းသော လုပ်ငန်းအစီအစဉ်တစ်ရပ် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဦးစားပေးစီမံကိန်းများ သတ်မှတ်ခြင်း၊ ဘဏ္ဍာငွေဆိုင်ရာ စည်းကမ်းချက်များ သုံးသပ်ခြင်းနှင့် ယုံကြည်စိတ်ချရသော အကောင်အထည်ဖော်ရေး အစီအစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်သည်။ ပြည်တွင်းတည်ငြိမ်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲနိုင်စွမ်းတို့သည် ပြည်ပပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရေးအတွက် အဓိကကျနေမည်ဖြစ်သည်။
BRICS နှင့် ဆက်ဆံပူးပေါင်းမှုကို ဒေသတွင်းမိတ်ဖက်များ၊ အခြားဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အပြု သဘောဆောင်သော ဆက်ဆံရေးများ ဆက်လက်ထိန်းသိမ်းသည့် ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်း ဖော်ဆောင်နိုင်သည်။ မိတ်ဖက်ဆက်ဆံမှုများ စုံလင်သော သံတမန် ရေးနှင့် စီးပွားရေးမဟာဗျူဟာက မြန်မာနိုင်ငံအား မိမိ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အစီအစဉ် များ ဖော်ဆောင်ရန် ပိုမိုကျယ်ပြန့်သော အခွင့်အလမ်း ပေးနိုင်သည်။
BRICS နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကို စဉ်းစားသင့်သည့် အခိုင်မာဆုံး အကြောင်းရင်းမှာ စွမ်းအင်နှင့် ဘဏ္ဍာငွေဆိုင်ရာ လိုအပ်ချက်များ မြင့်မားနေချိန်တွင် လက်တွေ့ရွေးချယ်စရာများ တိုးချဲ့ ပေးနိုင်ခြင်းဖြစ်သည်။ လက်တွေ့နှင့်ကိုက်ညီသော မျှော်မှန်းချက်များ၊ သေချာစွာရွေးချယ်ထားသော စီမံကိန်းများနှင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်မှုတို့ ရှိပါက ပိုမိုနီးကပ်သော ပူးပေါင်း ဆောင်ရွက်မှုသည် ခံနိုင်ရည်ရှိသည့် စွမ်းအင်စနစ်တစ်ရပ်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအခြေအနေများနှင့် ကိုက်ညီသော စွမ်းအင်ကူးပြောင်းရေးကို အထောက်အကူပြုနိုင်သည်။
ဝင်ရိုးစုံပိုမိုဖြစ်ပေါ်လာနေသည့် ကမ္ဘာတွင် ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အား၊ ကုန်ကျစရိတ် တတ်နိုင်သော စွမ်းအင်နှင့် ရေရှည်အသုံးခံသော အခြေခံအဆောက်အအုံများ ဖော်ဆောင်ပေးနိုင်သည့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို အထောက်အကူပြုမည်ဖြစ်သည်။ BRICS နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသည် ယင်းရည်မှန်းချက်များသို့ ဦးတည်နိုင်သော လမ်းကြောင်းတစ်ခု ဖြစ်ပြီး ၎င်း၏ အကျိုးတန်ဖိုးကို နောက်ဆုံးတွင် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများအတွက် ရရှိလာသော လက်တွေ့အကျိုးကျေးဇူးများဖြင့် တိုင်းတာသင့်ကြောင်းသုံးသပ်ရေးသားရပါသည်။
(ဘာသာပြန်ဆောင်းပါး)
#World_News
Published 13 October 2026
■ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့လေဆိပ်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လေးကြိမ်မက တိုက်ခိုက်ခံခဲ့ရလို့ အနည်းဆုံး လူ ၁၈ ယောက် သေဆုံးပြီး ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
