#Daily_News
Published 11 September 2025
၁။ ရန်ကုန်၌ ဆေးယဉ်ပါးတီဘီဖြစ်ပွားမှု၏ (၅၅) ရာခိုင်နှုန်းရှိနေဟုဆို
၂။ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ (၂၂) သန်း ရောင်းချပေးမည်
၃။ လေပွေလှိုင်းနှစ်ခုအရှိန်ကြောင့် နိုင်ငံအနှံ့မုတ်သုံမိုးရွာသွန်းပြီး အထက်ပိုင်း၌ မိုးကြီးနိုင်
၄။ နိုင်ငံ၏ပြဿနာများစွာနှင့်ရင်ဆိုင်နေရသည့် ထိုင်းဝန်ကြီးချုပ်သစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ထိုင်းရောက် မြန်မာလုပ်သားများအနေနဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်CI လျှောက်ထားရာတွင် ဘတ် (၂၆၇၀) သာ ကုန်ကျမှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 11 September 2025
#ထိုင်း #CI
#YMG/SW #Yangon_Times
လေပွေလှိုင်းနှစ်ခုအရှိန်ကြောင့် လာမယ့် ၁ ပတ်အတွင်းမှာ နိုင်ငံအနှံမုတ်သုံမိုး အသင့်အတင့်ဆက်လက်ရွာနိုင်သလို မြန်မာနိုင်ငံအထက်ပိုင်းမှာလည်း မိုးကြီးနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်က ပြောကြားထားပါတယ်။
#Local_News
Published 11 September 2025
#လေပွေလှိုင်း #မိုးလေဝသပညာရှင်ဦးဝင်းနိုင်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ (၂၂) သန်း ရောင်းချပေးသွားမယ်လို့ ယမန်နေ့ကထုတ်ပြန်ထားပါတယ်။
#Local_News
Published 11 September 2025
#စက်သုံးဆီလုပ်ငန်းရှင် #နိုင်ငံခြားငွေကြေးဈေးကွက်
#YMG/SW #Yangon_Times
ရန်ကုန်၌ ဆေးယဉ်ပါး တီဘီဖြစ်ပွားမှုရဲ့ (၅၅) ရာခိုင်နှုန်းရှိနေတယ်လို့
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ကသိရပါတယ်။
#Local_News
Published 11 September 2025
#ဆေးယဉ်ပါးတီဘီ #ရန်ကုန်
#YMG/NN #Yangon_Times
#Local_News
Published 11 September 2025
▪️ မြိတ်တက္ကသိုလ်နှင့် တရုတ်သဘာဝသယံဇာတဝန်ကြီးဌာန၊ Fourth Institute of Oceanography တို့အကြား Memorandum of Understanding Concerning Scientific Research and Technology Cooperation ကို တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ၉-၉-၂၀၂၅ ရက်နေ့၌ ကျင်းပသော China-ASEAN Countries Forum on Blue Economy Cooperation and Development (CAFBE) တွင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါChina-ASEAN Countries Forum on Blue Economy Cooperation and Development (CAFBE) သို့ မြန်မာ နိုင်ငံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း တက်ရောက်ခဲ့ပြီး တရုတ်သဘာဝသယံဇာတဒုတိယဝန်ကြီး Mr. Cun Shuxian၊ ကွမ်ရှီး ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Hu Fan၊ ကမ္ဘောဒီးယားနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး Mr. Choup Paris နှင့် တရုတ်နှင့် အာဆီယံနိုင်ငံများရှိ အဏ္ဏဝါသိပ္ပံဆိုင်ရာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် နန်နင်းမြို့အခြေစိုက် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်စုစုပေါင်း (၅၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ ဖိုရမ်၌ တရုတ်သဘာဝသယံဇာတဒုတိယဝန်ကြီး Mr. Cun Shuxian အပါအဝင် အဓိကဧည့်သည်တော်များက အဖွင့်အမှာစကားများ ပြောကြားစဉ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာကြား မဟာဗျူဟာနေရာတွင်တည်ရှိရာ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ များသို့ ဆက်သွယ်ပေးသည့် ဝင်ပေါက်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများတွင် အဏ္ဏဝါဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် ချမှတ်ခဲ့သော