#Local_News
Published 01 October 2026
■ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ကြောင်းသိရသည်။
■ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
■ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးအား ထပ်မံဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေးစစ်ဆေးနိုင်ခဲ့သည်။
■ အဆိုပါပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
■ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၈၂ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃ (၁)/ ၁၃ (၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၅၇၈ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၇၀၄ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
■ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#YMG/NN #Yangon_Times
#Local_News
Published 01 October 2026
■ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၈ ရက်မှ ၁၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲ စုစုပေါင်း ၃၉၃၃ တွဲကို သတ်မှတ်ရက်များအလိုက် တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါအတွဲများတွင် ပုလဲအတွဲ ၇၀၀၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်းအတွဲ ၃၀၇၃ တွဲ ပါဝင်သည်။ ကျောက်စိမ်းအတွဲများမှာ (အေ) အုပ်စု ၃၅၀ တွဲ၊ (ဘီ) အုပ်စု ၁၂၅၅ တွဲနှင့် (စီ) အုပ်စု ၁၄၆၈ တွဲ ဖြစ်ကြောင်း သိရသည်။
■ ယင်းအချက်များကို ယနေ့နံနက်ပိုင်းက နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ (ဒုတိယအကြိမ်) အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
■ အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ပြပွဲတွင် ရတနာကုန်သည်များ ပေးသွင်းရမည့် အာမခံစပေါ်ငွေနှင့် ကျောက်အတွဲတန်ဖိုးငွေများကို အမေရိကန်ဒေါ်လာ၊ အမေရိကန်ဒေါ်လာနှင့်ညီမျှသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစား သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ရေး ယခင်ပြပွဲများနည်းတူ ကျောက်အတွဲအမျိုးအစားအလိုက် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
■ အမေရိကန်ဒေါ်လာနှင့်ညီမျှသည့် ငွေလဲလှယ်နှုန်းထား သတ်မှတ်ရာတွင် နိုင်ငံတော်က နစ်နာမှုမရှိစေရေးနှင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ဈေးနှုန်းအပြိုင်ပေး၍ ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းများအနက် အမြင့်ဆုံးငွေလဲလှယ်နှုန်းကို အသုံးပြု၍ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ ယင်းသို့ သတ်မှတ်ရာတွင် ပြပွဲစတင်ကျင်းပမည့် အောက်တိုဘာ ၈ ရက်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ထုတ်ပြန်သည့် ငွေလဲလှယ်နှုန်းထားများကို ရယူပြီး သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
■ ထို့ပြင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 01 October 2026
