#Health_Tips
Published 24 August 2022
ငရုတ်သီးသင့်တင့်မျှတစွာပါဝင်တဲ့ အစားအစာကိုစားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးအမျိုးမျိုး ရရှိစေနိုင်တာကြောင့် အစပ်ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းပါ။
အစပ်ဆိုတဲ့ခံစားချက်က အချို၊ အချဉ်၊ အဖန်၊ အခါး၊ အငံ စတာတွေလိုမျိုး အရသာမဟုတ်ပါဘူး။
လျှာပေါ်က အရသာခံဖုလေးတွေကို သက်ရောက်တာမဟုတ်ဘဲ နာကျင်မှုအာရုံခံပစ္စည်းတွေပေါ်မှာ ပူစပ်ခြင်းဆိုတဲ့ ခံစားချက်ကို ပေးစွမ်းတာဖြစ်ပါတယ်။
ဒါကြောင့် ကပ်ဆေစင်ဆိုတဲ့ ဓာတုပစ္စည်းထွက်ရှိလာကာ ပူစပ်ခြင်းခံစားချက်ကို လျှာပေါ်မှာတင်ခံစားရတာမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာပါ ခံစားရစေပါတယ်။
အစပ်စားခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးများ ရရှိသလဲဆိုတော့...
(၁) အသက်ရှည်ခြင်း
၂၀၂၀ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ ငရုတ်သီးစားတဲ့သူတွေက မစားတဲ့သူတွေထက် နှလုံးရောဂါ၊ ကင်ဆာရောဂါကြောင့် သေဆုံးရနိုင်ချေ ပိုမိုနည်းပါးပါတယ်။
အစပ်စားသူတွေက နှလုံးရောဂါကြောင့် အသက်သေဆုံးနိုင်ချေ ၂၆ ရာခိုင်နှုန်း ပိုမိုနည်းပါးပြီး ကင်ဆာကြောင့် သေဆုံးနိုင်ချေ ၂၃ ရာခိုင်နှုန်းနဲ့ အခြားရောဂါဘယများကြောင့် သေဆုံးနိုင်ချေ ၂၅ ရာခိုင်နှုန်း ပိုမိုနည်းပါးနေပါတယ်။
(၂) အဝလွန်ခြင်းကို ကာကွယ်ပေးခြင်း
ကပ်ဆေစင်ဓာတ်ပစ္စည်းထွက်ရှိခြင်းက ကယ်လိုရီနဲ့ အစားအစာမှာပါဝင်တဲ့အဆီတွေကို လျှော့ချပေးပါတယ်။
ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်ကိုတိုးများစေပြီး အဆီတစ်ရှူးတွေကိုဖြိုခွဲပေးကာ အဝလွန်ခြင်းကို ကာကွယ်ပေးပါတယ်။
(၃) ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးခြင်း
ကပ်ဆေစင်က ကင်ဆာဆဲလ်များကို ဖျက်ဆီးပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးပေးပါတယ်။
ဒါပေမဲ့ သုတေသနစမ်းသပ်ချက်က အသေးစားသာဖြစ်ပြီး အစပ်စားခြင်းက ကင်ဆာကိုကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်မာမာမပြနိုင်သေးပါဘူး။
(၄) အအေးမိဝေဒနာသက်သာစေခြင်း
ခံတွင်းနဲ့လည်ချောင်းထဲက ကပ်ဆေစင်ဟာ အသက်ရှူလမ်းကြောင်းတလျှောက် အရည်များထွက်ရှိစေကာ အအေးမိခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်း၊ ထိပ်ကပ်နာ၊ ရင်ကြပ်ခြင်းတိုကို သက်သာစေပါတယ်။
(၅) ဝမ်းဗိုက်အောင့်ခြင်းကို သက်သာစေခြင်း
အစာအိမ်နာကျင်တဲ့အခါ ငရုတ်ကောင်းကအသုံးဝင်လာနိုင်ကာ အူလမ်းကြောင်းမသက်မသာဖြစ်ခြင်းကို ထိန်းသိမ်းပေးပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 23 Aug 2022