အာဆီယံအဏ္ဏဝါစီးပွားရေးမူဘောင်နှင့် ဒေသတွင်းဆက်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးရေးအတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းစသည့် အရေးပါသည့် အခြေခံအဆောက်အဦများကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့ပြင် မိတ်ဖက်နိုင်ငံများနှင့်လည်း ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ အဏ္ဏဝါကာကွယ်ရေး၊ အရည်အချင်းမြှင့်တင်ခြင်းလုပ်ငန်းများ၌လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အဦနှင့် ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းအင်သစ်လုပ်ငန်း၊ မူဝါဒချမှတ်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လိုပြီး စမတ်ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ရေကြောင်း သွားလာမှုများတွင် တရုတ်နိုင်ငံမှ အတွေ့အကြုံများကို လေ့လာလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
▪️ ထို့နောက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကြရာတွင် မြန်မာနိုင်ငံ၊ မြိတ်တက္ကသိုလ်နှင့် တရုတ်သဘာဝသယံဇာတဝန်ကြီးဌာန၊ Fourth Institute of Oceanography တို့အကြား Memorandum of Understanding Concerning Scientific Research and Technology Cooperation ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 September 2025
▪️ ၂၀၂၅ ခုနှစ် စီချွမ်း တောင်အာရှနှင့် အရှေ့တောင်အာရှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ၁၀-၉-၂၀၂၅ ရက်တွင် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့ရှိ Jin Jaing Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါညီလာခံသို့မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း တက်ရောက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါညီလာခံကို စီချွမ်းပြည်နယ်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် အဆင့်မြင့်ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ထောင်ရန်၊ စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ သမားရိုးကျကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဒီဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ ထုတ်လုပ်မှုနှင့်ထောက်ပံ့ရေးကွင်းဆက်များ အပြန်အလှန်ချိတ်ဆက်နိုင်သည့် ဒေသဆိုင်ရာစီးပွားရေးအသွင်သို့ မြှင့်တင်ဖော်ဆောင်ရေးအတွက် အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ညီလာခံသို့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်စီချွမ်းပြည်နယ်ကော်မတီဒုတိယဥက္ကဌ Mr. Lin Shucheng နှင့် စီချွမ်းပြည်နယ်အစိုးရတာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် သီရိလင်္ကာနိုင်ငံ၊
စက်မှုနှင့် စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Mr. Chathuranga Abeysinghe၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ် စားလှယ်များ၊ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 September 2025
▪️ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ပုသိမ်အကျဉ်းထောင်၊ ပုသိမ်မြို့ရှိရဲစခန်း အချုပ်ခန်းများနှင့် စက်တော်ရာဘိုးဘွားရိပ်သာများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်နှင့် ဦးသန်းဝင်းတို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ပုသိမ်အကျဉ်းထောင်၊ စက်တော်ရာဘိုးဘွားရိပ်သာနှင့် ပုသိမ်မြို့ရှိရဲစခန်း အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်အကျဉ်းထောင်အတွင်း ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သည့် နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေ အနေ၊ ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ ယုံကြည်ရာကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခြင်းနှင့် တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
