#World_News
Published 15 February 2025
▪️ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အစိုးရဝန်ထမ်းအင်အား လျှော့ချဖို့ကြိုးပမ်းနေရာမှာ အစမ်းခန့်ဝန်ထမ်းတွေကို ဖယ်ရှားဖို့ အေဂျင်စီဌာနတွေကို အမိန့်ပေးလိုက်သဖြင့် အမေရိကန်တဝှမ်းမှ လုပ်သားဝန်ထမ်းများ သောကြာနေ့မှာ မကျေနပ်စွာ တုံ့ပြန်လိုက်ကြပါတယ်။
▪️ အစိုးရဝန်ထမ်းအင်အားကို အများအပြားလျှော့ချရန် ကြိုးပမ်းမှုမှာ ဝန်ထမ်းများစွာကို သက်ရောက်လာပါတယ်။
▪️ အေဂျင်စီဌာနတွေ တစ်ခုပြီးတစ်ခု အလုပ်ထုတ်ပယ်ဖို့ အသိပေးစာများ ပို့ခဲ့ကြရာ မီချီဂန်ကစလို့ ဖလော်ရီဒါအထိ အစိုးရဝန်ထမ်းတွေ သောကစိတ်တွေနဲ့ ကျန်ခဲ့ရပါတယ်။
▪️ အလုပ်နုတ်ထွက်ရန် မက်လုံးပေးတဲ့အနေနဲ့ စက်တင်ဘာ ၃၀ အထိ ဆက်ပေးသွားမယ့် ကမ်းလှမ်းမှုတွေကို လက်ခံခဲ့သူတွေမှာပါ ယခုအလုပ်ထုတ်ပယ်ခြင်း အသိပေးစာ လက်ခံရရှိလာပါတယ်။
▪️ ဒီအတွက် အလုပ်ထုတ်ပယ်ကြောင်း မှားယွင်းစွာ လက်ခံရရှိတဲ့ ဝန်ထမ်းတွေ ရှိနိုင်ပြီး နုတ်ထွက်ကြောင်း သဘောတူညီချက်များ အကျုံးဝင်နေဦးမယ်လို့ ဝန်ထမ်းကွပ်ကဲရေးအစိုးရရုံး(OPM)က သောကြာနေ့ညနေမှာ ပြောထားပါတယ်။
▪️ ၂၀၂၄ မတ်လအထိတော့ လုပ်ငန်းခွင်မှာ သက်တမ်း ၁ နှစ်မပြည့်သေးတဲ့ ဝန်ထမ်းပေါင်း ၂၂၀,၀၀၀ ခန့် ရှိထားပါတယ်။
▪️ အလုပ်ထုတ်ပယ်ကြောင်း အသိပေးစာများထုတ်ပြန်ဖို့ အေဂျင်စီတွေကို အင်္ဂါနေ့ ည ၈ နာရီအထိ OPMက အချိန်ပေးထားပါတယ်။
▪️ အီလွန်မက်စ်ဦးဆောင်တဲ့ အစိုးရသက်သာချောင်ချိရေးဌာနက အစိုးရဝန်ထမ်းအင်အား လျှော့ချဖို့ ကြိုးပမ်းနေရာမှာ ယခု အစမ်းခန့်ဝန်ထမ်းများ အလုပ်ထုတ်ပယ်ခြင်းက နောက်ဆုံးရအဖြစ်အပျက် ဖြစ်နေပါတယ်။
▪️ လုပ်သက် ၂ နှစ်မပြည့်သေးတဲ့ ဝန်ထမ်း ၁ ကျော်ကို ထုတ်ပယ်ဖို့ ကြေညာထားပြီး ထိုထဲမှာ ဆေးဘက်ဆိုင်ရာ သုတေသီများ၊ ပညာရေးဌာနမှ ဝန်ထမ်းများလည်း ပါဝင်ပါတယ်။
▪️ အမျိုးသားဘဏ္ဍာရေးဝန်ထမ်းများ သမဂ္ဂနဲ့ အခြားသမဂ္ဂအဖွဲ့များက ဒီလိုအလုပ်ထုတ်ပယ်မှုများကို တရားမဝင်ဘူးလို့ ဆိုလိုက်ကာ တရားစွဲဆိုချက် တင်လိုက်ပါတယ်။
#Source: AP News
#World_Science
Published 15 February 2025
▪️ ၂၀၂၅ ဇန်နဝါရီလက အပူနွေးဆုံး ဇန်နဝါရီအဖြစ် စံချိန်တင်သွားတယ်လို့ ကြေညာထားကြကာ ကမ္ဘာ့အပူချိန် ဆက်လက်ပြီး စံချိန်တွေချိုးနေတာကြောင့် ကျန်တဲ့လတွေမှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ ဖော်ပြနေပါတယ်။
