#Local_News
Published 24 December 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ SECRETARIAT YANGON (ဝန်ကြီးများရုံး)တွင် Yangon Downtown Lifestyle Shopping Festival နှစ်သစ်ကူးဈေးပွဲတော်ကို တစ်ပတ်ကြာကျင်းပသွားမည်ဖြစ်ကြောင်း Dora Entertainment မှ သိရသည်။
▪️ အဆိုပါ ဈေးပွဲတော်ကို ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိ SECRETARIAT YANGON (ဝန်ကြီးများရုံး) Heritage Market ခန်းမကြီးတွင် ပြုလုပ်သွားမည် ဖြစ်သည်။
▪️ ယင်းဈေးပွဲတော်၌ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖြင့် စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်စည်မျိုးစုံ များ ကို ပြသရောင်းချသွားမည်ဖြစ်ပြီး ပွဲတော်လာသူများအတွက် မြက်ခင်းပြင်စားသောက်တန်းကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကလေးငယ်များအတွက် Playground တွင် တိုက်ကား၊ ပျော့အိအိကစားကွင်း၊ ရိုလာကိုစတာ၊ ပင်လယ်ဓားပြ စတဲ့ကစားနည်းများ၊
နှစ်သစ်ကူးဈေးပွဲတော်တွင် ပွဲတော်လာပရိသတ်များအတွက် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်းသွားမယ့်အပြင် နာမည်ကျော်အနုပညာရှင်များ၏ တေးသီချင်းဖျော်ဖြေမှုများ၊ စီစဉ်ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 December 2024
▪️ ချင်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်ငါးခု၌ အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၅နာရီခွဲအချိန် တိုင်းထွာချက်များအရ ထူးခြားသည့်အခြေအနေ မှာ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်း“ပါဘက်”(PABUK)သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပြီး အဆိုပါ အပူပိုင်းမုန်တိုင်း“ပါဘက်”(PABUK)သည် အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ ဒီဇင်ဘာ ၂၅ရက်နေ့တွင် ဗီယက်နမ်နိုင်ငံအရှေ့ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့ညနေအထိခန့်မှန်းချက်အရ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 24 December 2024
▪️ ဟီရိဩတ္တပ္ပ ကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏တွေးခေါ် မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိကြောင်း တွေ့ရှိရသည့် စာအုပ်နှစ်အုပ်အတွက် ပုံနှိပ်သူနှင့်ထုတ်ဝေသူများကို တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
▪️ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ဖော်ပြခဲ့သည့် ပုံနှိပ်သူဒေါ်အေးမြတ်မွန်၏ Yangon Printing Service နှင့် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ် တိုက်-၀၃၂၉၅) တို့မှ ပုံနှိပ်၊ ထုတ်ဝေသော မြမိုရ်ရေးသားသည့် “မေတ္တာနှောင်သီ ချစ်ကြိုးချည်” နှင့် စာရေးသူ DIDI ZAW ရေးသားသည့် “Match Made in Clouds” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပ ကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏တွေးခေါ် မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိကြောင်း တွေ့ရှိရကြောင်း၊ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့်အတွက် ထုတ်ဝေသူ ဒေါ်ချိုဇင်သဲ (Maple စာအုပ်တိုက်-၀၃၂၉၅) ၏ ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ထို့နောက်ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိ လျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိ လျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 24 December 2024