▪️ ထို့ပြင် အကျဉ်းသား အကျဉ်း သူများအား အကျဉ်းထောင် ဝန်ထမ်းများနှင့် အကျဉ်းသား အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိတို့ကိုမေးမြန်းကာ ထောင်ဝင်စာလာရောက်တွေ့ဆုံသည့် အကျဉ်းသားမိသားစုဝင် ၂၈ ဦးနှင့်တွေ့ဆုံ၍ အကျဉ်းသားနှင့်တွေ့ဆုံရာတွင် အခက်အခဲ ရှိ၊ မရှိ အကျဉ်းသားအတွက် ပစ္စည်းပေးပို့ရာတွင် အဆင်ပြေမှု ရှိ၊ မရှိ စသည်တို့ကို တွေ့ဆုံမေးမြန်းပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူ ၁၅ ဦးကိုလည်း သီးခြားတွေ့ဆုံ မေးမြန်း မှတ်တမ်းတင်ခဲ့သည်။
▪️ ထို့နောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူ များ၏ အိပ်ဆောင်များ၊ အကျဉ်းထောင် ဆေးရုံဆောင်၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့် နေရာ၊ စားဖိုကြီး၊ ထမင်းစားဆောင်၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်းအပြင် မိလ္လာများ သန့်ရှင်းမှုရှိ၊ မရှိနှင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများ လှူဒါန်းခဲ့သည်။
▪️ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် စက်တော်ရာဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး အခြေခံလူ့အခွင့်အရေးဖြစ်သော လွတ်လပ်မှု၊ မျှတမှု ရှိ၊ မရှိနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုကိုအခြေခံ၍ စောင့်ရှောက်ထားခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။
▪️ ထိုသို့ စစ်ဆေးစဉ် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအခြေအနေ၊ အစားအစာနှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေနှင့် အသက် ၈၅ နှစ် ပြည့်ပြီးသော သက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးရရှိရေး၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေနှင့် ဘိုးဘွားများ၏ ကာယသုခ၊ စိတ္တသုခပြည့်ဝစေပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးရရှိရေး စီစဉ်ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ရိပ်သာ၌ လက်ခံ စောင့်ရှောက်ထားသော အဘိုးအဘွားစုစုပေါင်း ၄၁ ဦးကို နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားခဲ့သည်။
▪️ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်မြို့မရဲစခန်းအချုပ်ခန်းနှင့် နယ်မြေရဲစခန်း အချုပ်ခန်းတို့အား ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် ရမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်း နှိပ်စက်မှု ရှိ၊ မရှိ အခြေအနေ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန် ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့ကို အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 September 2025
▪️ တိုင်းပြည်အသွင်ကူးပြောင်းရေးကဏ္ဍများတွင် တတ်စွမ်းနိုင်သော ကိုယ်စွမ်းဥာဏ်စွမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖျက်သိမ်းခံရသည့်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF က အသိပေးထုတ်ပြန်ထားသည်။
▪️ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ကို သတ်မှတ်ပါတီဝင်ဦးရေမပြည့်မှီသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကိုပယ်ဖျ-က်၍ နိုင်ငံရေးပါတီအဖြစ်မှဖျက်သိမ်းခဲ့ကြောင်း စက်တင်ဘာ ၉ ရက်က ကြေညာချက်အမှတ် ၉၅ /၂၀၂၅ ဖြင့် ထုတ်ပြန်ခဲ့သည်။