■ အကြမ်းဖက်တိုက်ခိုက်မှုလို့ သံသယရှိခံထားရတဲ့ flydubai လေယာဉ်ပေါ်က ခရီးသည်တွေဟာ ဗုဒ္ဓဟူးနေ့တုန်းက မတော်တဆဘေးအန္တရာယ်ကြီးကို ဟန့်တားကာကွယ်ပေးခဲ့ကြတဲ့ ရဲရင့်တဲ့ သူရဲကောင်းတွေကို ကျေးဇူးတင်ရင်း၊ လေယာဉ်ပေါ်က ရုတ်ရုတ်သဲသဲဖြစ်ရပ်နဲ့ သွေးပျက်စရာ သွေးထွက်သံယို မြင်ကွင်းတွေကို ပြန်ပြောပြခဲ့ကြပါတယ်။
■ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ မောင်ဖြစ်သူ ဆုံးရှုံးခဲ့ရတဲ့ မီရီယမ် အိုဟာယွန် ကတော့ ခရီးစဉ်အမှတ် ၁၀၇၃ ဟာ တဲလ်အဗစ် ကို ဦးတည်ပျံသန်းနေတုန်း အထက်အောက် ထိန်းမရဘဲ ထိုးစိုက်ဆင်းသွားချိန်မှာ လေယာဉ်ပေါ်မှာ ငရဲပွက်သလို ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။
■ လေယာဉ်မှူးကြီး Smit Machchhar ကလေယာဉ်မောင်းခန်း တံခါးကို ဖွင့်ပေးလိုက်တဲ့အချိန်မှာ သွေးရွှဲနေတဲ့ လေယာဉ်မှူးကြီးကို မြင်လိုက်ရတာကြောင့် ထိတ်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်လို့ အိုဟာယွန်က ပြန်ပြောင်းပြောပြပါတယ်။
■ "လေယာဉ်ပေါ်မှာ အော်ဟစ်သံတွေကြားရပြီး လေယာဉ်မောင်းခန်းတံခါးကို ပွင့်လိုက်တဲ့အခါ သွေးတွေအများကြီး မြင်လိုက်ရတယ်" လို့ သူမက အစ္စရေးရဲ့ Channel 24 သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
■ အခြားခရီးသည်တစ်ဦးဖြစ်သူ Mika Bauman ကတော့ လေယာဉ်ဟာ ပေ ၁၈,၀၀၀ မက ရုတ်တရက် ထိုးစိုက်ကျသွားတဲ့ ခံစားချက်ဟာ ရိုလာကိုစတာစီးရင်း အောက်ကိုထိုးကျသွားတာထက် အဆပေါင်းများစွာပိုဆိုးရွားလွန်းတယ်လို့ပြောပါတယ်။
■ ဒီထိတ်လန့်စရာဖြစ်ရပ်အပြီးမှာ ခရီးသည်တွေဟာ လေယာဉ်မှူးကြီး မချာ ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒုတိယလေယာဉ်မှူးကို ဝိုင်းဝန်းထိန်းသိမ်းပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ကျေးဇူးတင်နိုင်ခဲ့ကြတယ်လို့ ဘိုးမန်းက ဖြည့်စွက်ပြောပါတယ်။
■ အဲဒီသူရဲကောင်းတွေရဲ့ အင်္ကျီတွေမှာ သွေးတွေ ပေကျံနေတာကြောင့် ခွဲခြားသိမြင်ဖို့ အလွန်လွယ်ကူခဲ့တယ်လို့လည်း ဆိုပါတယ်။
Source- New York Post
#Local_News
Published 01 October 2026
■ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ ယူရီးယားမြေဩဇာ တန်ချိန် ၁၄၂,၀၀၀ နှင့် ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန်ချိန် ၅၇၀,၅၈၄ အတွက် ထောက်ခံချက်များပေးထားကြောင်း သိရသည်။
■ အဆိုပါအချက်ကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရခြင်းဖြစ်သည်။
■ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက တောင်သူများအဆင်ပြေစေရန် ဓာတ်မြေဩဇာများ စုပေါင်းဝယ်ယူ၊ စုပေါင်းဖြန့်ဖြူးနိုင်ရေးအတွက် သမဝါယမစနစ် Consortium ပုံစံဖြင့် အမြတ်မယူဘဲ ဆောင်ရွက်နေကြောင်း ပြောကြားသည်။
■ ထို့ပြင် ဓာတ်မြေဩဇာများအတွက် ရည်ညွှန်းဈေးနှုန်းကို လစဉ်ပုံမှန်ထုတ်ပြန်ပေးနေပြီး အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေးနှင့် ဓာတ်မြေဩဇာများကို သိုလှောင်ကာ ဈေးကစားမှုမရှိစေရေးအတွက် မြို့နယ်အလိုက် အရောင်းဆိုင်များကို စစ်ဆေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
■ ကော်မတီ၏ ရည်ရွယ်ချက်နှင့်အညီ ဓာတ်မြေဩဇာများကို အချိန်မီရရှိရေး၊ အရည်အသွေးပြည့်ဝရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် တောင်သူများလက်ဝယ်အရောက် တိုက်ရိုက်ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအပါအဝင် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားသည်။