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)တွင် သံစိမ်းများထုတ်လုပ်မည့် စက်ရုံ ၃ရုံသာ လည်ပတ်ရန် ကျန်ရှိတော့ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
▪️ သံမြေမှ သံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)၌ အလုပ်ရုံ (၂၂)ရုံ တည်ဆောက်ခဲ့ရာအဆိုပါအလုပ်ရုံ (၂၂)ရုံအနက် အလုပ်ရုံ (၁၉) ရုံသည် စက်မှုဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ကျွမ်းကျင်ပညာများနှင့် ပြည်တွင်းပညာရှင်များဖြင့် စက်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ခြင်း၊ စက်စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့် အလုပ်ရုံ (၃)ရုံကိုလည်း အမြန်ဆုံးပြီးပြတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် အောက်ဆီဂျင်ထုတ်လုပ်ရေး အလုပ်ရုံတွင် ဆောင်ရွက်ရန်ကျန် လုပ်ငန်း (၈၀)ခုရှိသည့်အနက် စက်မှုဝန်ကြီးဌာနမှ လုပ်ငန်း (၄၅)ခု၊ ပြည်ပကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ လုပ်ငန်း(၃၅)ခု ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာမှ ဆောင်ရွက်ရမည့် လုပ်ငန်း(၄၅)ခု နှင့်ပတ်သက်၍ အမြန်ဆုံးပြီးစီးအောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ ပြီးပြတ်ပါကပြည်ပကျွမ်းကျင်ပညာရှင်များ လာရောက်မည် ဖြစ်ကြောင်း၊ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံအား စက်ရုံမလည်ပတ်ခင် အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာအလုံ ပါဝါကုမ္ပဏီလီမိတက်နှင့် ပူးပေါင်း၍ စက်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံလည်ပတ်၍ စွန့်ပစ်အပူများထွက်ရှိလာပါက အဆိုပါအလုပ်ရုံ၌ ပြန်လည်သုံးစွဲပြီး လျှပ်စစ်ဓာတ်အားကို ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
▪️ သံမဏိစက်ရုံ(ပင်းပက်)တွင် နိုင်ငံတော်အတွက် လိုအပ်သော သံမဏိများထုတ်လုပ်နိုင်ရေးအတွက် အဓိကလိုအပ်သည့် သံစိမ်းကုန်ကြမ်းများ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၂၄ ဒီဇင်ဘာ ၂၀၂၄
မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး တရုတ်နှင့်မြန်မာနှစ်နိုင်ငံ သဘာဝဓာတ်ငွေ့များ မျှဝေသုံးစွဲမည့် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်နေတယ်လို့သိရပါတယ်။
နစက စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် South-East Asia Crude Oil Pipeline နှင့်Gas Pipeline ကုမ္ပဏီများ၏ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့အား ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ တွေ့ဆုံစဉ် ယင်းကိစ္စကိုဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းများကို ဆော လျင်စွာ စတင်နိုင်ရေး နှစ်ဘက်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒီအပြင် တရုတ်နိုင်ငံကူမင်းမြို့သို့ ဆက်သွယ်ထားပြီး ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်မြို့ အထိ ဓာတ်ငွေ့ပို့လွှတ်နိုင်ရေးအတွက် ပိုက်လိုင်း အဆင့်မြှင့်တင်ရေးကိစ္စကိုလည်း ဆက်လက်ဆွေးနွေး ခဲ့ကြပါတယ်။
မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းမှတစ်ဆင့် ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံများအား အဆင့် မြှင့်တင်လည်ပတ်နိုင်ရေးကိစ္စနှင့် အခြားသော စွမ်းအင်ကဏ္ဍဆိုင်ရာ မြန်မာနှင့်တရုတ်ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စတွေကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိတွင် လျှပ်စစ်ဓာတ်အားမလုံလောက်မှုများနှင့်ကြုံတွေ့နေရတဲ့အတွက် ယင်းကိစ္စကို ကာလတို ဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း မကြာသေးခင်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာချက်တစ်စောင်ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင်စွမ်းအင်လုံခြုံရေးအတွက် မြန်မာနိုင်ငံမှာ ပြည်တွင်းတွင်ပင် လောင်စာဆီများထုတ်လုပ်နိုင်ရန် အတွက် အဆင့်မြင့်ရေနံချက်စက်ရုံများတည်ဆောက်နိုင်ရေးလည်း အပူတပြင်းလိုအပ်လျှက်ရှိနေကြောင်းသိရှိရပါတယ်။
@ymg/knl
#World_News
Published 24 December 2024
▪️ အမေရိကန် ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့် ပထမဆုံး တာဝန်ယူမယ့်နေ့မှာပဲ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)ထံမှ အမေရိကန်နုတ်ထွက်ရန် ယင်းရဲ့ သမ္မတကူးပြောင်းရေးအဖွဲ့မှ အဖွဲ့ဝင်များ အခြေခံကျတဲ့အလုပ်တွေလုပ်နေကြတယ်လို့ သတင်းနီးစပ်တဲ့ ကျန်းမာရေးဥပဒေပညာရှင်တစ်ဦးက ပြောပြပါတယ်။
▪️ "ပထမဆုံးနေ့ ဒါမှမဟုတ် ထရမ့်အုပ်ချုပ်ရေး အစောပိုင်းကာလမှာပဲ နုတ်ထွက်သွားဖို့ စီစဉ်နေတယ်ဆိုတဲ့အကြောင်း ကောင်းကောင်းသိထားပါတယ်" လို့ ဝါရှင်တန် ဂျော့ဂျ်တောင်းတက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပရော်ဖက်ဆာဖြစ်ပြီး နိုင်ငံတော်နဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဥပဒေဆိုင်ရာ WHO ပူးပေါင်းဆောင်ရွက်ရေးစင်တာမှ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ လောရင့်စ်ဂိုစတင်က ပြောသွားပါတယ်။
▪️ ကျွမ်းကျင်သူနှစ်ဦးရဲ့ ပြောကြားချက်ကို The Financial Times က အရင်ဆုံးဖော်ပြခဲ့ပါတယ်။
▪️ နောက်တစ်ဦးဖြစ်တဲ့ အိမ်ဖြူတော် ကိုဗစ်-၁၉ တုံ့ပြန်ညှိနှိုင်းရေးမှူးဟောင်း အာရှစ်ဂျာက မှတ်ချက်ပြု မပြောကြားသေးပါဘူး။
▪️ ထရမ့်ဟာ ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီကို ဝေဖန်နေတာ ကြာပြီဖြစ်ပြီး ယခုအစီအစဉ်က အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပေါ်လစီမှာ ပြောင်းလဲမှုကြီး ဖြစ်လာနိုင်ကာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုတွေကနေ အမေရိကန် သွေဖည်လာနိုင်ပါတယ်။
▪️ ထရမ့်ဟာ WHOအဖွဲ့အစည်းမှ ဝေဖန်သူအများအပြားကစလို့ ထိပ်သီးရာထူးများအထိ အမည်ဖော်ပြထားကာ ထိုထဲမှာ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန အတွင်းရေးမှူးနေရာ ရယူမယ့် ရောဘတ်အက်ဖ်ကင်နက်ဒီဂျူနီယာလည်း ပါဝင်ပါတယ်။
▪️ ထရမ့်က ၂၀၂၀ မှာ WHOကနေ နုတ်ထွက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပေမယ့် ၆လအကြာမှာ သမ္မတဖြစ်လာတဲ့ ဂျိုးဘိုင်ဒင်က ပြန်ပြောင်းခဲ့ပါတယ်။
WHOဟာ ကိုဗစ်-၁၉ အစောပိုင်းစတင်ပျံ့နှံ့စေတဲ့ တရုတ်ကို တာဝန်ခံခိုင်းဖို့ရာ ပျက်ကွက်ခဲ့တယ်လို့ ပြောထားပြီး WHOဟာ တရုတ်ရဲ့လက်ပါးစေလို့ ထပ်ခါထပ်ခါ ဆိုထားကာ အမေရိကန်အနေနဲ့ ပြည်တွင်းကျန်းမာရေး လုပ်ငန်းများကိုသာ အာရုံစိုက်မယ်လို့ ကြုံးဝါးထားပါတယ်။