■ သေဆုံးဒဏ်ရာရမှုတွေမဖြစ်ခင် အစိုးရရဲ့ အရေးပေါ်သတိပေးစနစ်ကနေ ပြည်သူတွေကို ဘာသတိပေးချက်မှ ထုတ်ပြန်မပေးခဲ့ပါဘူး။
■ အစိုးရဘက်ကလည်း ဘာလို့သတိပေးချက် မထုတ်ခဲ့ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြောကြားခြင်း မရှိသေးပါဘူး။
■ စစ်ပွဲဖြစ်နေပေမဲ့လည်း နိုင်ငံအတွင်း ပုံမှန်အတိုင်း အေးအေးချမ်းချမ်း ရှိနေတယ်ဆိုတာကို ပြည်သူတွေနဲ့ နိုင်ငံတကာကို ပြချင်တာကြောင့် အခုလိုသတိပေးချက်မထုတ်ဘဲ ထားတာလို့ ပညာရှင်တွေနဲ့ အနောက်နိုင်ငံအရာရှိတွေကသုံးသပ်ကြပါတယ်။
■ မဟာမိတ်အနောက်နိုင်ငံအရာရှိတွေက ဘာလို့သတိပေးချက် မထုတ်တော့တာလဲလို့ မေးမြန်းခဲ့ရာမှာ ဆော်ဒီဘက်က "အသံတွေက အနှောင့်အယှက်ဖြစ်လွန်းလို့နဲ့ ညဘက်ပြည်သူတွေ အိပ်ရေးပျက်တယ်ဆိုပြီး တိုင်ကြားတာတွေရှိလို့" ဆိုပြီးပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။
■ အစိုးရက ပြည်သူတွေကို သတိပေးချက်မထုတ်ခဲ့ပေမဲ့ အနောက်နိုင်ငံသံရုံးတွေကတော့ တိုက်ခိုက်မှုတွေ မဖြစ်ခင် လျှို့ဝှက်သတင်းအချက်အလက်တွေကိုသုံးပြီး သူတို့ဝန်ထမ်းတွေကို သီးသန့်သတိပေးချက်တွေ ထုတ်ပြန်ပေးခဲ့ကြပါတယ်။
■ ဒါပေမဲ့ အသေအပျောက်များခဲ့တဲ့ စနေနေ့ လေဆိပ်တိုက်ခိုက်မှုမှာတော့ သံရုံးတွေလည်း ကြိုတင်သတိပေးချက်မရရှိခဲ့ပါဘူး။
Source-Reuters
#Local_News
Published 13 October 2026
■ ၂၀၂၆ခုနှစ် (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲပဉ္စမနေ့ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာကျောက်မျက်အတွဲ ၇၀ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
■ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက်သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့်ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုစစ်ဆေးကြရာပြပွဲ၌ ကျောက်မျက်အတွဲပေါင်း ၁၆၀ ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း ၇၀ ရောင်းချခဲ့ရကြောင်း ကြေညာပေးသည်။
■ ထို့အပြင် မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ ကျောက်ခင်းကွင်းနေရာအလိုက် ကျောက်စိမ်းအတွဲများခင်းကျင်းပြသထားမှုနှင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကျောက်စိမ်းအတွဲများအတွက် ဈေးနှုန်းပေးသွင်းလွှာများအား တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားသည်။
■ ပြပွဲဆဋ္ဌမနေ့တွင် အုပ်စု(အေ)နှင့်အုပ်စု(ဘီ)မှ ကျောက်စိမ်းအတွဲများအနက် အတွဲအမှတ်(၁)မှ (၅၅၀)အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ရာ အဆိုပါကျောက်စိမ်းအတွဲများအတွက် ရောင်းချရသည့်အတွဲများကို အောက်တိုဘာ ၁၃ ရက်တွင် ကြေညာပေးသွားမည်ဖြစ်သည်။
■ ပြပွဲတွင်ကျောက်စိမ်းအတွဲပေါင်း ၃၀၇၃ တွဲကို ကျောက်ရည်ကျောက်သွေးကောင်းမွန်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင်မှုစသည့်အခြေအနေများအရ အုပ်စု(အေ၊ ဘီ)နှင့် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်အတွက် အုပ်စု(စီ)ဟူ၍ အုပ်စုသုံးစုခွဲခြားထားခြင်းဖြစ်ပြီး အုပ်စု(အေ)နှင့်(ဘီ) ကျောက်စိမ်းအတွဲပေါင်း ၁၆၀၅ တွဲကို အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိလည်းကောင်း၊ အုပ်စု(စီ) ကျောက်စိမ်းအတွဲပေါင်း ၁၄၆၈ တွဲကို အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်အထိလည်းကောင်း ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။
■ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းစေရန်နှင့် ကျောက်မျက်သယံဇာတများကို ရေရှည်တည်တံ့အောင် စနစ်တကျစီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၆ ခုနှစ် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၇ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 October 2026
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၉)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် ၈ နာရီခွဲ၌ ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တွင်လည်းကောင်း ၃၃ ရက် တိုင်တိုင်ကျင်းပမည်ဖြစ်ပါ၍ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့၊ ညွှန်ကြားရေးမှူး ဖုန်း ၀၉-၄၄၂၂၂၂၄၈၄၊ ဒုတိယညွှန်ကြားရေးမှူး ဖုန်း ၀၉-၄၃၀၆၇၁၆၈ တို့သို့ ဆက်သွယ်၍ ထာဝရကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရသည်။
■ ထို့အပြင် ဖွင့်ပွဲအခမ်းအနားနှင့် စာပြန်ပွဲသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီး နှစ်ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒဩဝါဒါစရိယ ဆရာတော်ကြီး ကိုးပါး၊ ပုစ္ဆကဆရာတော် လေးပါး၊ ကြီးကြပ်ရေးဆရာတော် လေးပါး၊ စာထောက်စာမဆရာတော်အပါး ၁၇၀၊ အာဂုံပြန်စာရင်းသွင်း သံဃာ ၂၈၆ ပါး၊ သဘောရေးဖြေ စာရင်းသွင်းသံဃာ ၂၆၇ ပါး စုစုပေါင်း ၇၄၂ ပါးတို့ ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 October 2026
■ ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးစီးခဲ့သူများအနက် ပြည်ပတွင် အလုပ်လုပ်ကိုင်လိုသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမဆုံးအဖြစ် တစ်ဦးကို မလေးရှားနိုင်ငံသို့ အောက်တိုဘာ ၇ ရက်တွင် စေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
■ အဆိုပါ ပြည်သူ့စစ်မှုထမ်းတစ်ဦးကို Golden Plant Services Co., Ltd. ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါနိုင်ငံ၌ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။
■ အလုပ်သမားဝန်ကြီးဌာနသည် ပြည်သူ့စစ်မှုထမ်းတာဝန်ပြီးဆုံးသူများအနက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများအတွက် ၎င်းတို့ဆန္ဒပြုသည့် နိုင်ငံများတွင် အလုပ်အကိုင်ရရှိစေရန် မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လိုင်စင်ရအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
■ ထို့ပြင် အလုပ်အကိုင်ရှာဖွေပေးခြင်း၊ အရည်အချင်းစိစစ်ခြင်း၊ ကျွမ်းကျင်မှုသင်တန်းများ ပို့ချခြင်းနှင့် ပြည်ပသို့ စေလွှတ်ခြင်းတို့ကို သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ဆောင်ခသက်သာစေရန် သို့မဟုတ် အလုပ်ရှင်၏ ကုန်ကျစရိတ်ဖြင့် သွားရောက်လုပ်ကိုင်နိုင်ရန်လည်း စီစဉ်ပေးလျက်ရှိကြောင်းသိရသည်။
