Published 12 March 2023
ထိုင်းဘုရင့်သမီးတော် သီရိဝန်နာဗရီ နာရီရာတာနာ ရာဂျာကာညာကို ထိုင်းတော်ဝင်တပ်တော်မှာ အထူးကျွမ်းကျင်သူအဖြစ် တပ်ရာထူး ဗိုလ်ချုပ်အဆင့် ခန့်အပ်လိုက်တယ်လို့ တော်ဝင်ဂေဇက် ဝက်ဘ်ဆိုက်မှာ ယမန်နေ့ မတ်၁၁ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းဘုရင် မဟာဝါချီရာ လောင်ကွန်းက သူ့ရဲ့ အသက်၃၆နှစ်အရွယ်သမီးတော်ကို ဗိုလ်ချုပ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ စစ်တပ်အတွင်း ဧပြီ၁ရက်နေ့ကစပြီး အသက်ဝင်မယ့် နောက်ဆုံး ရာထူးတိုးများခန့်အပ်တဲ့အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သမီးတော်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှ École de la Chambre Syndicale de la couture Parisienne ဖက်ရှင်ဒီဇိုင်းကျောင်း မှ ဒီဇိုင်းမဟာဘွဲ့ကို ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ သီရိဝန်နာဗရီဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နှင့် ဖက်ရှင်ဒီဇိုင်နာတစ်ဦးအဖြစ်လုပ်ကိုင်နေပါတယ်။ မင်းသမီးသီရိကို မကြာသေးမီကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူမဟာ နန်းတော်ထဲ ဟိုဟိုသည်သည်လမ်းသလားနေသူမဟုတ်ဘဲ အလုပ်ကြိုးစားလုပ်တဲ့သူအဖြစ်သိခဲ့ကြပါတယ်။ “ ကျွန်မမှာ အစီအစဉ်တစ်ခုရှိတယ်။ ကျွန်မ အလွန်အောင်မြင်တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ချင်တယ်။ ကျွန်မက တိုက်တိုက် ခိုက်ခိုက်သမားဖြစ်တယ်။ကျွန်မရဲ့ ဒီဇိုင်းလက်ရာတွေကို ကုန်တိုက်တွေနှင့်ဆိုင်တွေမှာ ကျွန်မမြင်ချင်တယ်။ အမှတ်တံဆိပ်နှင့် အဝတ်အစားတွေအကြောင်းပဲဖြစ်ရမယ်။ ကျွန်မဘယ်သူဆိုတာမဟုတ်ဘူးနော်” လို့ သူမကပြောခဲ့ပါတယ်။ “ ဘုရင့်သမီးတော်တစ်ဦးဟာလည်း အလုပ်လုပ်နိုင်တယ်ဆိုတာ ကျွန်မပြချင်တယ်။ အဲဒါ ကျွန်မဘယ်သူဆိုတာပဲ။ ကျွန်မအလုပ်လုပ်ချင်တယ်” လို့ မင်းသမီးသီရိကပြောပါတယ်။ မင်းသမီးသီရိဟာ ထိုင်းဘုရင်ရဲ့ သမီးတော်အငယ်ဖြစ်ပါတယ်။ သူမရဲ့အစ်မကြီး မင်းသမီး ဘာဂျရာ ကီတီယာဘာ နာရင်ဒီရာ ဒက်ယာဝတီဟာ ပြီးခဲ့တဲ့နှစ်က နှလုံးအခြေအနေကြောင့် ဒီဇင်ဘာကတည်းက ဆေးရုံတက်နေရတာ ဖြစ်ပြီး ယခုထက်ထိသတိပြန်လည်မလာသေးပါဘူး။ ဘုရင့်အိမ်ထောင်သုံးဆက်ကနေ ထွန်းကားတဲ့ သားတော်သမီးတော်(၇)ဦးထဲမှာ ဘာဂျရာ ကစ်တီယာဘာဟာ အကြီးဆုံး ဖြစ်ပါတယ်။ အချို့သုံးသပ်သူတွေက သူမဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး ဘုရင်မကြီး ဖြစ်လာနိုင်သူလို့ သုံးသပ်ထားကြပါတယ်။