▪️ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေဆပ်စ်က အမေရိကန် သမ္မတကူးပြောင်းရေးအတွက် အချိန်နဲ့နေရာ ပေးဖို့လိုတယ်လို့ ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 24 December 2024
▪️ ယနေ့ ဒီဇင်ဘာလ ၂၄ရက်က ဆင်ပေါင်ဝဲမြို့အနီးအင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၂၇)မိနစ်၊ (၂၅)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အ နောက်တောင်ဘက် မိုင် (၇၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဆင်ပေါင်ဝဲမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၈) ဒီဂရီ၊ အနက်(၆၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတစ်ဝန်း ယခုလဆန်းမှ စ၍ အင်အားအသင့်အတင့်ရှိ မြေငလျင်များ လှုပ်ခတ်လျှက်ရှိရာယနေ့လှုပ်ခတ်သည့် မြေငလျင်အပါအဝင် တစ်လအတွင်းမြေငလျင်ပေါင်းရှစ်ကြိမ်ခန့် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 24 December 2024
▪️ နေ့စဉ် သင့်တင့်မျှတတဲ့ ခြေလှမ်းအရေအတွက် လမ်းလျှောက်ခြင်းဖြင့် စိတ်ဓာတ်ကျလက္ခဏာ လျော့ကျစေနိုင်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ အချက်အလက် သုံးသပ်မှုတစ်ခု တွေ့ရပါတယ်။
▪️ တစ်နေ့ကို ခြေလှမ်း ၁ သောင်းခန့်အထိ တိုးမြှင့် လျှောက်လှမ်းခြင်းဖြင့် စိတ်ဓာတ်ကျ လက္ခဏာခံစာရနိုင်ခြေ လျော့ကျသွားတယ်လို့ စပိန်လေ့လာချက်တစ်ခုမှာ တွေ့ထားပါတယ်။
▪️ ကက်စ်တီလ်လာမန်ချာတက္ကသိုလ်မှ အက်စ်တယ်လာဂျီမီနက်ဇ်လိုပက်ဇ် ဦးဆောင်တဲ့ သုတေသီတွေဟာ ဘယ်လိုလေ့ကျင့်ခန်းမဆို စိတ်ဓာတ်ကျခြင်းကို သဘာဝအတိုင်း ဆန့်ကျင်ပေးတယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်မာမာ တွေ့ရှိထားကာ လမ်းလျှောက်ခြင်းလိုမျိုး လွယ်ကူတဲ့ လှုပ်ရှားမှုမျိုးကလည်း သက်ရောက်မှုရှိနေပါတယ်။
▪️ လေ့လာချက် ၃၃ ခုဖြင့် ကမ္ဘာပေါ်မှ လူပေါင်း ၉၆၀၀၀ ကျော်ကို သုံးသပ်ခဲ့ကြပြီး ထိုထဲမှာ ခြေလှမ်းတိုင်းစက် တပ်ဆင်အသုံးပြုသူတွေလည်း ပါဝင်ပါတယ်။
▪️ တစ်နေ့ကို ခြေလှမ်းအနည်းဆုံး ၅ ထောင်ခန့် လျှောက်သူတွေထက် ၁ ထောင်ပိုလျှောက်သူတွေဟာ စိတ်ဓာတ်ကျခံစားရနိုင်ခြေ ၉ ရာခိုင်နှုန်း လျော့ကျသွားတာ တွေ့ရပါတယ်။
▪️ တစ်နေ့ကို ၇ ထောင်ခန့် လျှောက်လှမ်းသူတွေကတော့ ၃၁ ရာခိုင်နှုန်း ပိုနည်းသွားပြီး ၇၅၀၀ အထက် လျှောက်လှမ်းသူတွေကတော့ ၄၃ ရာခိုင်နှုန်း လျော့ကျသွားတာ တွေ့ရှိခဲ့ကြပါတယ်။
▪️ တစ်နေ့ကို ခြေလှမ်း ၁ သောင်းခန့် လျှောက်လှမ်းသူတွေကတော့ စိတ်ကျန်းမာရေး အကောင်းဆုံးအဆင့် ရောက်ရှိတဲ့ပုံစံမျိုး တွေ့ရပါတယ်။
▪️ ၁ သောင်းထက်ပိုများသွားရင်တော့ စိတ်ကျလက္ခဏာ သိသိသာသာ လျော့ကျတာမျိုး မတွေ့ရဘူးလို့လည်း ဖော်ပြထားပါတယ်။
▪️ အေရိုးဗစ်၊ ဝိတ်မလေ့ကျင့်ခန်း၊ ယောဂစတဲ့ လှုပ်ရှားမှုတွေကလည်း စိတ်ဓာတ်ကျခြင်း အခြေအနေကို ကာကွယ်ပေးနိုင်ပါတယ်။
▪️ နေ့စဉ်ခြေလှမ်း ဘယ်လောက်လျှောက်မလဲဆိုတာ သတ်မှတ်ခြင်းဖြင့် ကျန်းမာရေးဗျူဟာ သတ်မှတ်ပြီးသား ဖြစ်ကာ စိတ်ဓာတ်ကျခြင်းမှ ကာကွယ်နိုင်မယ်လို့ ဖော်ပြသွားပါတယ်။
#Source: Medical Xpress
#World_Health
Published 24 December 2024
▪️ ကမ္ဘာပေါ်က ၁၀ရာခိုင်နှုန်းသော လူတွေမှာ လက်သည်းခြေသည်းမှို ဖြစ်တတ်ကြပါတယ်။
▪️ ဆေးတွေက လက်သည်းကိုဖောက်ပြီး ရောဂါပိုးဝင်ရောက်နေတဲ့ အောက်ဖက်အသားအထိ ရောက်ရှိရန် ခက်ခဲပါတယ်။
▪️ အထူးသဖြင့် ခြေသည်းတွေက ဖွံ့ဖြိုးမှုနှေးတာကြောင့် ကုသမှု ကြာရှည်ပြီး အကုန်အကျ များနိုင်ပါတယ်။