■ လက်ရှိတွင် ထိုင်းနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများသို့ ငါးဦးနှင့် မလေးရှားနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများသို့ ငါးဦး စေလွှတ်နိုင်ရေးအတွက်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 13 October 2026
■ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တဲ့အခါ ဘာတွေလုပ်ရမလဲဆိုတာကို ကျွန်တော်တို့ တော်တော်များများ သိပြီးသားပါ။
■ ဆန်ဖြူအစား ဆန်နီ/ဆန်ညို စားတာ၊ ပေါင်မုန့်အဖြူအစား ဂျုံကြမ်း ပေါင်မုန့်ကို ရွေးတာ၊ သကြားဓာတ်များတဲ့ စီရီယယ်လ်တွေအစား အုတ်ဂျုံ နဲ့ အစားထိုးတာမျိုးပေါ့။ ဒါတွေက အကြိမ်ပေါင်း ရာနဲ့ချီ ကြားဖူးနေကျ ကိစ္စတွေပါ။
■ ဒါပေမဲ့ အခုအခါမှာတော့ သုတေသီတွေဟာ သုတေသန လေ့လာမှုပေါင်းမြောက်မြားစွာကို ပေါင်းစပ်လေ့လာခဲ့ကြပြီး ကောက်နှံစေ့အပြည့်အစုံ တွေကို စားသုံးတာဟာ နှလုံးကျန်းမာရေးအတွက် ဘယ်လောက်အထိ အမှန်တကယ်ထူးခြားမှု ရှိစေသလဲဆိုတာနဲ့ မနက်စာ စားပွဲမှာ "လုံလောက်တဲ့ ပမာဏ" ဆိုတာ ဘယ်လောက်အတိုင်းအတာကို ပြောတာလဲဆိုတာကို ပိုမို ရှင်းရှင်းလင်းလင်းဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
■ European Heart Journal မှာ မကြာသေးမီက ဖော်ပြခဲ့တဲ့ ပေါင်းစပ်လေ့လာဆန်းစစ်ချက် (meta-analysis) ကြီးတစ်ခုအရ တစ်နေ့ကို Whole Grain ပမာဏ ၆၀ ဂရမ်ကနေ ၁၀၀ ဂရမ်အထိ စားသုံးသူတွေဟာ နှလုံးကျန်းမာရေးအတွက် အဓိကကျတဲ့ အချက်တွေမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာတာကို တွေ့ရှိရပါတယ်။
■ အဲဒါတွေကတော့ ကိုလက်စထရော ကျဆင်းတာ၊ သွေးသကြားဓာတ် ပိုမိုကောင်းမွန်လာတာ၊ ခါးအတိုင်းအတာ သေးသွားတာ၊ သွေးတိုးကျသွားတာနဲ့ ဝိတ်ကျသွားတာတွေပဲ ဖြစ်ပါတယ်။
■ ညတွင်းချင်း ချက်ချင်းကြီး ထူးခြားပြောင်းလဲသွားတာမျိုး မဟုတ်ပေမဲ့ ရလဒ်တွေက စုစည်းပေါင်းစပ်သွားတာပါ။
■ မူအားဖြင့်တော့ ကောက်နှံစေ့အပြည့်အစုံတွေဟာ နှလုံးရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ်အချက်အလက် အများအပြားကို တစ်ပြိုင်နက်တည်း ကောင်းမွန်တဲ့ ဘက်ဆီသို့ ဦးတည်သွားအောင် ကူညီပေးတာ ဖြစ်ပါတယ်။
■ ■ သုတေသနက ဘာကိုတွေ့ရှိခဲ့သလဲ
■ သုတေသီတွေဟာ စာရင်းဇယား စနစ်တကျ ပြုလုပ်ထားတဲ့ လူပေါင်း ၆,၅၂၉ ဦး ပါဝင်တဲ့ လေ့လာမှုပေါင်း ၈၇ ခုက အချက်အလက်တွေကို ပေါင်းစပ်လေ့လာခဲ့ကြပြီး ခန္ဓာကိုယ်အလေးချိန်၊ ခါးအတိုင်းအတာ၊ စုစုပေါင်း ကိုလက်စထရော၊ မကောင်းတဲ့ ကိုလက်စထရော (LDL)၊ triglyceride ၊ အစာမစားမီ သွေးသကြားဓာတ်နဲ့ အပေါ်သွေးဖိအား (systolic blood pressure) စတာတွေမှာ တိုးတက်ကောင်းမွန်လာတာကို တွေ့ရှိခဲ့ရပါတယ်။
■ တစ်နေ့ကို ကောက်နှံစေ့အပြည့်အစုံ ၄၈ ဂရမ် ပိုမိုစားသုံးတိုင်း ထူးခြားမှု ရှိလာတာကို တွေ့ရပါတယ် - ကိုယ်အလေးချိန် ၀.၂ ကီလိုဂရမ် လျော့ကျသွားပြီး၊ ခါးအတိုင်းအတာ ၂ မီလီမီတာထက်မက သေးသွားကာ၊ ကိုလက်စထရော ပမာဏတွေ ကျဆင်းသွားပြီး သွေးတိုးလည်း နည်းနည်း ကျသွားခဲ့ပါတယ်။