▪️ အဆိုပါကဲ့ သို့ ဖျ-က်သိမ်းခံခဲ့ရမှုနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအခင်းအကျင်းတွင်ဆက်လက်ပါဝင်ရန် အခွင့်အရေးဆုံးရှူံးခဲ့ရ၍ NDF ပါတီမှ ယမာန်နေ့ စက်တင်ဘာ ၁၀ ရက်တွင် NDF ပါတီဝင်များနှင့် မဲဆန္ဒရှင်ပြည်သူများအား အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။
▪️ ယင်းထုတ်ပြန်ချက်၌ ယခု ကျင်းပမည့်ရွေးကောက်ပွဲအား ဆက်လက်ပါဝင်ခွင့်ရရန် ကြိုးပမ်းလျှက်ရှိကာ နိုင်ငံရေးနည်းလမ်းအား မမှိတ်မသုန် ဆက်လက်ကိုင်စွဲ၍ တိုင်းပြည်အသွင်ကူးပြောင်းရေးကဏ္ဍများတွင် တတ်စွမ်းနိုင်သော ကိုယ်စွမ်းဥာဏ်စွမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ NDF ပါတီဝင်များအနေဖြင့်လည်း တစ်ဦးခြင်းဆန္ဒဖြင့် နိုင်ငံသားအခွင့်အရေးအရ၊ ဒီမိုကရေစီအခွင့်အရေးအရ တစ်သီးပုဂ္ဂလ(သို့)နိုင် ငံရေးယုံကြည်ချက်တူညီသော နိုင်ငံရေးပါတီများမှ ပါဝင်ယှဉ်ပြိုင်ကြရန် တိုက်တွန်းထားသည်။
▪️ အဆိုပါ NDF ပါတီသည် UEC ၏သတ်မှတ်ရက်ဖြစ်သော စက်တင်ဘာ ၇ ရက်အမှီ ပါတီဝင်ဦးရေ (၈၈,၈၂၀)ဦးနှင့် မြို့နယ်ရုံးခန်း(၁၁၇)ရုံးအားပေးပို့တင်ပြခဲ့ကြောင်းလည်း သိရသည် ။
#YMG/NN #Yangon_Times
#World_Health
Published 11 September 2025
▪️ အိပ်စက်စဉ်မှာ ခန္ဓာကိုယ်က ပြုပြင်ရေးလုပ်ငန်းစဉ်တွေ ပြုလုပ်ပေးပြီး အရေပြားဆီ သွေးလည်ပတ်မှုကောင်းစေပါတယ်။
▪️ ရိုးရှင်းစွာ အိပ်ရေးဝအောင်အိပ်စက်ရင် ရရှိလာမယ့် အရေပြားထိန်းသိမ်းမှု အကျိုးကျေးဇူးများကို ဖော်ပြသွားပါမယ်။
▪️ (၁) အိပ်ပျော်စဉ်မှာ အရေပြားကို တင်းရင်းချောမွေ့စေတဲ့ ကော်လာဂျင်ပရိုတိန်းကို ထုတ်လုပ်ပေးပြီး အရေးကြောင်းဖြစ်ခြင်းကို လျှော့ချပေးပါတယ်။
▪️ (၂) ညအိပ်တဲ့အခါ အရေပြားဆဲလ်သေတွေနေရာမှာ အသစ်တွေနဲ့ အစားထိုးပေးပြီး အရေပြားသစ်လွင်စေပါတယ်။
▪️ (၃) အိပ်ရေးပျက်တဲ့အခါ သွေးကြောတွေ ကျယ်စေပြီး မျက်ကွင်းညိုခြင်း ဖောင်းအစ်ခြင်းတို့ဖြစ်စေကာ လုံလောက်စွာ အိပ်စက်ရင်တော့ သွေးလည်ပတ်မှုကောင်းစေပြီး ကြည်လင်စေပါတယ်။
▪️ (၄) အိပ်နေစဉ်မှာ အရေပြားဆီ သွေးရောက်ရှိမှုများစေပြီး အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပံ့ပိုးပေးတာကြောင့် အသားအရေဝင်းပစေပါတယ်။
▪️ (၅) ဖိစီးမှုဟော်မုန်းနဲ့ အခြားဟော်မုန်းများကို ထိန်းချုပ်ပေးသဖြင့် ရောင်ရမ်းခြင်းများ လျှော့ချကာ အရေပြားအတွက် အကျိုးဖြစ်စေပါတယ်။
▪️ (၆) ရောင်ရမ်းခြင်းဖြစ်စေတဲ့ ဆိုင်တိုကိုင်းတွေကို ဖိနှိပ်ပေးသဖြင့် အရေပြားပြန်လည်သက်သာစေကာ အရေပြားပြဿနာများမှ ကာကွယ်ပေးပါတယ်။
▪️ (၇) အရေပြားမှ အကာအကွယ်လွှာ အားကောင်းစေပြီး စိုထိုင်းဆထိန်းသိမ်းပေးသဖြင့် ဘက်တီးရီးယား၊ အမှုန်အမွှားများမှ ကာကွယ်ပေးပါတယ်။
▪️ (၈) အလှကုန်ပစ္စည်းများရဲ့ အာနိသင်များကို ပိုမိုစုပ်ယူစေသဖြင့် အသားထဲ ပိုမိုရောက်ရှိစေပါတယ်။
▪️ (၉) ဓာတ်တိုးဖိစီးမှုများ ဖြစ်ခြင်းကို လျှော့ချပေးကာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို သက်သာစေပြီး အရေပြားပြုပြင်ပေးပါတယ်။
▪️ (၁၀) အိပ်နေစဉ်မှာ ရေဓာတ်ထိန်းညှိပေးပြီး အရေပြားစိုထိုင်းဆညီမျှစေကာ ချောမွေ့နူးညံ့စေပါတယ်။
Source: DoctorNDTV Ti
#World_News
Published 11 September 2025
▪️ အမေရိကန် ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ဒိုင်းဆောက်လုပ်ရေးနေရာတစ်ခုကို လူဝင်မှုကြီးကြပ်ရေးက ဝင်ရောက်စီးနင်းရာမှာ ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကိုရီးယားလုပ်သားများကို အမေရိကန်မှ လက်ထပ်မခတ်ဘဲ အလျင်အမြန်ထွက်ခွာခွင့်ပြုရန် တောင်ကိုရီးယားက အမေရိကန်ကို စက်တင်ဘာ ၁၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