▪️ ဟားဗတ်စ်မှ အသိအမှတ်ပြု အရေပြားဆရာဝန်တစ်ဦးက ခြေသည်းမှုကို အိမ်မှာတင် အကုန်အကျသက်သာစွာ ကုသနိုင်မယ့် နည်းလမ်းကို မျှဝေသွားပါတယ်။
▪️ ခံတွင်းသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ လစ္စထရင်း(Listerine)ဟာ လက်သည်းခြေသည်းတွေမှာ စွဲကပ်နေတဲ့ မှိုတွေကို ဖယ်ရှားနိုင်တယ်လို့ ဒေါက်တာ နီရာနေသန်က TikTokမှာ ပြောသွားပါတယ်။
▪️ Listerine Original Antiseptic Mouthwash လို့ခေါ်တဲ့ လစ္စထရင်းအညိုရောင်ဟာ မှိုဆန့်ကျင်ဒြပ်ပေါင်းများဖြစ်တဲ့ မန်သောလ်၊ ယူကလစ်ပ်တိုလ်၊ သိုင်မိုလ်တို့ ပါဝင်ပါတယ်။
▪️ အဆိုပါ ခံတွင်းသန့်စင်ရည်က သန်းသေခြင်း၊ ကြမ်းပိုးကိုက်ခြင်းကို သက်သာစေခြင်းကစလို့ ဗောက်ရှင်းလင်းခြင်းအထိ အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။
▪️ ခြေသည်းမှိုအတွက် လစ္စထရင်းကို ဂွမ်းစဖြင့်တို့ကာ လက်သည်းခြေသည်း အပေါ်ဖက်နဲ့ အောက်ဖက်တို့မှာ သုတ်လိမ်းပြီး အခြောက်ခံထားရမယ်လို့ နေသန်က အကြံပြုပါတယ်။
▪️ ဒါ့အပြင် ဆေးရည်ထဲမှာ ၁၅-၂၀ မိနစ်ခန့် စိမ်ခြင်းကိုလည်း ရံဖန်ရံခါ ပြုလုပ်နိုင်ပြီး လက်သည်းမှိုက ၆ လလောက်နဲ့ ကုသနိုင်ကာ ခြေသည်းကတော့ တစ်နှစ်အထိ ကြာမြင့်နိုင်ပါတယ်။
▪️ ဈေးကြီးပြီးတော့ သိပ်ပြီးထိရောက်မှုမရှိတဲ့ မှိုသတ်လိမ်းဆေးများထက်စာရင် ဒါက ပိုမိုသက်သာတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။
▪️ လစ္စထရင်းအပြင် ရေရောစပ်ထားတဲ့ ပန်းသီးရှာလကာရည်ကလည်း ဘက်တီးရီးယားနဲ့ မှိုများ သေစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး တစ်ပတ်ကို ၁၅ မိနစ်ဖြင့် ၂-၃ ကြိမ်ခန့် စိမ်နိုင်ပါတယ်။
#Source: New York Post
တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာမှုအကျိုးဆက်များအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်ဘဏ္ဍာရေးဈေးကွက်များ အခက်ခဲဆုံးအခြေအနေရင်ဆိုင်နေရ
ယခုလအစောပိုင်းက တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ်မှ အငြင်းပွားဖွယ် စစ်အုပ်ချုပ်ရေးဥပဒေကြေညာချက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းဖြစ်ရကာ ရင်းနှီးမြှုပ်နှံသူများရဲ့ ယုံကြည်မှုထိပါးစေသဖြင့် တောင်ကိုရီးယား ဘဏ္ဍာရေးဈေးကွက်တွေအနေနဲ့ အခက်ခဲဆုံးကာလရင်ဆိုင်နေရပါတယ်။
#Asia_Crisis
Published 23 December 2024
#အခက်ခဲဆုံးအခြေအနေ #တောင်ကိုရီးယားသမ္မတ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 December 2024
၁။ တစ်ပတ်အတွင်း ရွှေဈေးတစ်သိန်းကျော်ကျဆင်း
၂။ အောင်ပန်း၌ ၁၅ ရက်တစ်ကြိမ်ပြုလုပ်မည့် ဒေသငရုတ်ခြောက် ကုန်စည်ပြပွဲတွင် လေလံစနစ်ဖြင့် ရောင်းချပေးမည်
၃။ ရုပ်ရှင်ဥပဒေသစ်တွင် အနုပညာလုပ်ကိုင်ခွင့်သုံးနှစ်အထိ ပိတ်မည့်ပုဒ်မသစ်ပါဝင်လာ
၄။ တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာမှုအကျိုးဆက်များအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်ဘဏ္ဍာရေးဈေးကွက်များ အခက်ခဲဆုံးအခြေအနေရင်ဆိုင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့က တိုက်ခန်းအငှားဈေးနှုန်းတွေ နှစ်ဆလောက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းက သိရပါတယ်။
#Local_News
Published 23 December 2024
#တိုက်ခန်းအငှားဈေးနှုန်း #အိမ်ခြံမြေအကျိုးဆောင်
#YMG/SW #Yangon_Times
Page 183 of 1679