▪️ ကမ္ဘာပေါ်က နေရာအများအပြားမှာ ချမ်းအေးတဲ့အပူချိန် ခံစားကြရပေမယ့် ကမ္ဘာမြေတစ်ခုလုံးအနေနဲ့တော့ ပူနွေးလာကာ ယခင်စံချိန်တွေကို ချိုးဖျက်သွားပါပြီ။
▪️ ထိုလအတွက် ကမ္ဘာ့မျက်နှာပြင် လေထုပျမ်းမျှအပူချိန်က စက်မှုမတိုင်မီကာလကိုကျော်ပြီး ၁.၇၅ ဒီဂရီဆဲလ်စီးယပ်စ် ပိုလာပါတယ်။
▪️ ပစိဖိတ်ရှိ လာနီညာရာသီဥတုပုံစံက ကမ္ဘာ့အပူချိန် အေးမြလာရမှာဖြစ်ပေမယ့် အခုလို အပူချိန်များလာတာက မိုးလေဝသပညာရှင်များ စိုးရိမ်စရာ ဖြစ်လာပါတယ်။
▪️ အပူလှိုင်းတွေက သမုဒ္ဒရာကိုဖြတ်ပြီး အလွန်အင်အားကြီးလာတာကြောင့် လာနီညာရဲ့ အေးမြမှုကို ဖုံးလွှမ်းတယ်လို့ ဆိုကြပါတယ်။
▪️ လာနီညာက အပြည့်အဝအနေအထား မရောက်ရှိသေးကာ ကမ္ဘာကြီးက ထိုအဆင့် ၂ ခုကြား လက်ရှိမှာရောက်ရှိနေတယ်လို့ ကော့ပါနီကပ်စ်က သုံးသပ်ထားပါတယ်။
▪️ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကြောင့် ရာသီဥတုပြောင်းလဲရခြင်းနဲ့ အခြားသမုဒ္ဒရာချိုင့်ဝှမ်းတွေမှာ အပူလွန်ကဲခြင်းတို့ကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းကို လာနီညာ အပြည့်အဝဖြစ်ပေါ်ရင်တောင် အေးမြအောင် လျှော့ချဖို့ မလုံလောက်ဘူးလို့ မိုးလေဝသခန့်မှန်းရေး ဥရောပစင်တာမှ ဆာမန်သာဘာဂျက်စ်က ပြောပါတယ်။
▪️ ရုပ်ကြွင်းလောင်စာများမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းဟာ ၂၀၂၅ အထိတိုင်အောင် ပူနွေးစေမယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO)က ၂၀၂၄ ဒီဇင်ဘာမှာ သတိပေးထားပါတယ်။
▪️ ၂၀၂၅ ဟာ လာနီညာကြောင့် ၂၀၂၃ နဲ့ ၂၀၂၄ တို့ထက် ပိုအေးမြမယ်လို့ ခန့်မှန်းနေကြပေမယ့် ပူနွေးလာတဲ့စံချိန်တွေကြောင့် စိုးရိမ်စရာဖြစ်လာပြီး သုတေသနအချို့ကတော့ ၂၀၂၅ ဟာ အပူနွေးဆုံးနှစ် ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။
#Source: India Today
#World_Health
Published 15 February 2025
▪️ ဖရုံစေ့တွေက အာဟာရဓာတ် အလွန်မြင့်မားကာ ပရိုတိန်း၊ မဂ္ဂနီဆီယံ၊ ဇင့်၊ သံဓာတ်တို့ အလွန်ကြွယ်ဝပါတယ်။
▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးပြီး နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။
▪️ ဖရုံစေ့ကို ထမင်းစားဇွန်းတစ်ဇွန်းခန့် နေ့စဉ်စားပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမှာပါ။
▪️ ဒီအတွက် ဖရုံစေ့နေ့စဉ်စားခြင်းရဲ့ အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
(၁) ထရစ်ပ်တိုဖန် အမိုင်နိုအက်ဆစ် ပါဝင်ခြင်းကြောင့် ဆယ်ရိုတိုနင်ပမာဏ များစေပြီး အိပ်စက်မှုကို အထောက်အကူ ပြုပါတယ်။
