#WorldHealth
Published - 13 March 2022
ကိုဗစ်ရောဂါကုသရာမှာအသုံးပြုတဲ့ ဆိုထရိုဗီမက်(Sotrovimab)ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်မှာ ဆေးယဉ်ပါးနိုင်သည့်သန္ဓေပြောင်းလဲခြင်းမျိုး ဖြစ်ပေါ်နိုင်ပြီး ကူးစက်ပျံ့ပွားနိုင်ကြောင်း ဩစတြေးလျဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင်တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီအကြောင်းအရာကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး နယူးအင်္ဂလန်ဆေးဘက်ဆိုင်ရာဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။ ဒီလေ့လာချက်ကို ၂၀၂၁ ခုနှစ် ဒယ်လ်တာမျိုးဗီဇကွဲကူးစက်ပျံ့ပွားမှုလွှမ်းမိုးချိန်မှာ ဆစ်ဒနီအနောက်ပိုင်းရှိ ဆိုထရိုဗီမက်ဆေးပေးထားတဲ့လူနာပေါင်း ၁၀၀ နဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
ဆိုထရိုဗီမက်ဆေးဟာ monoclonal antibody အခြေပြုကိုဗစ်ကုသဆေးဖြစ်ပြီး နိုင်ငံအများအပြားမှာရရှိနိုင်ပါတယ်။ ဒီဆေးကို ကိုဗစ်ရောဂါကြောင့်အသက်အန္တရာယ်ရှိနေတဲ့လူနာတွေမှာ အသုံးပြုနိုင်ပါတယ်။
ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ပထမဆုံး ၅ ရက်အတွင်း အဆိုပါဆေးကိုကိုယ်ခန္ဓာထဲထိုးသွင်းရတာဖြစ်ပြီး ရောဂါလက္ခဏာဆိုးရွားလာခြင်းမှ တားဆီးကာကွယ်ပေးနိုင်ပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲကိုကုသကာကွယ်နိုင်တဲ့ monoclonal antibody ဆေးအမျိုးအစားအနည်းငယ်ထဲက တစ်မျိုးလည်းဖြစ်ပါတယ်။
ဆေးကုသမှုခံယူပြီး ၆ ရက်မှ ၁၃ ရက်အတွင်း ဆိုထရိုဗီမက်ဆေးယဉ်ပါးခြင်းကို ကြုံတွေ့ရတဲ့လူနာ ၄ ဦးရှိခဲ့ကြောင်း ဦးဆောင်လေ့လာမှုပြုသူ ဒေါက်တာ'ရေဗက်ကာရော့ကက်'က ပြောကြားခဲ့ပါတယ်။ကိုဗစ်လူနာတွေကို ဆေးကုသမှုပေးပြီး နောက်ထပ်စစ်ဆေးမှုတွေတော့ ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ကြပါဘူး။
လူနာတွေကိုစောင့်ကြည့်လေ့လာနေဖိုက အရေးကြီးပါပြီး ဗိုင်းရပ်စ်သန္ဓေပြောင်းလဲခြင်းဖြစ်ပေါ်နေတဲ့လူနာတွေကိုတွေ့ရှိပါက 'ရော့ကက်'နဲ့အဖွဲ့မှပညာရှင်တွေဟာ အဆိုပါသန္ဓေပြောင်းဗိုင်းရပ်စ်ကိုရယူပြီး စမ်းသပ်လေ့လာလို့ရပါတယ်။
ဆေးယဉ်ပါးဗိုင်းရပ်စ်ပေါ်ပေါက်လာရင် လူတွေကြားမှာရောဂါကူးစက်ပျံ့ပွားမှုဖြစ်လာပြီး ဒီဆေးကိုအသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။ဆေးယဉ်ပါးဗိုင်းရပ်စ်ရှိနေတဲ့လူနာတွေကို သီးခြားခွဲနေထိုင်ခိုင်းရာမှာ ပိုမိုအချိန်ကြာရှည်လာမှာဖြစ်ပြီး အိမ်သားတွေနဲ့လည်း ခွဲခွာနေထိုင်နေရမှာဖြစ်ပါတယ်။
ဒီလိုသန္ဓေပြောင်းလဲခြင်းက အလွန်ရှားပါးလှပြီး သေချာစောင့်ကြည့်နေမှ သိရှိနိုင်မှာဖြစ်ပါတယ်။ဆေးယဉ်ပါးလာတဲ့သန္ဓေပြောင်းလဲခြင်းကို လူနာအများအပြားနဲ့စမ်းသပ်ရာမှာလည်း ဆက်လက်မြင်တွေ့နေရကြောင်း ဒီဆေးကိုထုတ်လုပ်တဲ့ GSK ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။
ဒီလိုတွေ့ရှိချက်တွေပေါ်လာပေမယ့်လည်း ရောဂါဆိုးရွားလာနိုင်တဲ့သူတွေမှာ ဆိုထရိုဗီမက်ဆေးအသုံးပြုခြင်းကြောင့် ရလာနိုင်တဲ့အကျိုးကျေးဇူးတွေကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ပါဘူး။
Source: The Guardian.