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို မလေးရှား ဖက်ဒရယ်တရားရုံးက ယနေ့ ဩဂုတ် ၂၃ ရက်မှာ အဂတိ လိုက်စား မှုနှင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ပါတယ်။ သူဟာ 1MDB နိုင်ငံတော်ရန်ပုံငွေကို အလွဲသုံးစားမှုနှင့်ဆက်နွယ်တဲ့ အဂတိလိုက်စားမှုကြောင့် ချမှတ်ခဲ့တဲ့ တရားရုံးဆုံးဖြတ်ချက်ကို တရာရုံးချုပ်မှာ အယူခံဝင်ရာကနေ အယူခံရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။
နာဂျစ်ဟာ မလေးရှားမှာ ပထမဆုံးထောင်ချခံရတဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးပါ။ သူ့ကို အမိန့်ချပြီးတာနှင့် ချက်ခြင်းပဲ ကွာလာလမ်ပူမြို့ပြင်က ကာဂျန်းအကျဉ်းထောင်ကိုပို့လိုက်ပါတယ်။
အဖွဲ့ဝင်ငါးဦးပါတဲ့ ဖက်ဒရယ်တရားရုံးက တရားရုံးချုပ်ရဲ့ တရားစီရင်မှုဟာ မှန်ကန်ပြီး နာဂျစ်ရဲ့ အယူခံမှုဟာ ထိုက်တန်မှုမရှိ လို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
“ဒါဟာ အာဏာအလွဲသုံစားလုပ်မှု၊ ယုံကြည်မှုကို ဖောက်ဖျက်တဲ့ရာဇဝတ်မှုနှင့် ငွေကြေးခဝါချမှုဆိုတာရှင်းရှင်းကြီးဖြစ်တယ်” လို့ အမိန့်ဖတ်ကြားတဲ့ တရားသူကြီးချုပ် မိုင်မမ် တူအမ်မက်က ပြောပါတယ်။
၂၀၂၀မှာ သူ့ကိုအမိန့်ချပြီးကတည်းက အာမခံနှင့် နေနေတဲ့ နာဂျစ်ဟာ အခု အကျဉ်းထောင်ထဲသွားရမှာဖြစ်ပြီး ဒဏ်ငွေ မလေးရင်းဂစ် ၂၁၀သန်း( ဒေါ်လာ ၄၇သန်း)ကိုလည်းပေးဆောင်ရမယ် လို့အမိန့်မှာဖော်ပြထားပါတယ်။
1MDB ရန်ပုံငွေဟာ ၂၀၀၉ခုနှစ်မှာ နာဂျစ်အာဏာရပြီးသိပ်မကြာခင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီရန်ပုံငွေထဲမှ ဒေါ်လာ ၄.၅ဘီလျံ အခိုးခံခဲ့ရပြီး နာဂျစ်ရဲ့ မိတ်ဆွေတွေက ငွေကြေးခဝါချခဲ့ကြတယ်လို့ စုံစမ်းဖော်ထုတ်သူတွေက ပြောခဲ့ပါတယ်။ အဲဒါကြောင့် ၂၀၂၀မှာ နာဂျစ်ကိုအပြစ်ရှိကြောင်း နှင့် 1MDB ရဲ့ လုပ်ငန်းဖြစ်တဲ့ SRC International ထံမှ တရားမဝင်ဒေါ်လာ ၉,၄သန်းရယူခဲ့တဲ့အတွက် အဂတိအမှု(၇)မှုနှင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
Source: AP
#Najib Razak
#Malaysia_Politics
#Malaysia_Former_PM_Jailed
Published 23 Aug 2022
တရုတ်နိုင်ငံတွင် စံချိန်တင်အပူချိန်များမြင့်မားနေပြီး မိုးရွာသွန်းမှုလျော့နည်းနေခြင်းတို့ကြောင့် တရုတ်နိုင်ငံရဲ့ အကြီးဆုံးရေချိုကန်ကြီးဖြစ်တဲ့ ပိုရန်ရေကန်ကြီးဟာ ရေတွေခန်းခြောက်လာနေပါတယ်။
အဲဒါကြောင့် အချိန်မတိုင်ခင်မှာ အဲဒီရေကန်ကြီးရဲ့ သမိုင်းဝင် လျူရှင်းတွမ်ကျွန်းဟာ အပြည့်အဝပေါ်လာတာကို မြင်တွေ့ကြရပါတယ်။
ရေထဲ တစ်ပိုင်းတစ်စမြုပ်နေတဲ့ အဲဒီရှေးဟောင်းအဆောက်အဦတွေဟာ ခြောက်သွေ့ရာသီမှာ နှစ်စဉ်အပြည့်အဝပေါ်လာတာ မြင်ကြရပေယ့် ပုံမှန်အားဖြင့် အောက်တိုဘာအထိကို အပြည့်ပေါ်လာခြင်းမရှိခဲ့ပါဘူး။ဒီနှစ်မှာ ဩဂုတ်လမှာ စောပြီးပေါ်လာတာဖြစ်ပါတယ်။
