#Local_News
Published 23 September 2025
▪️ ယနေ့ မနက်ပိုင်းတိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ်အောက်(၂)ပေခန့်တွင် ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ထို့ကြောင့် တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ရန်လည်း မိုးဇလကအသိပေးနှိုးဆော်ထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 September 2025
▪️ ယနေ့ နံနက်အစောပိုင်းက မတ္တရာမြို့အနီး အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၀)အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ
မတ္တရာမြို့၏ အနောက်တောင်ဘက်(၆(မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ယနေ့စက်တင်ဘာ ၂၃ ရက်နံနက်အစောပိုင်း ၅ နာရီ ၄၉ မိနစ် ၇ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်များ လက်ရှိအချိန်ထိ လှုပ်ခတ်လျက်ရှိရာ အကြိမ်ရေပေါင်း နှစ်ရာကျော်အထိရှိလာပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 September 2025
▪️ ယနေ့နံနက်အစောပိုင်းက ရန်ကုန်မြို့၊ကြက်ဘဲဈေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
▪️ ၂၃.၉.၂၀၂၅ရက်နေ့၊နံနက် ၀၄ နာရီ၀၅မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ လူညပ်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ 191 ယာဉ်(၁)စီး ထွက်ခွာကယ်ဆယ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
▪️ နံနက်၀၄နာရီ ၃၅ မိနစ်အချိန်တွင် ကားအတွင်းညှပ်နေသော လူနာအား ကယ်ထုတ် ပြီးစီးခဲ့ကြောင်း၊အဆိုပါယာဉ်တိုက်မှုကြောင့် ကျား(၁)ဦး(သေဆုံး)နှင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား တာမွေကွန်ယက် ပရဟိတအသင်းမှ သူနာတင်ယာဉ်၊ ရှင်သန်ရေး ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 September 2025
▪️ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင်AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သော မြန်မာကလေးငယ်အဖွဲ့ ပထမဆုရရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိကျင်းပခဲ့သော ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ် ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) တွင် မြန်မာ We Are Genius MYANMAR အသင်းသည် AI အသုံးပြုရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားဖြင့် ပထမဆုရရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါပြိုင်ပွဲသည်စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်သည့်အခြေအနေများတွင် လူဝင်ရောက်ရန် ခက်ခဲသောနေရာများထဲသို့ အလိုအလျောက်သွားလာသောစနစ်ဖြင့် ရှာဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှုရရှိခဲ့သည်။
▪️ ယင်းပြိုင်ပွဲ၌ We Are Genius MYANMAR အသင်းတွင် မိုးပြည့်စုံကျော် (၁၁ နှစ်)၊ ကျော်ဘုန်းခန့်ဇော် (၁၁ နှစ်)နှင့် ဉာဏ်ကိုး (၁၂)နှစ်တို့သည် ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစသည့်နိုင်ငံများဖြင့်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိခဲ့သည်။
▪️ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We Are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 23 September 2025