■ အစည်းအဝေးတွင် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ထောက်ခံချက်ပေးထားသည့် တန်ချိန်များကို မှတ်တမ်းတင်နိုင်ရေးအတွက် ရှင်းလင်းတင်ပြသည်။
■ ထို့နောက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဓာတ်မြေဩဇာများ ဝယ်ယူ၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
■ ဆက်လက်၍ ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 01 October 2026
■ ၁၀ မိနစ်ခန့် အလွန်နှေးတဲ့နှုန်းဖြင့် ပြေးခြင်းဟာ ဦးနှောက်လုပ်ဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးပြီး စိတ်ခံစားချက်ကို တက်ကြွစေပါတယ်။
■ ကြည်လင်ပြတ်သားမှု မြင့်မားတဲ့ ပုံရိပ်ဖော်နည်းပညာများအရ အချိန်တိုအတွင်း ပြေးပြီးနောက် ဦးနှောက်အရှေ့ပိုင်းခွံသို့ သွေးလှည့်ပတ်မှု တိုးလာကြောင်း တွေ့ရှိရပါတယ်။
■ ဦးနှောက်အရှေ့ပိုင်းခွံက စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက်များနဲ့ စိတ်ခံစားချက် ထိန်းချုပ်မှုအတွက် တာဝန်ရှိတဲ့ အဓိကဦးနှောက်အစိတ်အပိုင်း ဖြစ်ပါတယ်။
■ ပါဝင်စမ်းသပ်ခံသူများဟာ နောက်ဆက်တွဲစမ်းသပ်မှုများအတွင်း အသိဉာဏ်ဆိုင်ရာ မြန်ဆန်မှုနဲ့ အာရုံစူးစိုက်နိုင်စွမ်းတို့မှာ သိသာထင်ရှားတဲ့ တိုးတက်မှုများကို ပြသခဲ့ကြပါတယ်။
■ ပြေးသူတွေက ဝမ်းမြောက်ကြည်နူးမှုနဲ့ စိတ်ခံစားချက် သိသိသာသာ ကောင်းမွန်လာကြောင်း သတင်းပို့တဲ့အတွက် စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို ချက်ချင်းရရှိခဲ့ပါတယ်။
■ အလွန်နှေးစွာပြေးခြင်းက ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေရဲ့ ခန္ဓာကိုယ်အပေါ် ပင်ပန်းခြင်းမရှိဘဲ အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါတယ်။
■ စက်ဘီးစီးခြင်းနဲ့ မတူဘဲ ပြေးခြင်းက အပိုဆောင်း ဦးနှောက်အစိတ်အပိုင်းများကို ပိုမိုလှုံ့ဆော်ပေးနိုင်တဲ့ သီးသန့်ဟန်ချက်ညီ ပေါင်းစပ်ညှိနှိုင်းမှု လိုအပ်ပါတယ်။
■ အချိန်တိုအတွင်း သက်တောင့်သက်သာ ပြေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ စိတ်ခံစားချက်နှစ်ခုလုံးကို မြှင့်တင်ပေးနိုင်တဲ့ လက်လှမ်းမီလွယ်ပြီး အကျိုးထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
Source: Toronto Sun
#World_Health
Published 01 October 2026
■ Science Advances ဂျာနယ်ပါ လေ့လာမှုတစ်ခုမှာ အယ်ဇိုင်းမားဝေဒနာရှင်တွေရဲ့ ဦးနှောက်နမူနာ ၉၀ ရာခိုင်နှုန်းကျော်မှာ P.gingivalis ဘက်တီးရီးယား အဆိပ်အတောက်ဖြစ်စေတဲ့ အင်ဇိုင်းများကို တွေ့ရှိခဲ့ပါတယ်။
■ အဆိုပါ ဘက်တီးရီးယားက ပြင်းထန်တဲ့ သွားဖုံးရောဂါတစ်မျိုးဖြစ်တဲ့ နာတာရှည်သွားဖုံးရောင်ရောဂါနဲ့ အခိုင်အမာ ဆက်စပ်မှုရှိပါတယ်။
■ ပျက်စီးနေတဲ့ သွားဖုံးတစ်ရှူးများဟာ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို သွေးကြောထဲသို့ ဝင်ရောက်စေပြီး ဦးနှောက်ဆီ ရောက်ရှိသွားစေနိုင်ပါတယ်။