Source: AFP
#China_drought
#Poyang_Lake
#Luoxingdun_Island
#DailyNews
Published - 23 August 2022
၁။ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင်ရင်းနှီးမြုပ်နှံသူများရှိလာ၍ ယခင်ကထက်တန်ဖိုး(၃၀)ရာခိုင်နှုန်းတက်
၂။ ဆန်ဈေး ထိန်းညှိနိုင်ရန် အရန်ဆန်စီမံကိန်းဖြင့် ဆောင်ရွက်နေ
၃။ ရှားပါးမျိုးစိတ်စာရင်းဝင် မြန်မာ့ကြယ်လိပ်ပေါက်ပွားနှုန်းများသော်လည်း ရှင်သန်နိုင်နှုန်း ကျဆင်း
၄။ တိုကျိုပြပွဲတွင် ပလတ်စတစ်အစားအစာရုပ်ထုများအား ခင်းကျင်းပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Business
Published 23 August 2022
တောင်ကိုရီးယား၌ လက်ရှိနှစ်များအတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးဖြစ်နေပြီး ကြက်သားဈေးတက်နေပေမယ့် ဆိုင်တစ်ဆိုင်ကတော့ ဈေးချပြီးရောင်းပေးနေပါတယ်။
နိုင်ငံရဲ့ဒုတိယအကြီးမားဆုံးလက်လီရောင်းချရေးလုပ်ငန်း Homeplus က ကုန်ဈေးနှုန်းကြောင့် စားသုံးသူများစိတ်ညစ်နေရတဲ့အချိန်မှာ ကြက်ကြော်ရောင်းချတဲ့ ဈေးနှုန်းကို ၃ ပုံ ၂ ပုံလောက်အထိ လျှော့ချခဲ့ပါတယ်။
တောင်ကိုရီးယားပြည်သူတွေဟာ အစားအစာချွေတာဖို့ နည်းလမ်းမရှိတော့ဘဲ လျှော့ဈေးနဲ့ရောင်းနေတဲ့ ကြက်သားဝယ်ယူနိုင်ရန် အချိန်နာရီနဲ့ကြာအောင် တန်းစီစောင့်ဆိုင်းကြရပါတယ်။
Homeplus ဆိုင်တစ်ဆိုင်ရှေ့က တန်းစီနေတဲ့လူတွေထဲမှာ အရှေ့ကလူတွေကတော့ စောင့်ရကျိုးနပ်ပေမယ့် အနောက်ကလူတွေအတွက်တော့ အချိန်ကုန်ရုံပဲရှိပါတယ်။
ကုန်ဈေးနှုန်းမြင့်တက်နေတဲ့ အခြေအနေကနေ Homeplus က အကျိုးအမြတ်များရရှိအောင် အကောင်အထည်ဖော်လိုက်တာပဲဖြစ်ပါတယ်။
အောင်မြင်ခဲ့ရင်တော့ ဆိုင်ခွဲပေါင်း ၁၄၀ လောက်ရှိတဲ့ Homeplus ဟာ တိုင်းပြည်ဈေးကွက်မှာ ရှယ်ယာတန်ဖိုးမြင့်တက်လာနိုင်မှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်နေတဲ့ ကိုရီးယားဗဟိုဘဏ်အစိုးရအတွက် မမျှော်လင့်ဘဲ စီးပွားရေးမိတ်ဖက်ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။
"Homeplus က ကြက်ကြော်တွေကို အတော်လေးဈေးလျှော့ပြီး ရောင်းချနေတာကြောင့် အခြားလုပ်ငန်းရှင်တွေအနေနဲ့ ဈေးမလျှော့နိုင်ရင်တောင် အနည်းဆုံးဈေးမတက်အောင်ထိန်းသိမ်းဖို့ ဖိအားတွေသက်ရောက်လာမယ် ထင်ပါတယ်" လို့ အောက်စ်ဖို့ဒ်စီးပွားရေးတက္ကသိုလ်မှ ပညာရှင်'လွိုက်ချန်း'က ပြောပြခဲ့ပါတယ်။
တောင်ကိုရီးယားဟင်းလျာတွေထဲမှာ ကြက်သားက အဓိကအခန်းကဏ္ဍမှပါဝင်နေပြီး အစားအသောက်မှာယူရာမှာလည်း ကြက်သားပါဝင်တဲ့အစားအစာတွေဟာ ပီဇာ၊ ဟမ်ဘာဂါ၊ တရုတ်အစားအစာများကိုကျော်လွန်ပြီး နံပါတ် ၁ ရွေးချယ်မှု အများဆုံးဖြစ်ပါတယ်။