#WorldEntertainment
Published 12 March 2022
တောင်ကိုရီးယားမှ ကမ္ဘာကျော်ကေပေါ့ပ်ဂီတအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဟာ ၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါစတင်ပျံ့ပွားပြီးနောက်ပိုင်း ဆိုးလ်မြို့မှာပထမဆုံးအကြိမ်အဖြစ် စင်မြင့်ပေါ်မှာဖျော်ဖြေခဲ့ကြပါတယ်။
#Yangon_Media_Group
Published 12 March 2022
တရုတ်နိုင်ငံဟာ နိုင်ငံတကာအသိုင်းအဝန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဇီဝဆိုင်ရာစစ်ရေးလှုပ်ရှားမှုတွေကို ကာလရှည်ကြာကတည်းက စိုးရိမ်မှုတွေရှိခဲ့ကြပြီး ဘယ်နိုင်ငံပဲ ဘာအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် ဇီဝနှင့်ဓာတုလက်နက်တွေ ထုတ်လုပ်တာကို ပြတ်သားစွာကန့်ကွက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန့်ဂျွန်က မတ်(၁၁)ရက်က ပြောပါတယ်။
ယူကရိန်းမှာ အမေရိကန်ရဲ့စစ်ရေးဆျုင်ရာ ဇီဝသုတေသနလုပ်ငန်းတွေရှိတယ်ဆိုပြီး ရုရှားကစွပ်စွဲတဲ့အတွက် ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ တရုတ်အမြဲတမ်းကိုယ်စားလှယ်က အဲသလိုပြောကြားခဲ့တာပါ။
Source CMG
#DailyNews
Published - 12 Mar 2022
၁။ စက်သုံးဆီဈေးကြောင့် နယ်ဝေးလူနာပို့ဆောင်ရေး အခက်အခဲဖြစ်လာ
၂။ ပွင့်လင်းရာသီမှာ ငါးမဖမ်းရရာသီဖြစ်လာတာကြောင့် တိကျသည့် ငါးလုပ်ငန်းဆိုင်ရာ သုတေသနများလိုအပ်လာ
၃။ မိုးလေဝသ သတင်း
၄။ ကိုဗစ်ကပ်ရောဂါစတင်ပျံ့ပွားပြီးနောက်ပိုင်း ဆိုးလ်မြို့တွင် BTS အဖွဲ့ ပထမဆုံးအကြိမ်ဖျော်ဖြေပွဲပြန်လည်ကျင်းပနိုင်ခဲ့.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published 12 March 2022
အိန္ဒိယနိုင်ငံမှ ာဒီအပတ်အတွင်း လက်နက်ထိန်းသိမ်းစစ်ဆေးမှုများပြုလုပ်စဉ် နည်းပညာပိုင်းချို့ယွင်းမှုတစ်ခုဖြစ်ခဲ့ကာ ဒုံးကျည်တစ်ခု မတော်တဆပစ်လွှတ်မိပြီး ပါကစ္စတန်နိုင်ငံထဲသို့ကျရောက်ခဲ့ကြောင်း အိန္ဒိယတို့က သောကြာနေ့မှ ာထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဆန္ဒပြမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပါကစ္စတန်တို့က အိန္ဒိယသံတမန်ကိုဆင့်ခေါ်ခဲ့ပြီးနောက် အခုလိုအဖြစ်အပျက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
နျူကလီးယားလက်နက်ပိုင်အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လက်နက်စမ်းသပ်မှုမှားယွင်းတွက်ချက်မိကာ မတော်တဆပစ်ခတ်မိခြင်းဖြစ်ပွားနိုင်တဲ့အန္တရာယ်တွေကို စစ်ဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက သတိပေးခဲ့ဖူးပါတယ်။