■ ဒီကိန်းဂဏန်းတွေဟာ တစ်ခုချင်းစီကြည့်ရင် အံ့ဩစရာ မဟုတ်ပေမဲ့ အန္တရာယ်ဖြစ်စေတဲ့ အချက်အများအပြား တစ်ပြိုင်နက်တည်း ကောင်းမွန်လာတာကတော့ တကယ့်ကို ထူးခြားတဲ့ ကိစ္စဖြစ်ပါတယ်။
■ ၆၀ မှ ၁၀၀ ဂရမ် ဆိုတာ တကယ်တော့ ဘာလဲ မနက်တိုင်း ချက်ပြုတ်မထားတဲ့ ဆန်ညိုတွေကို ချိန်ခွင်ပေါ် တင်မချိန်နေဘူးဆိုရင်တော့ ကောက်နှံစေ့ အခြောက်အလေးချိန်ကို တိုင်းတာရတာ သိပ်ပြီး အဓိပ္ပာယ် မရှိလှပါဘူး။
■ ဒါပေမဲ့ ဥရောပ နှလုံးရောဂါဗေဒ အသင်း (European Society of Cardiology) ကတော့ ဒါကို လက်တွေ့ကျကျ ခွဲခြမ်းပြထားပါတယ် - အုတ်ဂျုံ (oatmeal) တစ်ပန်းကန်၊ Whole Grain ပေါင်မုန့်နဲ့ လုပ်ထားတဲ့ ဆန်းဒဝိချ် တစ်ခု၊ ဆန်ညို ထမင်းတစ်ပန်းကန် စားပေးရုံနဲ့တင် လူအများစုအတွက် တစ်နေ့တာလိုအပ်တဲ့ပမာဏဆီရောက်ရှိသွားမှာဖြစ်ပါတယ်။
■ ■ ကောက်နှံစေ့အပြည့်အစုံ (Whole Grains) တွေက ဘာလို့အရေးပါတာလဲ
■ ဆိုင်ရာ အမျှင်ဓာတ် (fiber) အများအပြား ပါဝင်နေလို့ပါပဲ။
■ အမျှင်ဓာတ်ဟာ ကိုလက်စထရောကို ထိန်းညှိပေးတယ်၊ ဗိုက်ပြည့်နေစေတယ်၊ သွေးသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ကူညီပေးပါတယ်။
■ အမျှင်ဓာတ်အပြင် Whole Grains တွေမှာ ဗီတာမင် B၊ သံဓာတ်၊ မဂ္ဂနီဆီယမ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး အမျှင်ဓာတ်နဲ့ ပေါင်းစပ်ကာ ရောင်ရမ်းမှုတွေကို လျှော့ချပေးတယ်၊ ကိုလက်စထရောကို ကောင်းမွန်စေတယ်၊ သွေးသကြားဓာတ် ရုတ်တရက် မြင့်တက်တာကို ထိန်းပေးပြီး ဝိတ်တက်မလာအောင် ကူညီပေးပါတယ်။
■ အမှန်တော့ အခုလေ့လာမှုအသစ်မှာ ရောင်ရမ်းမှုအမှတ်အသားတစ်ခုဖြစ်တဲ့ interleukin-6 လျော့ကျသွားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
Source - The Times of India
#World_Health
Published 13 October 2026
■ Stanford တက္ကသိုလ်ရဲ့ ဒီအောင်မြင်မှုကြီးဟာ ပျက်စီးတတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါဆိုးတွေအတွက် သုတေသနလမ်းသစ်တွေ ပွင့်လာစေနိုင်ပါတယ်။
■ သုတေသနအသစ်တွေအရ လူ့ဦးနှောက်ဟာ အစိတ်အပိုင်းတစ်ခုတည်း မဟုတ်ဘဲ၊ အရင်က သီးခြားစီ တည်ရှိခဲ့ကြပြီးမှ နောက်ပိုင်းမှ ပေါင်းစပ်သွားခဲ့ကြတဲ့ သီးခြားစနစ် နှစ်ခုဖြစ်တယ်လို့ သိရပါတယ်။
■ ဓာတ်ခွဲခန်းမှာ ဦးနှောက်ပင်မဆဲလ် တွေကို ကြီးထွားလာအောင် လုပ်ဖို့ အလွန်ခက်ခဲပေမဲ့ ဦးနှောက်အရှေ့ပိုင်းက ဆဲလ်တွေကိုတော့ လွယ်လွယ်ကူကူ ကြီးထွားအောင် လုပ်နိုင်နေတဲ့ နှစ်ရှည်လများ ဖြစ်နေတဲ့ ဓာတ်ခွဲခန်း ပဟေဠိကို ဖြေရှင်းဖို့ ကြိုးစားရင်းကနေ Stanford တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ဒီတွေ့ရှိမှုကိုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
■ ဦးနှောက်က အစောဆုံးအဆင့်တွေမှာ ဘယ်လိုပုံစံ ဖြစ်ပေါ်လာသလဲဆိုတာကို လေ့လာခြင်းအားဖြင့် ဦးနှောက်ရဲ့ အရှေ့ပိုင်းနဲ့ နောက်ပိုင်း အပိုင်းနှစ်ခုဟာ လုံးဝကွဲပြားခြားနားတဲ့ ဆဲလ်အစပြုပစ္စည်းတွေကနေ စတင်ဖြစ်ပေါ်လာတာကို သုတေသနအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
