မတ်၄၊၂၀၂၆ (နေပြည်တော်)-

မြန်မာနိုင်ငံတွင် စက်သုံးဆီများ ရက်၄၀ခန့်စာ တင်သွင်း သိုလှောင်ထားရှိပြီး ပြည်ပမှ စက်သုံးဆီ  သင်္ဘောများ စဉ်ဆက်မပြတ် ရောက်ရှိစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်   ထားရှိပြီးဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ယနေ့မတ် ၄ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်းနှင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေး အသိပေးထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်

အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် စက်သုံးဆီတင်သွင်းမှုလမ်းကြောင်းတွင် အကျပ်အတည်းဖြစ်ပေါ်မှုများသည် ကမ္ဘာ့နိုင်ငံအသီးသီးကို ရိုက်ခတ်လျက်ရှိပြီး  အထူးသဖြင့် ယင်းဒေသမှ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို အားပြု တင်သွင်းနေရသည့်  အရှေ့တောင်အာရှနိုင်ငံများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ယင်းအခက်အခဲ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအနေဖြင့် နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံမှ တင်သွင်းနေသော စက်သုံးဆီများသည် ထိုင်းနိုင်ငံမှ တင်သွင်းနေခြင်း မဟုတ်ကြောင်းနှင့် စင်္ကာပူ၊ မလေးရှားနိုင်ငံတို့မှ ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းနေပြီး စက်သုံးဆီဖြည့်ဆည်း မှုကွင်းဆက် Supply Chain တစ်လျှောက်တွင် အခက်အခဲများ မဖြစ်ပေါ် စေရေးအတွက် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီ ဖူလုံမှုရှိစေရေး အစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက် ရက်(၄၀)ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီ များကို သီလဝါမှ နိုင်ငံတစ်ဝှမ်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိပါသည်။

ဆက်လက်၍ ကြိုတင်စီမံထားသည့်အစီအစဉ်အတိုင်း သီလဝါဆိပ်ကမ်းတွင် သင်္ဘော ၂ စီး၊ လမ်းခရီးတွင် သင်္ဘော ၆ စီး၊ ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘော ၈ စီးဖြင့် ထပ်မံဖြည့်တင်းသွားမည် ဖြစ်ပါသည်။ ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ရောက်ရှိစေရေး သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အပြင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေချိတ်ဆက် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ စွမ်းအင် ဝန်ကြီးဌာနအနေဖြင့်လည်း ဖြစ်ပေါ်လာနိုင်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြရန်နှင့် သက်ဆိုင်ရာဌာနမှ တရားဝင်ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းများကိုသာ ယုံကြည်ကြရန် လိုအပ်ပါကြောင်း၊ တရားမဝင် ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် စိုးရိမ်စိတ်လွန်ကဲ၍ စက်သုံးဆီကို မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် စွမ်းအင်ဝန်ကြီးဌာနမှ မိဘပြည်သူများသို့ မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

စွမ်းအင်ဝန်ကြီးဌာန

သီလဝါရှိ Terminal များတွင် စက်သုံးဆီတင်သင်္ဘောများ ဝင်ရောက်လျက်ရှိနေသည်ကိုတွေ့ရစဉ်။ (ဓါတ်ပုံ-စွမ်းအင်ဝန်ကြီးဌာန)

picture1picture၂