မတော်တဆလက်နက်ပစ်လွှတ်မိခဲ့တာကြောင့် စစ်ပွဲ ၃ ခုဖြစ်ပွားခဲ့ဖူးကာ ကက်ရှ်မီးယားဒေသအငြင်းပွားမှုကိစ္စအတွက်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား မကြာခဏဆိုသလို ပဋိပက္ခတွေဖြစ်ပွားနေခဲ့ပါတယ်။
အခုနောက်ပိုင်းလများအတွင်း ပဋိပက္ခတင်းမာမှုတွေလျော့ကျလာတဲ့အချိန်မှာပဲ အိန္ဒိယတို့ ဒုံးကျည်မတော်တဆပစ်လွှတ်မိခြင်းက လုံခြုံရေးကိစ္စရပ်များနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
"၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့မှာ လက်နက်ပစ္စည်းများ ပုံမှန်စစ်ဆေးရေးပြုလုပ်နေစဉ် နည်းပညာပိုင်းချို့ယွင်းမှုဖြစ်ခဲ့ပြီး ဒုံးကျည်မတော်တဆပစ်လွှတ်မိခဲ့ပါတယ်" လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။
"မတော်တဆထွက်သွားတဲ့ဒုံးကျည်က ပါကစ္စတန်နယ်မြေတစ်ခုသို့ ကျရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအဖြစ်အပျက်အတွက် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် လူတစ်ဦးမျှ ထိခိုက်သေဆုံးခြင်းမရှိတဲ့အတွက် စိတ်သက်သာရာရခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
အစိုးရက ဒီအဖြစ်အပျက်ကို အလွန်အလေးထားပြီး သေသေချာချာစုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
အိန္ဒိယဘက်ကကျလာတဲ့ဒုံးကျည်ဟာ မြို့တော်အစ္စလာမာဘက်ဒ်နဲ့ ၅၀၀ ကီလိုမီတာအကွာအဝေးရှိ အရှေ့ပိုင်းမြို့မီယန်ချန်နူသို့ အထိအခိုက်မရှိဘဲကျရောက်ခဲ့ကြောင်း ပါကစ္စတန်မှတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်း ဆန္ဒပြမှုတွေက လေကြောင်းသွားလာရေးကိစ္စတွေကို အကြောင်းမဲ့နှောင့်ယှက်ထိပါးလာသလိုဖြစ်ပြီး လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသည်တွေရဲ့အသက်အန္တရာယ်ကို ထိခိုက်လာနိုင်တယ်လို့ ပါကစ္စတန်ကယူဆထားပါတယ်။
အဆိုပါဆန္ဒပြမှုများကို တာဝန်ယူကိုင်တွယ်ဖြေရှင်းဖို့ ပါကစ္စတန်နိုင်ငံခြားရေးရုံးက အိန္ဒိယမှတာဝန်ခံကို အစ္စလာမာဘက်ဒ်ထံသို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။
အိန္ဒိယအနေနဲ့ မသိချင်ယောင်ဆောင်နေပါက ဖြစ်လာမယ့်အကျိုးဆက်တွေကိုသိရှိထားဖို့လိုပြီး နောက်တစ်ခါဒီလိုအကြမ်းဖက်ခြင်းတွေဖြစ်မလာအောင် ကြိုတင်ပြင်ဆင်ထားဖို့ ပါကစ္စတန်က အိန္ဒိယကိုသတိပေးလိုက်ပါတယ်။