▪️ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ အိမ်ဖြူတော်အစည်းအဝေးမှာ တောင်းဆိုမှု ပြုခဲ့တာဖြစ်ပါတယ်။
▪️ ဂျော်ဂျီယာမှာ ဒေါ်လာ ၄.၃ ဘီလီယံတန်ဖိုးရှိတဲ့ ဟွန်ဒိုင်းမော်တာနှင့် LG Energy Solution နေရာမှာ တောင်ကိုရီးယားလုပ်သား ၃၀၀ ခန့်နဲ့ အခြားလုပ်သား ၁၇၅ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
▪️ ကြာသပတေးနေ့အစောပိုင်းမှာ တောင်ကိုရီးယားလုပ်သားတွေက ထိန်းသိမ်းရေးစခန်းကနေ ဘတ်စ်ကားဖြင့် ထွက်ခွာပြီး မွန်းလွဲပိုင်း စီးလုံးငှားလေယာဉ်ဖြင့် အမေရိကန်ကနေ ပျံသန်းမှာဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြထားပါတယ်။
▪️ အနာဂတ်မှာ ဒီလိုမျိုးပြဿနာမျိုးမဖြစ်အောင် ဗီဇာအသစ်ကိစ္စပြုလုပ်ဖို့ နှစ်နိုင်ငံဆွေးနွေးသွားရန် ချိုဟွန်းက အဆိုပြုထားပါတယ်။
▪️ အမေရိကန်ပြည်မကြီးလုံခြုံရေးအဖွဲ့ရဲ့ ဝင်ရောက်စီးနင်းမှုက သမိုင်းမှာ အကြီးမားဆုံးလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။
▪️ အမေရိကန်လူဝင်မှု အာဏာပိုင်များက သာမန်အားဖြင့် နေရပ်ပြန်ပို့လေကြောင်းခရီးစဉ်အတွင်း လက်ထိပ်ခတ်လေ့ရှိကာ အခြားနိုင်ငံများမှ ဝေဖန်ထားကြပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားလုပ်သားများအနေဖြင့် လူဝင်မှုဥပဒေများကို အလေးထားကာ တရားဝင်လာရောက်ကြဖို့ တိုက်တွန်းနေပါတယ်။
Source: CNA
#World_Health
Published 11 September 2025
▪️ မနက်အိပ်ရာနိုးလို့ အရေးတကြီးအပေါ့သွားချင်တဲ့ အလေ့အထဟာ သာမန်အားဖြင့် ပုံမှန်ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပညာရှင် ဒီပီကာရှာမာက ပြောပါတယ်။
▪️ အိပ်ခါနီးမှာ ရေတစ်ခွက်သောက်တယ်ဆိုရင် နာရီဝက်အတွင်း ကျောက်ကပ်တွေက စစ်ထုတ်ပြီဖြစ်ပြီး ၅-၆ နာရီအကြာမှာ ဆီးအိမ်ပြည့်နေပါပြီ။
▪️ ဒါကြောင့် အိပ်ရာနိုးတာနဲ့ အပေါ့သွားချင်လာတာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။
▪️ ညဘက်မှာ တစ်ကြိမ်တစ်ခါလောက်နိုးပြီး အပေါ့သွားချင်တာကလည်း ပုံမှန်ပဲဖြစ်တယ်လို့ ဆိုပါတယ်။
▪️ မနက်ပိုင်း ရေများများသောက်ခြင်း၊ မအိပ်ခင် ရေတစ်ခွက်သောက်ခြင်းတို့အစား တစ်နေကုန် နည်းနည်းစီသောက်ခြင်းက အိပ်စက်မှုကို မထိခိုက်ဘဲ ရေဓာတ်ပြည့်ဝနေစေမယ်လို့ ပြောပါတယ်။
▪️ ခဏခဏနိုးလို့ အိပ်ရေးပျက်ရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။
▪️ ဆီးအိမ်ဟာ ပူစီဖောင်းတစ်ခုလိုဖြစ်ပြီး အရည်တွေပြည့်လာတဲ့အခါ ရှင်းထုတ်ရမယ်လို့ ဦးနှောက်ကို သတင်းပေးပို့ကာ အောင့်ထားမယ်လို့ ဆုံးဖြတ်လိုက်ရင် ဆီးအိမ်ချဲ့ထွင်လာပါတယ်။
▪️ ဒါပေမဲ့ အချိန်ကြာမြင့်စွာ အောင့်ထားရင်တော့ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်ကာ ဆီးလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ရောဂါကူးစက်မှုတွေ ဖြစ်လာနိုင်ကြောင်း နယူးဒေလီမှ မီးယပ်သားဖွားဆရာဝန် ရှိုဘာဂူ့ပ်တာက ပြောသွားပါတယ်။
▪️ ဆီးသွားချင်စိတ်ကို အောင့်ထားရင် သဘာဝလုပ်ငန်းစဉ်တွေ အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေမှာ မညီမျှမှုတွေ ဖြစ်လာနိုင်တယ်လို့ Jindal Naturecure တက္ကသိုလ်မှ အရာရှိချုပ် ဒေါက်တာ ဘာဘီနာအန်အမ်က ဆိုပါတယ်။
▪️ ဒါ့အပြင် ဆီးအိမ်ဟာ ကြွက်သားတစ်ခုဖြစ်ကာ ဆီးသွားချင်စိတ်ကို လစ်လျူရှုလိုက်ရင် ကြွက်သားအားနည်းစေပြီး ဆီးလွှတ်ထုတ်မှု ထိန်းချုပ်ခြင်းမှာ ခက်ခဲလာနိုင်ပါတယ်။
Source: Indian Express.
Page 90 of 1856