Source: SCMP #ထိုင်းဘုရင့်သမီးတော်သီရိဝန်နာဗရီ #တော်ဝင်တပ်မတော်ဗိုလ်ချုပ်အဆင့် #YangonMediaGroup
#World_Health
Published 2 March 2023
စားသောက်ချိန်မှာ မစားဘဲနေခြင်းက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေကြောင်း အရင်ကသိထားကြသလို မစားမသောက်ဘဲ အချိန်ကြာမြင့်စွာနေခြင်းကလည်း နှလုံးသွေးကြောရောဂါများနဲ့ ကင်ဆာဖြစ်နိုင်ချေများကြောင်း သုတေသီများတွေ့ရှိထားပါတယ်။
မကြာမီကလေ့လာချက်တစ်ခုမှာလည်း မနက်စာမစားခြင်းက ထင်ထားတာထက်ပိုပြီး ဘေးဥပါဒ်ဖြစ်စေနိုင်ကြောင်း အစ်ကန်ဆေးတက္ကသိုလ်နဲ့ ဟားဗတ်ဒ်ဆေးတက္ကသိုလ်တို့မှ သုတေသီများက ဖော်ပြခဲ့ကြပါတယ်။
သုတေသီတွေက ကြွက်တွေနဲ့စမ်းသပ်ခဲ့ကြရာ အစာမစားခြင်းက ဦးနှောက်မှာဘယ်လိုတုန့်ပြန်ဖြစ်ပေါ်စေလဲဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။
တစ်နေ့တာရဲ့ နံနက်စာကို မစားဘူးဆိုရင် ကိုယ်ခံအားစနစ်ကိုထိခိုက်စေပြီး ခန္ဓာကိုယ်ကနေ ရောဂါကူးစက်မှုတွေကို တိုက်ထုတ်ဖို့ခက်ခဲတတ်ပါတယ်။
အချိန် ၄ နာရီကြာ ဒါမှမဟုတ် ၂၄ နာရီကြာ အစာမစားခြင်းက ကိုယ်ခံအားစနစ်ကို ဘယ်လိုထိခိုက်စေလဲဆိုတာကို ပိုမိုသိရှိနိုင်ရန် လေ့လာခဲ့ကြတာဖြစ်ပါတယ်။
ကြွက်တွေကို အဖွဲ့ ၂ ဖွဲ့ခွဲပြီး တစ်ဖွဲ့က အိပ်ရာနိုးတာနဲ့ မနက်စာစားစေကာ ကျန်တစ်ဖွဲ့ကတော့ မနက်စာမစားခိုင်းပါဘူး။
မနက်နိုးတဲ့အချိန်၊ နောက်ထပ် ၄ နာရီကြာတဲ့အချိန်၊ ၈ နာရီကြာတဲ့အချိန် အသီးသီးတို့မှာ ကြွက်တွေဆီကနေ သွေးနမူနာများရယူခဲ့ပါတယ်။
အစာမစားစေတဲ့အဖွဲ့ဟာ သွေးဖြူဥတည်ရှိမှုမှာ သိသိသာသာကွဲပြားနေတာကို တွေ့ရှိခဲ့ကြပါတယ်။
သွေးဖြူဥတွေကို ရိုးတွင်းခြင်ဆီထဲမှာ ထုတ်လုပ်ပြီး ခန္ဓာကိုယ်အနှံ့လည်ပတ်ကာ ရောဂါတွေကို ကူညီတိုက်ထုတ်ပေးပါတယ်။
အစာမစားရတဲ့ကြွက်တွေရဲ့ သွေးကြောတွေထဲမှာ ထိုဆဲလ်တွေ ၉၀ ရာခိုင်နှုန်းထိ ပျောက်ဆုံးနေတာကို တွေ့ခဲ့ကြပါတယ်။
၂၄ နာရီကြာတဲ့အထိ မစားဘဲနေစေခိုင်းရာ ဆဲလ်တွေက သွေးကြောတွေထဲ ပြန်ဝင်သွားတဲ့အချိန်မှာ ရောင်ရမ်းလာပြီး ရောဂါကူးစက်မှုကို ကာကွယ်ဖို့ခက်ခဲလာပါတယ်။
အချိန်အတိုင်းအတာတစ်ခုအထိ အစာမစားဘဲ ကျင့်ကြံနေထိုင်ခြင်းက ကျန်းမာစေတယ်ဆိုပေမယ့် ဘေးအန္တရာယ်တွေရှိလာနိုင်တာကိုလည်း သတိပြုသင့်ကြောင်း နှလုံးသွေးကြောသုတေသနတက္ကသိုလ်မှ ညွှန်ကြားရေးမှူး'ဖလစ်ဆွာစကီ'က ပြောကြားခဲ့ပါတယ်။