(၂) မဂ္ဂနီဆီယံ အထူးကြွယ်ဝစွာ ပါဝင်သဖြင့် နှလုံးကျန်းမာရေး၊ အရိုးကျန်းမာရေး၊ သွေးတွင်းသကြားဓာတ်တို့အတွက် အကျိုးပြုကာ သွေးပေါင်ချိန် ထိန်းညှိပေးပါတယ်။
(၃) ဗိုက်တာမင်-အီးနဲ့ ကယ်ရိုတီနွိုက်တို့က ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးပြီး ဓာတ်တိုးပျက်စီးခြင်းမှ ဆဲလ်များကို ကာကွယ်ပေးကာ အသက်ရှည်စေပါတယ်။
(၄) အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေခြင်းကို ကူညီပေးပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးကာ အူလမ်းကြောင်းကျန်းမာရေးကို ထောက်ကူပေးပါတယ်။
(၅) ဖရုံစေ့က သွေးတွင်းသကြားဓာတ် ထိန်းချုပ်ပေးတယ်လို့ အချို့လေ့လာချက်တွေမှာ ယူဆထားပါတယ်။
(၆) ကျန်းမာရေးနဲ့ ညီညွတ်သောအဆီ၊ အမျှင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါင်းစပ်လိုက်ကာ မကောင်းတဲ့ ကိုလက်စ်ထရောလ် လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
(၇) ဖရုံစေ့ထဲမှဦပါတဲ့ အဆီတွေနဲ့ ဗိုက်တာမင်တွေက အရေပြားအစိုဓာတ်ကို ကူညီပေးပြီး ဆံကေသာကျန်းမာရေး ကောင်းမွန်စေပါတယ်။
#Source: DoctorNDTV
လုပ်ငန်းကဏ္ဍတွေမှာ AI သို့ ပြောင်းလဲအသုံးပြုလာတာတွေက ဖိလစ်ပိုင်လုပ်သားများကို သက်ရောက်နေပြီး အလုပ်အကိုင်ဖူလုံရေးပြဿနာ ဖြေရှင်းပေးဖို့အတွက် ပေါ်လစီပြောင်းလဲရန် တောင်းဆိုလာကြပါတယ်။
#Asia_Industry
Published 14 February 2025
#AIစနစ်တိုးတက်ကျင့်သုံး #ဖိလစ်ပိုင်မှပြင်ပလုပ်သားရင်းမြစ်လုပ်ငန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 14 February 2025
၁။ ကျပ်၁၅ ဘီလျံကျော်အသုံးပြု၍ နေပြည်တော် ရေပန်းဥယျာဉ်ကို အဆင့်မြှင့်တင်နေ
၂။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်မှု ၈၀ရာခိုင်နှုန်းခန့်ပြီးစီး
၃။ အထည်ပျက်ရောင်းချသူများနှင့် လုပ်ကွက်များမှဝင်ရောက်နေ၍ ရွှေကုန်ကြမ်းပေါလာ
၄။ AI စနစ်တိုးတက်ကျင့်သုံးလာသည်နှင့်အညီ ဖိလစ်ပိုင်မှ ပြင်ပလုပ်သားရင်းမြစ်လုပ်ငန်းကဏ္ဍထိခိုက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 14 February 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် နိုင်ငံခြားရေးသံတမန်အဖွဲ့ကို မွမ်းမံပြင်ဆင်ဖို့ ကြိုးပမ်းနေရာမှာ ထရမ့်အစိုးရအုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာတဝှမ်းမှ အမေရိကန်သံရုံးများကို ဝန်ထမ်းလျှော့ချရန် ပြင်ဆင်ထားဖို့ ပြောကြားထားကြောင်း သတင်းနီးစပ်သူ ၃ ခုက ရိုက်တာသတင်းဌာနထံ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။