အိန္ဒိယတို့ဘက်က အစ္စလာမာဘက်ဒ်သို့ မတော်တဆဒုံးကျည်ပစ်လွှတ်မိခြင်းကို ချက်ချင်းအကြောင်းကြားဖို့ပျက်ကွက်ခဲ့တာဟာ အလွန်ကိုတာဝန်မဲ့တဲ့လုပ်ရပ်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံလုံခြုံရေးအကြံပေးအရာရှိ 'မိုအက်ဒ်ယူဆက်ဖ်'က အပြစ်တင်လိုက်ပါတယ်။
"ဒုံးကျည်ပစ်ခတ်မှုက မတော်တဆဖြစ်တာလား ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာလားဆိုတာကို သိရှိအောင် စုံစမ်းစစ်ဆေးသွားရပါမယ်" လို့ 'ယူဆက်ဖ်'က တွစ်တာမှာဖော်ပြထားပါတယ်။
စစ်ဘက်ဆိုင်ရာအရေးနဲ့တောင်အာရှရေးရာ ကျွမ်းကျင်ပညာရှင်'အိုက်ရှာဆစ်ဒီကာ'က အိန္ဒိယ-ပါကစ္စတန်အရေးကို ဘေးအန္တရာယ်အနည်းဆုံးဖြစ်အောင်ဆောင်ရွက်သင့်ကြောင်း အကြုံပြုထားပါတယ်။
"နှစ်နိုင်ငံစလုံးက နျူကလီးယားလက်နက်ထိန်းချုပ်ရေးမှာ ယုံကြည်ချက်ရှိနေပေမယ့် ဒီလိုမတော်တဆမျိုးထပ်မံဖြစ်ပွားပြီး နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာမှာ စိုးရိမ်ရပါတယ်"
Source: Reuters
#Yangon_Media_Group
#WorldHealth
Published - 12 March 2022
အရေပြားအောက်သွေးကြောထိခိုက်ကာ ဖောထွက်ရောင်ကိုင်းခြင်းများအတွက် အသုံးပြုလေ့ရှိတဲ့ဆေးဟာ ဓာတ်ခွဲခန်စမ်းသပ်ချက်များအရ ကိုဗစ်ရောဂါကုသရာမှာထိရောက်မှုရှိကြောင်း သုတေသနပညာရှင်များက ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံ တာကီဒါ(Takeda)ဆေးဝါးကုမ္ပဏီမှ Firazyr အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်ရောင်းချတဲ့ Icatibant ဆေးဟာ bradykinin receptor b2 ပရိုတိန်းကို ပိတ်ဆို့တားဆီးပေးပါတယ်။
အဆိုပါပရိုတိန်းကို ဆဲလ်မျက်နှာပြင်များပေါ်ရှိ ACE2 ပရိုတိန်းတွေက ထိန်းညှိပေးထားတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဝင်ရောက်လာနိုင်တဲ့နေရာဖြစ်ပါတယ်။
လတ်တလောကိုဗစ်ရောဂါကူးစက်ထားတဲ့လူနာတွေမှ နှာခေါင်းတွင်းဆဲလ်တွေကို လေ့လာဆန်းစစ်ကြည့်ရာမှာ Icatibant ဆေးပေးခြင်းဖြင့် bradykinin receptor b2 ပမာဏမြင့်တက်လာကာ ဗိုင်းရပ်စ်ပိုးဖြတ်သန်းလာနိုင်တဲ့ပရိုတိန်းကို တားဆီပေးပြီး အသက်ရှူလမ်းကြောင်းမှဆဲလ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ပေးတာကို တွေ့ရှိခဲ့ကြပါတယ်။
Icatibant ဆေးက ဗိုင်းရပ်စ်ပမာဏကို ၉၀ ရာခိုင်နှုန်းကျော်လောက်အထိ လျော့နည်းစေပြီး SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆဲလ်တွေသေဆုံးခြင်းမှ ကာကွယ်ပေးနိုင်တာကို အံ့အားသင့်လောက်ဖွယ်ရာ တွေ့ရှိခဲ့ကြောင်း မြူးနစ်နည်းပညာတက္ကသိုလ်မှ'အဒမ်ချာကာ'က ပြောကြားလိုက်ပြီး မော်လီကျူးဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