■ ဦးနှောက်တစ်ခုလုံးဟာ ပင်မမိခင်ဆဲလ်တစ်ခုတည်းကနေ ဖြစ်ထွန်းလာတယ်လို့ အရင်က ယူဆထားခဲ့ကြတာပါ။
■ ဒါပေမဲ့ ဆဲလ်အစုအဝေးလေးတွေကနေ ကိုယ်ခန္ဓာ တည်ဆောက်ပုံအစစ်အမှန်တွေအဖြစ် စတင်ဖွဲ့စည်းတဲ့ အရေးပါတဲ့ ဖွံ့ဖြိုးမှုအဆင့်ဖြစ်တဲ့ သန္ဓေသားလောင်းတွေရဲ့ အစောပိုင်းအခြေအနေ ကို လေ့လာခြင်းအားဖြင့် Stanford အဖွဲ့ဟာ ကွဲပြားခြားနားတဲ့ ဆဲလ်အုပ်စု နှစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
■ ဆဲလ်အုပ်စု တစ်ခုက ဦးနှောက်အရှေ့ပိုင်းကို ဖြစ်ပေါ်စေဖို့အတွက် သီးသန့်ချိတ်ဆက်ထားပြီး၊ နောက်တစ်ခုကတော့ ဦးနှောက်နောက်ပိုင်းကို ဖန်တီးဖို့ သီးသန့်တာဝန်ယူထားပါတယ်။
■ နောက်ထပ် လေ့လာချက်တွေအရ ဒီအုပ်စုနှစ်ခုအတွင်းက မျိုးရိုးဗီဇဆိုင်ရာ ညွှန်ကြားချက်တွေဟာ လုံးဝကွဲပြားတဲ့ ပုံစံတွေနဲ့ တည်ဆောက်ထားပြီး ဘယ်တော့မှ မဆုံတွေ့နိုင်တဲ့ သီးခြားလမ်းကြောင်းတွေပေါ်မှာ တည်ရှိနေကြတယ်ဆိုတာကိုပြသနေပါတယ်။
■ "ဦးနှောက်ကို အစိတ်အပိုင်းတစ်ခုတည်းအဖြစ် ရှိနေစေတာက ပိုပြီး စွမ်းဆောင်ရည်ကောင်းနိုင်ပေမဲ့၊ ကျွန်တော်တို့က ဦးနှောက်ကို အပိုင်းနှစ်ပိုင်းအဖြစ် ဖန်တီးဖို့အတွက် ဒီရှေးဦးဆန်တဲ့ နည်းလမ်းကိုပဲ အားကိုးနေရဆဲ ဖြစ်ပါတယ်" လို့ ဖွံ့ဖြိုးမှုဇီဝဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခ Dr Kyle Loh က ပြောပါတယ်။
■ ရှေးခေတ် ဆင့်ကဲဖြစ်စဉ်တွေမှာ ဒီစနစ်နှစ်ခုဟာ ပထမဦးပိုင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သီးခြားနေရာတွေမှာ ရှိခဲ့ကြတယ်လို့ သုတေသီတွေက ယူဆကြပါတယ်။ ဒါဟာ jellyfish တွေမှာ ခန္ဓာကိုယ်အနှံ့ အာရုံကြောကွန်ရက်တွေ သီးခြားစီရှိနေတာနဲ့ဆင်တူပါတယ်။
■ ခေါင်းခွံရဲ့ အခြေမှာ တည်ရှိတဲ့ ဦးနှောက်နောက်ပိုင်း ဟာ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနဲ့ အိပ်စက်ခြင်းစတဲ့ အသက်ရှင်ရပ်တည်ရေး လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ထိန်းချုပ်ရေးစဟ်ု အဖြစ် လုပ်ဆောင်ပါတယ်။
■ ဦးနှောက်အလယ်ပိုင်းနဲ့ အရှေ့ပိုင်း (midbrain and forebrain) ကတော့ ဘာသာစကား၊ ယုတ္တိဗေဒနဲ့ စိတ္တဇ ဆင်ခြင်တုံတရား စတဲ့ မြင့်မားတဲ့ တွေးခေါ်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ပေးပါတယ်။
■ သီးခြားဆင်းသက်လာကြပေမဲ့ ဒီစနစ်နှစ်ခုဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့အတွက် ချောမွေ့စွာပေါင်းစပ်လုပ်ဆောင်ကြပါတယ်။
■ Nature Neuroscience ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဒီတွေ့ရှိချက်တွေဟာ ဆေးဘက်ဆိုင်ရာ သုတေသနအတွက် အဓိက အောင်မြင်မှုကြီးတစ်ခု ဖြစ်လာပါတယ်။
Source- The Independent
#Local_News
Published 12 October 2026
■ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ညောင်ဦး–ပုဂံမြို့သစ်လမ်းတွင် ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
■ ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ပုဂံမြို့သစ်၊ ဖွားစောကျေးရွာအုပ်စုအတွင်းရှိ အဆိုပါလမ်းတွင် ရေကျော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညောင်ဦးမြို့နယ်မီးသတ်စခန်းနှင့် ပုဂံနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#World_News
Published 12 October 2026
■ စနေနေ့က အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက် သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် တနင်္ဂနွေနံနက်မှာလည်း ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တိုက်ခိုက်မှုအသစ် ထပ်ဖြစ်ခဲ့လို့ လူ ၁ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရသွားတယ်လို့ ဆော်ဒီအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
■ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အဆိုအရ မသိရသေးတဲ့ လက်နက်ဆန်းတစ်ခုဟာ ရီယာဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ အဆောက်အအုံ Terminal 4 ကို ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။
■ ဒါ့အပြင် ဆော်ဒီလေကြောင်းကာကွယ်ရေးတပ်ဟာ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးအနားမှာ မစ်ဆိုင်းဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့သလို၊ အရှေ့ပိုင်းပြည်နယ်ဘက်မှာလည်း ဒရုန်းတစ်စင်းနဲ့ Khamis Mushait ဘက်ကို ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းမစ်ဆိုင်းဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ မဟာမိတ်တပ်ဖွဲ့က နောက်ပိုင်းမှာထပ်မံပြောကြားခဲ့ပါတယ်။
■ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ရီယာဒ်လေဆိပ် တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဆော်ဒီမှာ ဖြစ်ပွားခဲ့သမျှ တိုက်ခိုက်မှုတွေထဲမှာ လူသေပျောက်မှု အများဆုံးဖြစ်ခဲ့ပြီး လေဆိပ်ကိုလည်း ပိတ်ထားခဲ့ရပါတယ်။
■ ရုပ်သံမှတ်တမ်းတွေအရ ဘုရားဖူးသွားဖို့ ပြင်ဆင်နေကြတဲ့ ပြည်သူတွေကြားထဲ ဝင်းခနဲ မီးတောက်သွားပြီး လေဆိပ်မျက်နှာကြက် အစိတ်အပိုင်းအချို့ ပြိုကျလာတာကြောင့် လူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရတာကို တွေ့ရပါတယ်။
Source-Reuters
#Local_News
Published 12 October 2026
■ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း သတ်မှတ်ထားသည့်နေရာများမှ လမ်းဖြတ်ကူးခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သူများကို ယနေ့ အောက်တိုဘာ ၁၂ ရက်မှစတင်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးကြေညာထားသည်။
■ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေလျင်သွားလာသူများသည် လမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား (သို့မဟုတ်) ခွင့်ပြုထားသည့်နေရာများမှသာ စည်းကမ်းတကျ ဖြတ်ကူးကြရမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ သတ်မှတ်ထားသည့်နေရာများမှ ဖြတ်ကူးခြင်းမရှိဘဲ စည်းကမ်းဖောက်ဖျက်သူများကို ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 4 of 2094