နိုင်ငံအနှံမှာ ကြက်သားရောင်းချတဲ့ ဆိုင်ပေါင်းများစွာနဲ့ ကြက်ကြော်၊ ဘီယာရောင်းချတဲ့နေရာများစွာ ရှိနေပါတယ်။
ဒါပေမဲ့ လက်တလောကာလအတွင်း ဈေးနှုန်းအဆမတန်မြင့်တက်လာခဲ့ကာ အခြားအစားအစာများထက် ကြက်သားက ပိုပြီးဈေးတက်လာတာဖြစ်ပါတယ်။
တောင်ကိုရီးယားနာမည်အကြီးဆုံး လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ BBQ Chicken မှထုတ်လုပ်တဲ့ နာမည်ကြီးသံလွင်ကြက်ကြော်ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဝမ် ၁၆,၀၀၀ သာရှိခဲ့ပြီး အခုဆိုရင် ဝမ် ၂၄,၀၀၀ ဖြစ်နေပါပြီ။
Lotte က သူတို့ရဲ့အဓိကကြက်ဈေးကို အချိန်အကန့်အသတ်ဖြင့် တဝက်နီးပါးအထိလျှော့ချခဲ့ပြီး တောင်ကိုရီးယားအကြီးဆုံးလက်လီလုပ်ငန်း Emart ကလည်း ကြက်သားတစ်ဗူးကို ၅,၉၈၀ ဝမ်ဖြင့် ရောင်းချနေပါတယ်။
အရင်က KFC ကိုရီးယားရဲ့ အကြီးအကဲဖြစ်ခဲ့ပြီး လက်ရှိ Homeplus ကိုဖွင့်လှစ်ထားတဲ့ 'ဂျေဟွန်လီ'က လျှော့ဈေးနဲ့ကြက်သားရောင်းချနေခြင်းကို အချိန်အကန့်အသတ်မရှိ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။
ဝယ်လိုအားအမီ ရောင်းချနိုင်ဖို့ကတော့ ခက်ခဲနေကာ ဆိုင်တစ်ဆိုင်မှာ တစ်နေ့ကို ကြက်ကြော်ဒါဇင်ခန့်သာ ထုတ်လုပ်နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၂၃ နှစ်ကျော်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းအမြန်ဆုံးဖြစ်လာခဲ့ပြီး ၆.၃ ရာခိုင်နှုန်းမြင့်တက်လာကာ ကိုရီးယားဗဟိုဘဏ်က အတိုးနှုန်းများကို အကြိမ်ကြိမ်တိုးမြှင့်ခဲ့ပါတယ်။
မြင့်တက်လာတဲ့ဈေးနှုန်းနဲ့အညီ နောက်နှစ်အတွက် အခြေခံလစာနှုန်းထားကိုလည်း ၅ ရာခိုင်နှုန်းမြှင့်တင်ပေးထားပါတယ်။
Source: The Straits Times
#Yangon_Media_Group
#World_Health
Published 23 August 2022
လူကောင်းသူကောင်းဖြစ်အောင် ကျင့်ကြံနေထိုင်ခြင်းဖြင့် စိတ်နှင့်ခန္ဓာကိုယ်ကို ကျန်းမာစေကြောင်း လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
အကျင့်စိတ်ထားကောင်းသူတွေက စိတ်ဓာတ်ကျဝေဒနာခံစားရနိုင်ချေ ၅၀ ရာခိုင်နှုန်း ပိုနည်းပါးကြကြောင်း ဟားဗတ်ဒ်တက္ကသိုလ်မှသုတေသီများက တွေ့ရှိခဲ့ကြပါတယ်။
သုတေသီတို့က လူတွေရဲ့စိတ်ထားအကျင့်စာရိတ္တအပေါ်အခြေခံပြီး နှလုံးရောဂါဖြစ်နိုင်ချေများလာကြောင်း တွေ့ရှိခဲ့တဲ့အပြင် ရသမျှနဲ့ ရောင့်ရဲကျေနပ်နိုင်တဲ့လူတွေက သိပ်ပြီးစိုးရိမ်ပူပန်စိတ်မခံစားရကြောင်း တွေ့ရှိထားပါတယ်။
ဒါကြောင့် ဒီလိုမျိုးရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် လူတွေကို လူကောင်းသူကောင်းဖြစ်လာစေရန် တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