"ထိုဆဲလ်တွေက အခြားရောဂါတွေအတွက် အလွန်အရေးကြီးပြီး သူတို့လုပ်ဆောင်ချက်တွေ ဘယ်လိုထိန်းချုပ်လဲဆိုတာကို သိရဖို့ကလည်း အလွန်အရေးကြီးပါတယ်" လို့ ပြောပြပါတယ်။
အစာမရှိတဲ့အချိန်မှာ ဦးနှောက်ရဲ့အချို့အစိတ်အပိုင်းတွေက သွေးဖြူဥတွေနဲ့ သူတို့ရဲ့တုန့်ပြန်မှုတွေကို တိုက်ရိုက်ထိန်းချုပ်နေကြောင်း တွေ့ခဲ့ကြပါတယ်။
အစာမရှိခြင်းကြောင့် ဦးနှောက်မှာ စိတ်ဖိစီးမှုကို လှုံ့ဆော်ကာ ဆာလောင်စိတ်နဲ့ ဒေါသစိတ်တို့ကို ဖြစ်ပေါ်စေပါတယ်။
#Source: The Jerusalem Post #World_Health #မနက်စာမစားဘဲ
#breakfast #food #ကိုယ်ခံအားစနစ်ကို #မနက်စာမစားဘဲ #ထိခိုက်စေနိုင် #YMG #Yangon_Media_Group
#World_Health
Published 2 March 2023
အမေရိကန် ဖလော်ရီဒါမှ အသက် ၂၁ နှစ်အရွယ်'မိုက်ကယ်ခရမ်ဟော့ဇ်'ဟာ မျက်ကပ်မှန်တပ်လျက် အိပ်ပျော်သွားမိတာကြောင့် မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။
မိုက်ကယ်ဟာ မကြာခဏဆိုသလို မျက်ကပ်မှန်ဝတ်ပြီး အိပ်ပျော်လေ့ရှိကာ အရင်ကလည်း မျက်လုံးရောဂါပိုးဝင်ခြင်းမျိုး ကြုံတွေ့ဖူးပေမယ့် အခုတစ်ကြိမ်မှာတော့ အတော်လေးဆိုးရွားခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ ညာဘက်မျက်လုံးမှာ အလွန်ရှားပါးတဲ့ အသားစားကပ်ပါးပိုးရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီကပ်ပါးပိုးရောဂါ တိုက်ဖျက်ရန် ဒေါ်လာ ၁ သောင်း ရန်ပုံငွေရှာဖွေဖို့ ထောင်ထားတဲ့ GoFundMe page မှာ ဖော်ပြခဲ့ကာ မျက်ကပ်မှန်တပ်ဆင်သူတွေအနေနဲ့ မအိပ်ခင်မှာ မျက်ကပ်မှန်ချွတ်အိပ်ဖို့ အသိပညာပေးလိုက်ပါတယ်။
မျက်ကပ်မှန်တွေကို ညဘက်အထိ တပ်ဆင်နိုင်ကြောင်း FDA က အသိအမှတ်ပြုထားပေမယ့် မျက်ကပ်မှန်တပ်ပြီးအိပ်ရင်တော့ ရောဂါပိုးဝင်ရောက်ကူးစက်နိုင်တယ်လို့ အကြံပြုထားပါတယ်။
"မျက်လုံးရှေ့မှာရှိတဲ့ မျက်ကြည်လွှာလေးမှာ မျက်ကပ်မှန်က အဓိကသက်ရောက်နေပါတယ်၊ ကြည်လင်ပါးလွှာတာကြောင့် သူ့မှာ သွေးကြောတွေမရှိဘဲ လေထဲကအောက်ဆီဂျင်ကို ရယူရပါတယ်၊ မျက်လုံးပိတ်လိုက်တဲ့အခါ မျက်ကြည်လွှာဟာ အောက်ဆီဂျင်အလုံအလောက် မရတဲ့အပြင် မျက်ကပ်မှန်တပ်ထားတဲ့အခါ ပိုဆိုးရွားစေပါတယ်" လို့ အာတီမစ်ဆေးရုံ စက္ခုဗေဒနှင့်အင်္ဂါအစားထိုးဌာနမှ အကြီးအကဲဖြစ်သူ ဒေါက်တာ'စမီယာကော်ရှယ်'က ပြောပြခဲ့ပါတယ်။
ဒါ့အပြင် မျက်ကပ်မှန်တပ်ပြီး အိပ်ပျော်သွားရင် အနာလည်း ဖြစ်နိုင်ချေများလာပါတယ်။