▪️ ဂါဇာမှ ပါလက်စတိုင်းများဘက်ကနေ ထောက်ခံအားပေးမှုကိုပြသတဲ့အနေနဲ့ တနင်္လာနေ့က အီတလီမှာ အထွေထွေသပိတ်ပြုလုပ်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေး၊ စာသင်ကျောင်းများနဲ့ အခြားဝန်ဆောင်မှုကဏ္ဍများ ရပ်တန့်သွားခဲ့သလို မြို့ပြကြီးတွေမှာ အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
▪️ စက်တင်ဘာ ၂၁ ရက်နေ့က အီတလီရဲ့ အကြီးမားဆုံး အလုပ်သမားသမဂ္ဂတစ်ခုဖြစ်တဲ့ CGIL က ၄ နာရီကြာ ဆန္ဒထုတ်ဖော်အပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဒုတိယတစ်ကြိမ် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။
▪️ ဒေသတွင်းပို့ဆောင်ရေးနဲ့ ရထားလမ်းဆက်သွယ်ရေးအချို့ အထူးသဖြင့် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ နှောင့်ယှက်ခံရပြီး ဆိပ်ကမ်းဝန်ထမ်းများ အလုပ်မဆင်းတာကြောင့် ဂျီနိုအာနဲ့ လီဗော်နိုဆိပ်ကမ်းတွေမှာ လုပ်ငန်းများ ရပ်တန့်ခဲ့ပါတယ်။
▪️ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပြည်သူ့ရုံးဌာနအများအပြား ပိတ်ထားရကာ အီတလီလမ်းတွေမှာ ပါလက်စတိုင်းဘက်မှ စည်းလုံးညီညွတ်ထောက်ခံကြောင်း၊ ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
▪️ ရောမ၊ ဘိုလော့ဂ်နာ၊ မီလန်၊ တူရင်၊ ဗင်းနစ်တို့မှာ လူအများဆုံး စုဝေးခဲ့ကြပြီး အနည်းဆုံး လူတစ်သိန်းခန့် ပါဝင်မယ်လို့ အီတလီရုပ်သံ Rai News က ဖော်ပြထားပါတယ်။
▪️ မီလန်မှ, ဂါဇာလိုလားရေးဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ အတိုက်အခိုက်ဖြစ်ပွားကာ လူတစ်ဒါဇင်ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်။
▪️ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီအစိုးရအနေနဲ့ အစ္စရေးလ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးဖို့ ဖိအားပေးလိုကြကာ ပါလက်စတိုင်းတို့အတွက် လူသားချင်းစာနာမှု ထောက်ပံ့ကူညီမှုများ ပေးအပ်လိုနေကြပါတယ်။
▪️ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုသေးတဲ့ အီတလီဝန်ကြီးများအဖွဲ့ကို အသိအမှတ်ပြုပေးဖို့လည်း သမဂ္ဂတွေက တောင်းဆိုနေကြပါတယ်။
Source: Xinhua
#World_Health
Published 23 September 2025
ရေသောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရေသောက်တဲ့ပုံစံကြောင့် ကွဲပြားသွားနိုင်ပါတယ်။
ဒီအတွက် ကျန်းမာရေးမြှင့်တင်ပြီး တစ်နေ့လုံး အားအင်ပြည့်နေစေဖို့ ရေသောက်တဲ့အခါ ရှောင်ရှားသင့်တဲ့ အမှားတွေကို အာဟာရပညာရှင် ရိုင်ယန်ဖာနန်ဒိုက ပြောသွားပါတယ်။
(၁) ရေသောက်မြန်လွန်းခြင်း
ခန္ဓာကိုယ်က ရုတ်တရက်လန့်သွားနိုင်သဖြင့် ပါးစပ်ထဲ ရေထည့်ပြီး မျိုမချခင်မှာ ၂-၃ စက္ကန့်လောက် ထိန်းထားသင့်ပါတယ်။
(၂) ပူလွန်းအေးလွန်းသောရေသောက်ခြင်း
ရေကို သာမန်အပူချိန်ဖြင့်သာ သောက်သုံးပြီး ဒီလိုမှမဟုတ်ရင် သောက်လိုက်တဲ့ရေကို သာမန်အပူချိန်ဖြစ်အောင် ထိန်းညှိအားထုတ်ရပါတယ်။
(၃) အစားစားရင်းရေသောက်ခြင်း
အစားစားတဲ့အချိန်မှာ ရေသောက်လိုက်ရင် အစာချေဖျက်ဖို့ ခက်ခဲနိုင်သဖြင့် တစ်နာရီလောက်ခြားပြီး သောက်သင့်ပါတယ်။
(၄) ပလတ်စတစ်ဗူးထဲမှရေသောက်ခြင်း
အပူထဲရှိနေတဲ့ ပလတ်စတစ်ဗူးဟာ ရေထဲကို မိုက်ခရိုပလတ်စတစ်မှုန်တွေ ထွက်ရှိစေပါတယ်။
ဒီအချက်တွေအပြင် ရေသောက်တဲ့အခါ ခန္ဓာကိုယ်ကို တည့်မတ်တဲ့အနေအထားဖြင့် သောက်ရပါမယ်။
ကိုယ့်ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်အတိုင်း နားလည်သိရှိပြီး သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်များ အကောင်းဆုံးဖြစ်စေမှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
+Published 23 September 2025