ဟားဗတ်ဒ်မှ သုတေသနသိပ္ပံပညာရှင် ဒေါက်တာ'ဒိုရာတာဝဇိယက်ခ်ဘီယဲလိုဝိုစကာ'က ဖော်ပြရာမှာ စိတ်ထားမြင့်မြတ်တဲ့သူတွေက စိတ်ဓာတ်ကျဝေဒနာဖြစ်နိုင်ချေ အတော်နည်းပါးတယ်လို့ သိရပါတယ်။
သုတေသနပြုလုပ်ရာမှာ လူပေါင်း ၁,၂၀၉ ဦးဖြင့် ကျန်းမာရေးစမ်းသပ်မှုများပြုလုပ်ပြီး စစ်တမ်းကောက်ယူခဲ့ကြပါတယ်။
သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကြင်နာတရား ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာကြပြီး ဘယ်လောက်အထိ ကျေနပ်ရောင့်ရဲနိုင်လဲဆိုတာကို ဆန်းစစ်ခဲ့ကြပါတယ်။
အဲဒီနောက် ကိုယ်ကျင့်တရားကောင်းမွန်ကြောင်း စမ်းသပ်ရရှိခဲ့တဲ့လူတွေဟာ စိတ်ဓာတ်ကျဝေဒနာခံစားရနိုင်ချေ ၅၀ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် စိုးရိမ်ပူပန်စိတ်နဲ့ နောင်အခါပိုမိုသာလွန်တဲ့အရာရရှိရန် လက်ရှိကျေနပ်မှုကို ဘယ်လောက်အထိစွန့်စားရဲလဲဆိုတဲ့အကြား ဆက်စပ်မှုကိုလည်း တွေ့ရှိခဲ့ပါတယ်။
ကိုယ်ကျင့်တရားကောင်းသူတွေက နှလုံးရောဂါဖြစ်နိုင်ချေလည်း နည်းပါးနေပါတယ်။
"စိတ်ထားကောင်းသူတွေရဲ့ အကျင့်စာရိတ္တကောင်းမွန်တဲ့အချက်က ကျန်းမာရေးပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါတယ်" လို့ ဒေါက်တာ'ဒိုရာတာ'က ပြောပြပါတယ်။
ဒါဟာ သုတေသနအစောပိုင်းသာ ရှိသေးပေမယ့် စိတ်ထားကောင်းတဲ့ အကျိုးဆက်တွေကို လူတွေနားလည်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အကျင့်စိတ်ထားကောင်းမွန်တဲ့သူတွေဟာ ကျန်းမာရေးကောင်းမွန်စေတဲ့အပြင် လူအများကြားမှာလည်း ကောင်းမွန်တဲ့လူတွေအဖြစ် သတ်မှတ်ကြမှာ ဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 23 August 2022
ကိုဗစ်ရောဂါကူးစက်ခံရပြီး ၂ နှစ်ကြာတဲ့အထိ ဦးနှောက်ထိုင်းမှိုင်းခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းများ ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး လူပေါင်း ၁.၂၅ သန်းကို စစ်တမ်းကောက်ယူခဲ့ကာ The Lancet Psychiatry ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီလေ့လာချက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ရေရှည်ရော ရေတိုမှာပါ အာရုံကြောဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများကို လေ့လာခဲ့တာဖြစ်ပါတယ်။
ဦးနှောက်ထိုင်းမှိုင်းခြင်းဆိုတာက ဆေးပညာပိုင်းအရ ရောဂါအချက်အလက်ဆိုတာထက် စိတ်ခံစားချက်တစ်ခုသာဖြစ်ပါတယ်။
ဟားဗတ်ဒ်တက္ကသိုလ်မှ မှတ်ချက်ပြုထားတာကတော့ ဦးနှောက်ထိုင်းမှိုင်းခြင်းဆိုတာဟာ လူတစ်ယောက်ရဲ့စဉ်းစားဆုံးဖြတ်ချက်က လေးလံနှေးကွေးပြီး ထက်မြက်မှုမရှိတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း၊ ဆေးဝါးသုံးစွဲနေရခြင်း၊ အခြားနောက်ထပ်ရောဂါပါ ဖြစ်ပွားခြင်း စတာတွေ ပါဝင်ပါတယ်။