"ဒီလိုမလုပ်ဖို့ လုံးဝလိုက်နာရပါမယ်၊ ဒါကြောင့်မို့လို့ အိပ်မယ်ဆိုရင် မျက်ကပ်မှန်တွေဖြုတ်ထားဖို့၊ အချိန်ရရင်ရသလို ဆေးပေးဖို့၊ မျက်ကြည်လွှာကူးစက်မှုမဖြစ်အောင် ဆေးရည်ထဲမှာထားဖို့ တိုက်တွန်းနေရတာဖြစ်ပါတယ်" လို့ ဒေါက်တာက ဆိုပါတယ်။
မျက်ကပ်မှန်တပ်ထားပြီး အိပ်ပျော်သွားရင် မျက်တောင်မခတ်တာကြောင့် မျက်ကြည်လွှာကို မျက်ရည်မရောက်တော့ပါဘူး။
ထိုအခါ မျက်ကပ်မှန်အောက်မှာ မျက်ရည်နည်းပါးသွားပြီး မျက်ကြည်လွှာပေါ်မှာ ရောဂါပိုးတွေ၊ ဖုန်မှုန့်တွေ၊ အဆိပ်အတောက်တွေ စုပြုံလာနိုင်ပါတယ်။
acanthamoeba လိုမျိုး ကပ်ပါးပိုးတွေဟာ ရေပိုက်ခေါင်းကလာတဲ့ရေကနေ မျက်လုံးကိုကူးစက်သွားတတ်ပါတယ်။
အဖြစ်ရှားပါးပေမယ့် မျက်ကပ်မှန်တပ်ပြီး အိပ်ပျော်တဲ့အခါမှသာ ဖြစ်တတ်တာပါ။
#Source: India Today #World_Health #မျက်ကပ်မှန်မချွတ်ဘဲ
#အိပ်ပျော်လေ့ရှိသည့် #လူရွယ်တစ်ဦး #YMG #Yangon_Media_Group
#Asia_Prices
Published_ 1 March 2023
လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက်လာခြင်းနဲ့ ကုန်ကြမ်းပစ္စည်းအထောက်အပံ့ ပြတ်လတ်လာခြင်းတို့ကြောင့် ဂျပန်နိုင်ငံမှာ ပင်လယ်စာဈေးနှုန်းများ မြင့်တက်နေပါတယ်။
#Asia_Prices #Japan #ပင်လယ်စာ #YMG
#Yangon_Media_Group
#DailyNews
Published_ 1 March 2023
၁။ ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၈၂၆ ဒေါ်လာနှင့်ဈေးပြန်တက်လာပြီးပြင်ပပေါက်ဈေး၂၈ သိန်း ၃ သောင်းဝန်းကျင်ပေါက်ဈေးရှိနေ
၂။ အိမ်သော့နှင့်သံပန်းသော့များ ပျောက်နေ၍ တိုက်ခန်းတွင်းမီးလောင်သေဆုံးမှုများအဖြစ်များနေ
၃။ မတ်လအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်၊ ဒေသအချို့၌ မြူကျဆင်းဦးမည်
၄။ လုပ်ငန်းလည်ပတ်စရိတ် မြင့်တက်လာခြင်းကြောင့် ဂျပန်နိုင်ငံရှိပင်လယ်စာများ သိသိသာသာဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Society
Published 1 March 2023
ဂျေဆန်အာဒေးဟာ အသက် ၂၇ နှစ်အရွယ်တုန်းက PhD တန်းတက်ရောက်နေခဲ့ပြီး သူ့မိဘအိမ်ရှိ အိပ်ခန်းနံရံတွေမှာ သူ့ဘဝရဲ့ရည်မှန်းချက်တွေကို ချရေးထားခဲ့ပါတယ်။
ထိုရည်မှန်းချက်တွေထဲက တစ်ခုကတော့ အောက်စ်ဖို့ဒ် ဒါမှမဟုတ် ကိမ်းဘရစ်ခ်ျမှာ တစ်နေ့နေ့အလုပ်လုပ်ရဖို့ပဲ ဖြစ်ပါတယ်။
နောက် ၁၀ နှစ်အကြာ အသက် ၃၇ နှစ်အရွယ်မှာတော့ သူ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာရုံမက ကိမ်းဘရစ်ခ်ျတက္ကသိုလ်သမိုင်းမှာ အသက်အငယ်ဆုံး လူမည်းပရော်ဖက်ဆာအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။