▪️ ကျန်းမာရေးအတွက် သင့်လျော်တယ်လို့ ယူဆထားတဲ့ အချို့သော အစားအစာတွေက နှလုံးပြဿနာရှိသူတွေအတွက် ဘေးအန္တရာယ်ဖြစ်နိုင်တာကို အံ့အားသင့်ဖွယ် တွေ့ရှိလာပါတယ်။
▪️ နှလုံးသွေးကြောနဲ့ ပတ်သက်လာရင် အာဟာရဓာတ်အပြည့်အစုံအကြောင်း နားလည်ဖို့ပါ အရေးကြီးလာပါတယ်။
▪️ ဒါကြောင့် နှလုံးပြဿနာရှိသူတွေအတွက် ရှောင်ရှားသင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဂရန်နိုလာ - သကြားနဲ့ ဆီများ မြင့်မားစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေကာ နှလုံးကို ဖိစီးစေပြီး သွေးကြောတွေ ထိခိုက်စေပါတယ်။
▪️ (၂) အဆီနည်းသောဒိန်ချဉ် - သကြားပါဝင်တဲ့ ဒိန်ချဉ်မျိုးက ထရိုင်ဂလစ်ဆရိုက်ပမာဏ မြင့်တက်စေပြီး ကြာလာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။
▪️ (၃) စည်သွပ်ဟင်းရွက်နှင့် စွပ်ပြုတ်များ - ဟင်းရွက်တွေက ကျန်းမာတယ်ဆိုပေမယ့် ကြာရှည်ထိန်းသိမ်းဖို့အတွက် ဆိုဒီယံတွေ ပါဝင်သဖြင့် သွေးပေါင်ချိန်မြင့်တက်စေကာ နှလုံးအတွက် အန္တရာယ်ရှိစေပါတယ်။
▪️ (၄) ဟင်းရွက်ဆီများ - ဒီဆီတွေက နှလုံးအတွက် ကျန်းမာစေတယ်ဆိုပေမယ့် အိုမီဂါ-၆ ဖက်တီးအက်ဆစ်များ မြင့်မားတာကြောင့် ရောင်ရမ်းခြင်းဖြစ်စေပါတယ်။
▪️ (၅) ပေါင်မုန့်ကြမ်း - ပေါင်မုန့်ဖြူတွေထက် ပိုကောင်းတယ်ဆိုပေမယ့် ဈေးကွက်ထဲက ပေါင်မုန့်ကြမ်းတွေက သကြားနဲ့ ဆိုဒီယံ ပါဝင်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကို သက်ရောက်စေပါတယ်။
▪️ (၆) အားဖြည့်အချိုရည်များ - ဒီအချိုရည်တွေဥ ရေဓာတ်ဖြည့်ခြင်းနဲ့ အားပြန်ဖြည့်ခြင်း ပေးစွမ်းတယ်လို့ ကြော်ငြာကြပေမယ့် တကယ်တမ်းတော့ သကြားနဲ့ ဆိုဒီယံများပြားကာ နှလုံးမကောင်းသူတွေမှာ ဘေးအန္တရာယ် ပိုဖြစ်စေနိုင်ပါတယ်။
▪️ (၇) အခွံမာသီးအရော - အခွံမာသီးတွေနဲ့ သစ်သီးခြောက်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ထုပ်ပိုးရောင်းချတာတွေထဲမှာ အငန်ဓာတ်တွေ၊ အချိုဓာတ်တွေပါတာကြောင့် နှလုံးအတွက် မကောင်းပါဘူး။
▪️ (၈) အပင်အခြေပြုအသားများ - အသားကြီးတွေနဲ့ယှဉ်ရင် ကိုလက်စ်ထရောနည်းပေမယ့် ဆိုဒီယံ၊ ပြည့်ဝဆီ၊ တာရှည်ခံဆေးတွေ မြင့်မားတာကြောင့် နှလုံးသွေးကြောအန္တရာယ် ဖြစ်စေပါတယ်။
▪️ (၉) ဖျော်ရည်များ - သဘာဝသစ်သီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဖျော်ရည်တွေထဲမှာ သကြားဓာတ် အများအပြား ပါဝင်ပါတယ်။
▪️ (၁၀) သစ်သီးခြောက်များ - အာဟာရဓာတ် ကြွယ်ဝပေမယ့် အခြောက်ခံတဲ့အခါ သကြားများစေပြီး တာရှည်ခံဆေးတွေလည်း ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။
Source: DoctorNDTV
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)လေတပ်ရဲ့ ၂၀၂၅ လေကြောင်းပြပွဲနဲ့ ချန်ချွန်းလေကြောင်းပြပွဲကို တရုတ်အရှေ့မြောက်ပိုင်း ချန်ချွန်းမြိုမှာ သောကြာနေ့က စတင်ပြုလုပ်ခဲ့ကာ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်လေယာဉ်များစွာကို ပြသခဲ့ပါတယ်။
#Asia_Military
Published 22 September 2025
#တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် #ချန်ချွန်းလေကြောင်းပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
စူပါတိုင်ဖွန်းကြောင့် နေရာကွက်ပြီးမိုးကြီးနိုင်တာကြောင့် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးတွေသတိပြုကြဖို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်က
ယမာန်နေ့ သတိပေးထားပါတယ်။
#Local_News
Published 22 September 2025
#စူပါတိုင်ဖွန်း #မိုးကြီး
#YMG/NN #Yangon_Times