■ ဦးနှောက်တစ်ရှူးများအတွင်းရှိ ထိုဘက်တီးရီးယား အင်ဇိုင်းများဟာ အာရုံကြောဆဲလ် ပျက်စီးခြင်း၊ ရောင်ရမ်းခြင်း၊ ပရိုတိန်းများ ပုံမှန်မဟုတ်ဘဲ စုပြုံလာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
■ ကြွက်တွေမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုများအရ ပါးစပ်မှတဆင့် ပိုးဝင်ရောက်မှုဟာ ဦးနှောက်ရောင်ရမ်းခြင်းနဲ့ အယ်ဇိုင်းမားဖြစ်စေတဲ့ အမိုင်လွိုက်ဘီတာပရိုတိန်း ထွက်ရှိမှုကို မြင့်တက်စေကြောင်း တွေ့ရှိရပါတယ်။
■ ကြွက်တွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ အင်ဇိုင်းတွေကို တားဆီးလိုက်တဲ့အခါ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ခဲ့ပြီး ဦးနှောက်ရဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ အာရုံကြောဆဲလ်များကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
■ ဒါပေမဲ့ အဆိုပါအင်ဇိုင်းကို ပိတ်ပင်တားဆီးတဲ့ ဆေးဝါးဖြင့် လူတွေမှာ စမ်းသပ်ကုသမှုများ ပြုလုပ်ခဲ့ရာမှာ အယ်ဇိုင်းမားဝေဒနာရှင်များရဲ့ သိမြင်နားလည်နိုင်စွမ်းရည်ကို တိုးတက်လာခြင်း မရှိခဲ့ပါဘူး။
■ သုတေသီတွေက သွားဖုံးရောဂါနဲ့ အယ်ဇိုင်းမားဟာ ဆက်စပ်မှုရှိပေမယ့် သွားဖုံးရောဂါဟာ အယ်ဇိုင်းမားရောဂါကို တိုက်ရိုက်ဖြစ်ပွားစေကြောင်း အတည်ပြုသက်သေပြနိုင်ခြင်း မရှိသေးဘူးလို့ ထောက်ပြထားပါတယ်။
Source: India Today
#Local_News
Published 30 September 2026
■ မော်လမြိုင်မြို့တွင် အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် ထိခိုက်မှုရှိခဲ့သည့် ထားဝယ်ဆိပ်ခံဘောတံတားနှင့် ရွှေမြိုင်ဆိပ်ခံဘောတံတားတို့ကို လက်ရှိအခြေအနေထက် ထပ်မံထိခိုက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အမြန်ဆုံး ပြန်လည်ပြုပြင်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ညွှန်ကြားထားကြောင်း သိရသည်။
■ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ အဆိုပါဆိပ်ခံဘောတံတားများသို့ သွားရောက်၍ မုန်တိုင်းငယ်အရှိန်ကြောင့် ထိခိုက်ပျက်စီးမှုနှင့်လက်ရှိကြံ့ခိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
■ ထို့ပြင် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်ရှိ နတ်ကျွန်းချောင်းအတွင်း ချောင်းများနှင့် ရေနုတ်မြောင်းများတွင် ပိတ်ဆို့နေသည့် ချုံနွယ်များ၊ အမှိုက်သရိုက်များနှင့် နှုန်းမြေများကို စက်ယန္တရားနှင့် လူအင်အားအသုံးပြု၍ ဖယ်ရှားရှင်းလင်းကာ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
■ ပြည်နယ်ဝန်ကြီးချုပ်က ရေစီးရေလာကောင်းမွန်စေရေးအတွက် အတားအဆီးများကို အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရန်၊ ရေကြီးရေလျှံနိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျပြင်ဆင်ထားရန်နှင့် ရေဆိုးထုတ်ပြွန်များ ပိတ်ဆို့မှုမရှိစေရေး အမြဲမပြတ်စစ်ဆေးရန် မှာကြားခဲ့သည်။
■ ဆိပ်ခံဘောတံတားများ ပြန်လည်ပြုပြင်ရေးနှင့် လိုအပ်သည့်လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 September 2026
■ ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမာခန်မြို့တွင် ကျင်းပသည့် (၄၆) ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အသက် (၁၅) နှစ်အရွယ် စစ်တုရင်ကစားသမား မင်းအမရာဝတီသည် Woman FIDE Master (WFM) Title ကို ရရှိခဲ့ပြီး မြန်မာ့စစ်တုရင်သမိုင်းတွင် အသက်အငယ်ဆုံး WFM အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
■ မင်းအမရာဝတီသည် အဆိုပါပြိုင်ပွဲတွင် ပွဲစဉ် (၉) ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ စုစုပေါင်း (၆) မှတ် ရရှိခဲ့ပြီး Woman Candidate Master (WCM) စံနှုန်းကို ပြည့်မီခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် (FIDE) ၏ သတ်မှတ်ချက်များနှင့်အညီ Woman FIDE Master (WFM) Title ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ အသက် (၁၅) နှစ်အရွယ်တွင် နိုင်ငံတကာအသိအမှတ်ပြု WFM Title ကို ရရှိခဲ့သည့် မင်းအမရာဝတီသည် စက်တင်ဘာ (၂၉) ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 September 2026
■ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းသည် ၂၀၂၇ အာရှ ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် အိန္ဒိယ အမျိုးသား ယူ-၁၇ အသင်းကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အသိပေးထားသည်။
■ အဆိုပါ ခြေစမ်းပွဲများကို အောက်တိုဘာ ၄ ရက်နှင့် ၇ ရက်တို့တွင် ညနေ ၃:၃၀ နာရီ၌ သန်လျင်မြို့နယ်ရှိ Star City ကွင်း (Sunset Venue) တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး
မြန်မာနှင့် အိန္ဒိယအမျိုးသား ယူ-၁၇ အသင်းနှစ်သင်းစလုံးသည် လာမည့်နိုဝင်ဘာလအတွင်း ကျင်းပမည့် ၂၀၂၇ AFC U-17 Asian Cup ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် အသင်းများဖြစ်သည်။ မြန်မာအသင်းသည် ၂၀၂၇ အာရှ ယူ-၁၇ ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (က)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး အိန္ဒိယအသင်းမှာ အုပ်စု (င) တွင် မလေးရှား၊ ပါလက်စတိုင်း၊ စင်ကာပူနှင့်ဂူအမ်အသင်းတို့နှင့်ကျရောက်နေကြောင်းသိရသည်။
■ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ မြန်မာဘောလုံးအကယ်ဒမီများမှ ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ဂျပန်လူမျိုး နည်းပြချုပ် Mr. Keisuke Amano က တာဝန်ယူ ကိုင်တွယ်လျက်ရှိကာ အသင်းအနေဖြင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲတွင်လည်း Galaxy FC အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 September 2026
■ အောက်တိုဘာလအတွင်းနိုင်ငံတကာ ဘောလုံးပွဲစဉ်များကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
■ ထိုသို့ကျင်းပရာတွင်အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည့် မြန်မာ ယူ-၁၇ အမျိုးသားအသင်းနှင့် အိန္ဒိယ ယူ-၁၇ အမျိုးသားအသင်းတို့၏ International Friendly Matches (ခြေစမ်းပွဲများ)ပါဝင်ကြောင်းသိရသည်။
■ ထို့အပြင် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့် AFC U-17 Women's Asian Cup Qualifiers (Group G) ပြိုင်ပွဲနှင့် ရှမ်းယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်မည့် AFC Challenge League East Region (Group E) ပြိုင်ပွဲ ပွဲစဉ်များလည်း ပါဝင်ကြောင်းသိရသည်။