Icatibant က ဇီဝဓာတုလမ်းကြောင်းအမျိုးမျိုးကို အသုံးပြုပြီး စတီးရွိက်တွေထက် အသက်ရှူလမ်းကြောင်းကို ပိုမိုကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ icatibant ဆေးတွေကို ကြိမ်ဖန်များစွာအသုံးပြုခြင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို လုံးဝရပ်တန့်စေနိုင်မှာမဟုတ်ပေမယ့် ရောဂါပြင်းထန်မှုကိုတော့ လျှော့ချပေးနိုင်ပါတယ်။
icatibant ဆေးအသုံးပြုခြင်းဖြင့် ကိုဗစ်ရောဂါလူနာတွေမှာ ကောင်းကျိုးတချို့ရရှိနိုင်မယ်လို့ အကြံပြုလာကြပါတယ်။ရောဂါပြင်းထန်နိုင်တဲ့လူနာတွေမှာ icatibant ဆေးပေးပြီး ရောဂါကူးစက်မှုအစောပိုင်းအချိန်အတွင်း ကုသပေးလို့ရမလားဆိုတာကို စမ်းသပ်လေ့လာသွားမှာဖြစ်ကြောင်း 'ချာကာ'ကပြောကြားခဲ့ပါတယ်။
Source: Reuters
#WorldHealth
Published - 12 March 2022
မိုဒါနာ(Moderna)ကုမ္ပဏီကထုတ်တဲ့ လက်ရှိကိုဗစ်ကာကွယ်ဆေးနဲ့ အိုမီခရွန်မျိုးဗီဇကွဲကိုကာကွယ်နိုင်တဲ့နည်းပညာအားပေါင်းစပ်ကာ ထုတ်လုပ်လိုက်တဲ့ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ကို စတင်စမ်းသပ်နေပြီဖြစ်ကြောင်း မိုဒါနာကုမ္ပဏီကကြေညာလိုက်ပါတယ်။
ကြာသပတေးနေ့က ပထမဦးဆုံးတစ်ယောက်ကို စမ်းသပ်ထိုးနှံခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။အမေရိကန်နိုင်ငံရှိ နေရာ ၂၀ နေရာတို့မှာ လူပေါင်း ၃၇၅ ဦးကိုစမ်းသပ်ဖို့ မိုဒါနာကစီစဉ်ထားပါတယ်။
စမ်းသပ်ထိုးနှံမယ့်သူတွေဟာ အသက် ၁၈ နှစ်နဲ့အထက်ရှိသူတွေဖြစ်ပြီး မိုဒါနာကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေအပြင် အနည်းဆုံးလွန်ခဲ့တဲ့ ၃ လက မိုဒါနာအားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေလည်း ပါဝင်ပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲဟာ ယခုနှစ်အစပိုင်းမှာ ကူးစက်မှုအလွန်မြင့်တက်ခဲ့ပြီးနောက် လတ်တလောမှာတော့ ကူးစက်မှုလျော့နည်းနေပြီဖြစ်ပါတယ်။ဖိုင်ဇာကထုတ်တဲ့ အသိအမှတ်ပြုကိုဗစ်ကာကွယ်ဆေးကို အိုမီခရွန်ကူးစက်မှုကိုကာကွယ်နိုင်မယ့် နည်းပညာနဲ့ပေါင်းစပ်ကာ ဖိုင်ဇာပေါင်းစပ်ကာကွယ်ဆေးကိုလည်း စမ်းသပ်လေ့လာနေပြီဖြစ်ပါတယ်။
နယူးယော့ခ်မှာ နံနက် ၁၀ နာရီ ၄၀ မိနစ်က ရှယ်ယာတန်ဖိုး ၄.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နှစ်အစတည်းကဆိုရင် ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းနေခဲ့တာဖြစ်ပါတယ်။
Source: Bloomberg
Page 940 of 982