#Local_News
Published 22 Sept 2025
▪️ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူမြတ်စွာဘုရားတို့ကို ယမန်နေ့ မနက် ၇ နာရီတွင် အင်းသားရိုးရာဆွဲလှေ (၄၆)စီးဖြင့် ရေလမ်းခရီး ပင့်ဆောင်ပူဇော်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနား ပထမပိုင်းကို ယမာန်နေ့ မနက် ၄ နာရီက ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံးစံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
▪️ အဆိုပါ အခမ်းအနားသို့ ကြွရောက်လာကြကုန်သော မိုင်းသောက်ပထမစာသင်တိုက် ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံတို့ အမှူးပြုသော ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး နမ့်ဟူးကျောင်းဆရာတော် ဦးဝိဇယအရှင်မြတ်က မာရ်အောင်မင်္ဂလာ ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့သည်။
▪️ ထို့နောက် တောင်ခြေကျောင်းဆရာတော် ဦးကောဝိဒက ကောင်းတင်းခြိမ့်ညံ ကြွေးကြော်သံ ဂါထာတော်နှင့် ရွှေဉာဏ်တော်ဖွင့်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီး ဖောင်တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များအား အနေကဇာတင်တော်မူကြသည်။
▪️ ၎င်းနောက် ဧည့်သည်တော်ကြီးများက ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ခေတ္တရပ်နားခဲ့သည်။
▪️ ယင်းနောက် မနက် ၆ နာရီတွင် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ မိုင်းသောက် ပထမစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူပန်ဆင်ကြသည်။
▪️ ထို့နောက် ညောင်ရွှေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ (၂၁)ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံပါမည့်အကြောင်း ပင့်ပန်လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး ဖောင်တော်ဦးရုပ်ရှင်တော်မြတ် ပထမအဆူကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က လည်းကောင်း၊ ဒုတိယအဆူကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက လည်းကောင်း၊ တတိယအဆူကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက လည်းကောင်း၊ စတုတ္ထအဆူကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ကလည်းကောင်း အသီးသီးအစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
▪️ အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူတို့အား မနက် ၇ နာရီတွင် အင်းသားရိုးရာဆွဲလှေ (၄၆)စီးဖြင့် ရေလမ်းခရီး ပင့်ဆောင်ပူဇော်ကြပြီး ယနေ့တွင် ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံမည်ဖြစ်၍ စက်တင်ဘာ ၂၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမစံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကြောင်း သိရှိရသည်။
#YMG/NN #Yangon_Times
တစ်နိုင်ငံလုံးမှာ ကော်ဖီသီးနှံဧကခြောက်သောင်းကျော် စိုက်ပျိုးထားပြီးဆက်လက်တိုးချဲ့စိုက်ပျိုးနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ် ။
#Local_News
Published 22 September 2025
#ကော်ဖီ
#YMG/NN #Yangon_Times
နှစ်လခန့်ဆက်တိုက်မြင့်တက်ခဲ့တဲ့ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးဟာ ယခုတစ်ပတ်မှာတော့ပြောင်းလဲမှုမရှိဘဲ စတင်တည်ငြိမ်လာတာကို စားသုံးသူရေးရာဦးစီးဌာနမှအပတ်စဉ်ထုတ်ပြန်တဲ့ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 22 September 2025
#စားအုန်းဆီ
#YMG/SW #Yangon_Times
Page 141 of 1918