■ ထို့အပြင် ကလပ်အသင်းအဆင့်တွင်မူ AFC Challenge League East Region (Group E) ၌ ရှမ်းယူနိုက်တက်အသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
စက်တင်ဘာ ၃၀၊ ၂၀၂၆
■ ရွှေ့ပြောင်းနေထိုင်သူများကို ၎င်းတို့၏မူရင်းနိုင်ငံမဟုတ်သော တတိယနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးမှု ပြန်လည်ဆောင်ရွက်ရန် ထရမ့်အစိုးရကို အမေရိကန်တရားရုံးချုပ်က ယာယီခွင့်ပြုလိုက်သည်။
■ အောက်တရားရုံးက ပြည်နှင်ဒဏ်ပေးခံရသူများကို မပို့ဆောင်မီ ကန့်ကွက်ခွင့်ပေးရန် အမိန့်ချထားခြင်းဖြစ်သည်။
■ ထိုအမိန့်ကြောင့် လူ ၇၀ ခန့်ကို နိုင်ငံသုံးနိုင်ငံသို့ ပို့ဆောင်မည့် လေယာဉ်ခရီးစဉ် ဖျက်သိမ်းခဲ့ရကြောင်း အစိုးရကတရားရုံးချုပ်သို့တင်ပြခဲ့သည်။
■ မူရင်းနိုင်ငံသို့ ပြန်ပို့မရသူများ သို့မဟုတ် သက်ဆိုင်ရာအစိုးရများက လက်မခံသူများကို တတိယနိုင်ငံသို့ ပို့ဆောင်ရန် လိုအပ်ကြောင်း အစိုးရကဆိုပြီး လက်ခံမည့်နိုင်ငံများထံမှ ညှဉ်းပန်းနှိပ်စက်မှု မပြုရန် အာမခံချက်များရရှိထားကြောင်း အစိုးရရှေ့နေများကပြောသည်။
■ ရှေ့နေချုပ် တော့ဒ်ဘလန့်ချ်က ယင်းမူဝါဒကို “လုံးဝတရားဝင်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ အကောင်အထည်ဖော်ရာတွင်အရေးပါသည့် နည်းလမ်း” ဟု ကာကွယ်ပြောဆိုခဲ့သည်။
■ ရွှေ့ပြောင်းနေထိုင်သူများ၏ ရှေ့နေများကမူ ၎င်းတို့နှင့် အဆက်အသွယ်မရှိသော နိုင်ငံများသို့ ပို့ဆောင်ခြင်းကြောင့် ဖိနှိပ်ညှဉ်းပန်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အကျဉ်းချခံရမှုနှင့် အခြားကြီးမားသော အန္တရာယ်များကြုံနိုင်ကြောင်းကန့်ကွက်ထားသည်။
■ ယခုအမိန့်သည် မူဝါဒတရားဝင်ကြောင်း ဆုံးဖြတ်ခြင်းမဟုတ်ဘဲ အမှုတွင် အငြင်းပွားနေသည့် အခြေအနေများအရ တတိယနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးနိုင်ခြင်း ရှိ၊ မရှိကို တရားရုံးချုပ်က ဒီဇင်ဘာလတွင် ကြားနာမည်ဖြစ်သည်။
မူရင်းသတင်းရင်းမြစ် — WION၊ Navashree Nandini
#Local_News
Published 30 September 2026
■ “Naypyitaw” ဟု အမည်ပေးထားသည့် MAI ၏ ATR 72-600 လေယာဉ်သစ် XY-ANE
ပြင်သစ်နိုင်ငံမှ ရောက်ရှိလာရာကြိုဆိုခဲ့ကြောင်း Myanmar Airways International (MAI) ကအသိပေးထားသည်။
■ အဆိုပါလေယာဉ်သည် ပြင်သစ်နိုင်ငံ Toulouse မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ရေဖြန်းဂုဏ်ပြုကြိုဆိုမှုဖြင့် ဂုဏ်ပြုခဲ့ကြောင်း ၊ XY-ANE သည် MAI ၏ ATR 72-600 လေယာဉ်အုပ်စုတွင် အသစ်ထပ်မံဝင်ရောက်လာသော လေယာဉ်ဖြစ်ပြီး လေယာဉ်အုပ်စုတိုးချဲ့ရေးနှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းလေကြောင်းဆက်သွယ်မှုများအပြင် ဒေသတွင်းနိုင်ငံများနှင့် လေကြောင်းဆက်သွယ်မှုများကို ပိုမိုအားကောင်းစေရန် အထောက်အကူပြုမည်ဖြစ်သည်ဟုဆိုထားသည်။
■ ထို့အပြင် MAI အနေဖြင့်လည်း လေကြောင်းကွန်ရက်များကို ဆက်လက်တိုးချဲ့ပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအကြား ခရီးစဉ်ဆက်သွယ်မှုများ ပိုမိုရရှိစေရန် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
#YMG/NN #Yangon_Times
Page 14 of 2096