မတ်လ ၆ ရက်နေ့မှာ ပညာရေးဌာနရှိ လူမှုဗေဒပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရတော့မယ့် အာဒေးကတော့ ဇွဲလုံ့လအတုယူစရာကောင်းတဲ့ နောက်ခံရှိနေပါတယ်။
သူဟာ အသက် ၃ နှစ်အရွယ်မှာ အော်တစ်ဇင်ဝေဒနာရှိကြောင်း တွေ့ရှိခဲ့ပြီး အသက် ၁၁ နှစ်မတိုင်ခင်အထိ စကားမပြောနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ၁၈ နှစ်အရွယ်မှာ စာပေမတတ်ခြင်းအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
သူ့ကို လန်ဒန်တောင်ပိုင်း ကလပ်ဟမ်မှာ မွေးဖွားကြီးပြင်းစေခဲ့ပြီး လူမှုစီးပွားရးနိမ့်ကျသူတွေ၊ လူမည်းလူမျိုးတွေ၊ အာရှလူမျိုးတွေ၊ လူနည်းစုတိုင်းရင်းသားတွေ ရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲအားလုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
သူ့ဘဝမှာ တသက်တာလုံး အထောက်အကူရယူပြီး နေထိုင်သွားရမယ်လို့ ထင်ခဲ့တဲ့ ကျန်းမာရေးပညာရှင်တွေကို မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
ရာထူးတာဝန်အသစ်ယူပြီးနောက် နိမ့်ကျတဲ့နောက်ခံကလူတွေအတွက် အားကျအတုယူဖွယ်ဖြစ်အောင် ကျင့်ကြံဖို့ရည်ရွယ်ထားပြီး ဒီကိစ္စနဲ့ပတ်သက်လို့ တက္ကသိုလ်ရဲ့ အစီအစဉ်တွေမှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။
သူ့ရဲ့စိတ်ပိုင်းဖြတ်လုပ်ဆောင်ချက်တွေအတွက် ဆိုရှယ်မီဒီယာတွေမှာ အသိအမှတ်ပြုနေကြပါတယ်။
"ကိမ်းဘရစ်ခ်ျမှာ အသက်အငယ်ဆုံးလူမည်းပရော်ဖက်ဆာဖြစ်လာတဲ့ ဂျေဆန်အာဒေးကို တကယ်ကိုဂုဏ်ပြုလိုက်ပါတယ်၊ အခက်အခဲတွေကို ဖြတ်သန်းလာပြီးနောက် ဘဝပန်းတိုင်ကိုရောက်ရှိပုံက တကယ်ကိုလေးစားဖွယ်ဖြစ်ပြီး ဒီတိုင်းပြည်မှာ အခြားလူမျိုးတွေရဲ့ ပညာရေးကဏ္ဍကို ပိုမိုကောင်းမွန်အောင် ဖန်တီးပေးဖို့ တောင်းဆိုရာရောက်ပါတယ်" လို့ Netflix က ပြသနေတဲ့ Bridgerton မှ သရုပ်ဆောင်'အန်ဂျိုအာအန်ဒို'က တွစ်တာမှာရေးသားခဲ့ပါတယ်။
"လူမျိုးရေး၊ မညီမျှမှုနဲ့ ပညာရေးတို့မှာ လူသိများခဲ့တဲ့ ဂျေဆန်အာဒေးဟာ လူမှုဗေဒပရော်ဖက်ဆာအဖြစ် မတ်လကစပြီး တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်၊ ကိမ်းဘရစ်ခ်ျမှ ကြိုဆိုပါတယ်" လို့ တက္ကသိုလ်ကလည်း တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။
#Source: WION #World_Society #အသက်(၁၈)နှစ် #အသက်အငယ်ဆုံး #လူမည်းပါမောက္ခ #YMG #Yangon_Media_Group
Page 405 of 778