▪️ သံရုံးတွေအနေနဲ့ အမေရိကန်နိုင်ငံသား ဝန်ထမ်းရော သက်ဆိုင်ရာနိုင်ငံမှ ဝန်ထမ်းမှာပါ ၁၀ ရာခိုင်နှုန်းစီ လျှော့ချသွားဖို့ မှာကြားခံထားရကာ ဝန်ထမ်းအင်အားစာရင်းကို နိုင်ငံခြားရေးဌာနသို့ သောကြာနေ့အမီ ပို့ပေးရမှာဖြစ်ပြီး အဲဒီနောက် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
▪️ အမေရိကန်သံရုံးတွေမှာက သံတမန်တွေရော ပြည်တွင်းဝန်ထမ်းတွေပါ အလုပ်ခန့်အပ်ထားပြီး သံရုံးဝန်ထမ်းအများစုက အိမ်ရှင်နိုင်ငံမှဖြစ်ကြောင်း အမေရိကန် သံတမန်ရေးရာ အမျိုးသားပြတိုက်က ဆိုပါတယ်။
▪️ အမေရိကန် နိုင်ငံခြားရေးဌာနမှ ဒီမိုကရေစီဗျူရို၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာတို့ရှိ ကန်ထရိုက် ၆၀ ခန့်ကို လတ်တလော ရက်သတ္တပတ်များအတွင်း အဆုံးသတ်လိုက်ပြီး အခြားဗျူရိုတွေမှာလည်း နောက်ထပ်ဖြတ်တောက်လျှော့ချမှုများ ရှိလာနိုင်သေးတယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
▪️ အမေရိကန်သံရုံးတွေကို ဝန်ထမ်းလျှော့ချရန် စတင်စီစဉ်ဖို့ ပြောလိုက်တဲ့အကြောင်းကို ABC News သတင်းဌာနက အရင်ဆုံးဖော်ပြခဲ့တာ ဖြစ်ပါတယ်။
▪️ ထရမ့်က နိုင်ငံခြားရေး သံတမန်အဖွဲ့ကို ပြင်ဆင်မွမ်းမံဖို့ ကြိုးစားနေရာမှာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ လမ်းစဉ်အတိုင်း ယုံကြည်ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် နိုင်ငံခြားရေးဌာနဝန်ကြီး မာကိုရူဘီယိုကို အမိန့်ထုတ်ပြန်ညွှန်ကြားထားပါတယ်။
▪️ ထရမ့်ဟာ သစ္စာမစောင့်သိဘူးလို့ ယူဆရတဲ့ ဗျူရိုကရက်တွေကို အလုပ်ထုတ်ပစ်ပြီး သန့်ရှင်းသွားမယ်လို့ အကြိမ်ကြိမ်ဆိုထားပါတယ်။
▪️ ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့ သမ္မတတာဝန်ယူတဲ့နေ့ကစပြီး 'အမေရိကသာ ပထမ'ဆိုတဲ့ သူ့ရဲ့မူဝါဒများအတိုင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
#Source: Reuters
#World_Health
Published 14 February 2025
▪️ လူ ၆ ဦးမှာ ၁ ဦးနှုန်းနီးပါးလောက် ခံစားနေရတဲ့ စိတ်ကျရောဂါဟာ အဖြစ်အများဆုံး စိတ်ရောဂါတစ်မျိုးဖြစ်ပြီး လူသားတွေ စိတ်ဒုက္ခခံစားရတဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်နေပါတယ်။
▪️ ဒါပေမဲ့ စိတ်ဓာတ်ကျခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိပ်ပြီးနားမလည်ဘဲ ဖြစ်နေကြပါတယ်။