ဒီလိုအချက်တွေ တဖြည်းဖြည်းလျော့ပါးသွားတဲ့အခါ ဦးနှောက်ထိုင်းမှိုင်းနေတာလည်း သက်သာလာတတ်ပါတယ်။
ကိုဗစ်ရောဂါကြောင့် ဦးနှောက်ကို ထိခိုက်မှုများစွာဖြစ်ပွားစေပေမယ့် ဦးနှောက်ထိုင်းမှိုင်းခြင်းကတော့ အသိသာဆုံးလက္ခဏာပါ။
လေ့လာချက်များအရ ကိုဗစ်ရောဂါကူးစက်ခံရတဲ့လူနာ ၈ ဦးမှာ ၁ ဦးနှုန်းက ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။
အနံ့အရသာပျောက်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ နွမ်းနယ်ခြင်းတို့ဖြစ်တတ်ပြီး ဦးနှောက်ထိုင်းမှိုင်ခြင်းက အလွယ်တကူမပျောက်သွားတတ်ပါဘူး။
ကိုဗစ်ကူးစက်ခံရပြီး ၂ နှစ်လောက်ကြာတဲ့အထိ ဦးနှောက်ထိုင်းမှိုင်းခြင်းအပြင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ဝက်ရူးပြန်ထခြင်း၊ တက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းများပါ ဖြစ်ပေါ်တတ်ပါတယ်။
ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးဗီဇကွဲတွေဟာ အခြားမျိုးဗီဇကွဲတွေထက် အာရုံကြောဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းများ ပိုမိုဖြစ်ပေါ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
ကလေးတွေဟာ လူကြီးတွေလောက် နောက်ဆက်တွဲလက္ခဏာမဖြစ်ကြသလို အသက် ၆၅ နှစ်အထက်လူကြီးတွေမှာတော့ လူလတ်ပိုင်းတွေထက် ဖြစ်နိုင်ချေပိုများနေပါတယ်။
ကပ်ရောဂါမပြီးသေးတဲ့အချိန်ဖြစ်နေတာကြောင့် ဒီလိုနောက်ဆက်တွဲလက္ခဏာတွေက ဘယ်လောက်အထိ ကြာကြာဖြစ်တတ်လဲဆိုတာ သေချာမသိရသေးပါဘူး။
ဒီလိုလက္ခဏာတွေကို ပျောက်ကင်းစေနိုင်မယ့် ဆေးစွမ်းကောင်းမရှိပေမယ့် အပြုအမူနေထိုင်မှုပုံစံများဖြင့် လက္ခဏာသက်သာအောင် ကျင့်ကြံနိုင်ပါတယ်။
အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ အောက်ဆီဒင့်ဆန့်ကျင်ပစ္စည်းများပါဝင်တဲ့ အစားအစာများနဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ အစားအစာများစားသုံးခြင်း၊ နေ့စဉ် မိနစ် ၃၀ ခန့်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အလွန်အမင်းနွမ်းနယ်ခြင်းမဖြစ်စေရန် စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးခြင်း၊ ရေဓာတ်ပြည့်ဝစေရန် ရေများများသောက်ပေးခြင်း၊ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောဓာတ် အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။
ဒီလိုမျိုးကျင့်ကြံနေထိုင်ပါက ကိုဗစ်ရောဂါကူးစက်ခံနေရချိန်မှာတောင် ကွဲပြားစွာခံစားရစေမှာ ဖြစ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 879 of 1082