▪️ ဂျေရုဆလမ် ဟီဘရူးတက္ကသိုလ်မှ စိတ်ပညာရှင်များက ရောင်ရမ်းခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကြား ဆက်စပ်မှုကို လေ့လာဖော်ပြထားကြပြီး Neurotransmitterလို့ခေါ်တဲ့ အာရုံကြောဓာတ်များအကြောင်း ယူဆချက်တွေ ပါဝင်နေပါတယ်။
▪️ ဆယ်စုနှစ်များကြာအောင် သုတေသနလုပ်ထားရာမှာ ကိုယ်ခံအားစနစ် မမျှတခြင်းက စိတ်ဓာတ်ကျရောဂါ အဖြစ်နိုင်ဆုံးသူတွေမှာ လက္ခဏာများ ဖြစ်ပေါ်တတ်တယ်လို့ ယူဆထားပြီး ယခုသုတေသနက သမားရိုးကျ ကုသနည်းနဲ့ အလုပ်မဖြစ်သူတွေမှာ ရောင်ရမ်းခြင်းကို ကုသသွားမယ့်လမ်းစ ဖြစ်နေပါတယ်။
▪️ သမားရိုးကျ စိတ်ကျအခြေအနေ ယူဆချက်တွေမှာ ဆယ်ရိုတိုနင်နဲ့ နော်အက်ပီနက်ဖရင်းတို့လို အာရုံကြောဓာတ်တွေကို အလေးထားပြီး ဦးနှောက်ထဲက ထိုဓာတုပစ္စည်းများ ချို့တဲ့ပါက စိတ်ကျလက္ခဏာ ဖြစ်လာနိုင်တယ်လို့ ယူဆထားကြပါတယ်။
▪️ သာမန်စိတ်ကျရောဂါပျောက်ဆေးများဖြင့် လူနာအများစု မသက်သာတဲ့ အခါမှာတော့ ဒါတွေနဲ့ မရှင်းပြနိုင်တော့ပါဘူး။
▪️ ကင်ဆာနဲ့ အသည်းရောင်ကုသခြင်းတို့အတွက် ကိုယ်ခံအားမြှင့်တင်ကုသနည်းတွေက လူနာတွေမှာ စိတ်ကျလက္ခဏာများ အပြင်းအထန် ဖြစ်စေတယ်လို့ အံ့အားသင့်ဖွယ် တွေ့ရှိထားပါတယ်။
▪️ စမ်းသပ်ချက် ပြုလုပ်ရာမှာ ကိုယ်ခံအားလှုံ့ဆော်စေတဲ့ ဆေးအနည်းငယ်ကို ကျန်းမာတဲ့သူတွေမှာ ထိုးနှံခဲ့ရာ ယာယီစိတ်ကျအခြေအနေ ခံစားရတာ တွေ့ရပါတယ်။
▪️ အသည်းရောင်ပြီး သွေးထဲမှာ CRPပမာဏများတဲ့ သူတွေမှာလည်း စိတ်ဓာတ်ကျလက္ခဏာများ တွေ့ရပါတယ်။
▪️ ဖိစီးမှုက ဦးနှောက်ထဲက ကိုယ်ခံအားစနစ်ကို ကိုယ်စားပြုတဲ့ မိုက်ခရိုဂလီယာဆဲလ်တွေကို သက်ရောက်စေကာ ရောင်ရမ်းခြင်း ဖြစ်စေတယ်လို့ ဟီဘရူးတက္ကသိုလ်မှ စိတ်ရောဂါအထူးကု ယာမီယာနဲ့အဖွဲ့က ပြသနိုင်ခဲ့ပါတယ်။
▪️ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးဘဝတည်းက ဒုက္ခကြုံလာရသူတွေ၊ စိတ်ကျရောဂါ ကုသနည်းနဲ့ မတိုးသူတွေမှာ ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ စိတ်ကျအခြေအနေ ပိုဖြစ်နိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။
▪️ ပြီးခဲ့တဲ့နှစ် ၃၀ အတွင်း သုတေသနတွေအရ စိတ်ကျရောဂါမှာ ကိုယ်ခံအားစနစ်က အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေတာ တွေ့ခဲ့ကြောင်း၊ စိတ်ကျလက္ခဏာများအပြင် နောက်ခံအကြောင်းအရင်းပါ ဖြေရှင်းရမှာဖြစ်ကြောင်း ပြောသွားပါတယ်။
#Source: The Jerusalem Post
Page 214 of 1097