
#LocalNews
Published - 25 Feb 2022
နိုင်ငံတစ်ဝှန်းလုံးရှိ နေအိမ်တွင်သီးသန့်ခွဲခြားနေထိုင်သော ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ(Home Isolation) ကျန်းမာရေးပညာရှင်များကို တိုက်ရိုက်မေးမြန်းနိုင်မည့် ဖုန်းနံပါတ်များ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ကိုဗစ်အတည်ပြုလူနာများအနေနဲ့ ရောဂါနဲ့ပတ်သက်ပြီး တာဝန်ကျဆရာဝန်နဲ့ တိုက်ရိုက်ဆက်သွယ်မေးမြန်းတိုင်ပင်နိုင်ရေးအတွက် အထူးကုဆရာဝန်နဲ့ ဆေးပညာရှင်များပါရှိတဲ့အဖွဲ့(Teleconsultation Team)တွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်တွေမှာ ဖွဲ့စည်းထားပါတယ်။
အဆိုပါပညာရှင်အဖွဲ့တွေထံ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို ၂၄ နာရီ ပိတ်ရက်မရှိဆက်သွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၄ ခုအတွက် (Teleconsultation Team) ကို ပထမဦးဆုံး ဖွဲ့ခဲ့ပြီးနောက်ပိုင်းမှာ နေပြည်တော်နဲ့ မွန်ပြည်နယ်တို့မှာပါ Teleconsultation Team ကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို ထပ်မံ ကြေညာခဲ့ပါတယ်။
ymg/ei
#Yangon_Media_Group
- Category: Myanmar
- Hits: 365

#WorldHealth
Published - 26 February 2022
အိုမီခရွန်မျိုးဗီဇကွဲဗိုင်းရပ်စ် အများဆုံးကူးစက်ခံနေရတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ဒိန်းမတ်နိုင်ငံရှိလူအချို့မှာ အဆိုပါမျိုးဗီဇကွဲနှစ်ခါပြန်ကူးစက်နေတာကို ရှားရှားပါးပါးမြင်တွေ့နေရကြောင်း လေ့လာချက်တစ်ခုမှာဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့တဲ့လူပေါင်း ၁.၈ သန်းကို စမ်းသပ်စစ်ဆေးခဲ့ရာမှာ ၄၇ ဦးက ရက်ပေါင်း ၂၀ မှ ၆၀ ရက်ခြားပြီး အိုမီခရွန်မျိုးဗီဇကွဲ BA.1 နဲ့ သူ့ရဲ့မျိုးနွယ်ခွဲ BA.2 နှစ်မျိုးစလုံးကူးစက်ခံခဲ့ရတာကို တွေ့ရှိခဲ့ကြောင်း ဒိန်းမတ်ကူးစက်ရောဂါတက္ကသိုလ်မှ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
မျိုးဗီဇကွဲနှစ်မျိုးစလုံးကူးစက်ခံခဲ့ရတဲ့သူတွေဟာ ငယ်ရွယ်ပြီး ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့လူတွေဖြစ်ကာ ရောဂါအပျော့စားမျှသာ ခံစားခဲ့ရတာဖြစ်ပါတယ်။အခြားလူ ၂၀ ဦးကတော့ အိုမီခရွန်မျိုးဗီဇကွဲတစ်မျိုးတည်းကိုပဲ နှစ်ခါပြန်ကူးစက်ခံခဲ့ရပါတယ်။
အိုမီခရွန်ရဲ့ BA.2 မျိုးနွယ်ခွဲ ကူးစက်မှုအများဆုံးဖြစ်ခဲ့တဲ့နှစ်စပိုင်းတုန်းက လူဦးရေ ၅.၈ သန်းရှိတဲ့ဒိန်းမတ်နိုင်ငံမှာ လူပေါင်း ၂.၆ သန်းကူးစက်မှုဖြစ်ပွားခဲ့ပါတယ်။နိုင်ငံအတွင်း ကိုဗစ်ကန့်သတ်ပိတ်ပင်ချက်တွေကို ဖြေလျှော့လိုက်ပြီဖြစ်ပြီး ကိုဗစ်ရောဂါက လူမှုနေထိုင်မှုမှာ အနှောင့်အယှက်မဖြစ်စေတော့ဘူးလို့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
Source: Bloomberg
- Category: World
- Hits: 750

#WorldHealth
Published - 26 February 2022
ဥရောပမှဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Sanofi နဲ့ GSK ကုမ္ပဏီတို့ စမ်းသပ်ထုတ်လုပ်နေတဲ့ ဗစ်ပရက်ဗ်တင်(Vidprevtyn) ကိုဗစ်ကာကွယ်ဆေးအသစ်ဟာ နောက်ပိုင်းအဆင့်လက်တွေ့စမ်းသပ်ချက်များအရ ကိုဗစ်ရောဂါပြင်းထန်စွာခံစားရခြင်းကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အဆိုပါကုမ္ပဏီတွေက သူတို့ ရဲ့ကာကွယ်ဆေးအသစ်ကို အမေရိကန်နဲ့ ဥရောပတို့ မှာထိုးနှံခွင့်ရရှိရန် အာဏာပိုင်များထံမှခွင့်ပြုချက်တောင်းခံသွားဖို့ စီစဉ်နေကြပါတယ်။ဗစ်ပရက်ဗ်တင်ဟာ ပရိုတိန်းအခြေပြုကာကွယ်ဆေးဖြစ်ကာ ခန္ဓာကိုယ်ခုခံအားစနစ်ကနေ SARS-CoV-2 ဗိုင်းရပ်စ်ကိုတိုက်ထုတ်ဖို့ ပရိုတိန်းအစိတ်အပိုင်းလေးတွေ အသုံးပြုထားတာဖြစ်ပါတယ်။
mRNA နဲ့ adenovirus vector ကာကွယ်ဆေးတွေထက် ပိုမိုရိုးရှင်းတဲ့ကာကွယ်ဆေးအမျိုးအစားဖြစ်ပါတယ်။
ဒီကာကွယ်ဆေးတွေကို သာမန်ရေခဲသေတ္တာအပူချိန်မှာ ထိန်းသိမ်းထားနိုင်တာကြောင့် အချို့အခက်အခဲရှိတဲ့နေရာတွေအတွက် ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။
ပိုမိုရိုးရှင်းတဲ့နည်းပညာကို အသုံးပြုထားတာဖြစ်တဲ့အတွက် အခြားကိုဗစ်ကာကွယ်ဆေးနဲ့အဆင်မပြေတဲ့သူတွေအနေနဲ့ ဒီကာကွယ်ဆေးအမျိုးအစားကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ဗစ်ပရက်ဗ်တင်ကာကွယ်ဆေးနှစ်ကြိမ်ကို ၃ ပတ်ခြားပြီးထိုးနှံရမှာဖြစ်ပါတယ်။
တတိယအဆင့်စမ်းသပ်မှုအတွက် အမေရိကန်၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကတို့ မှ လူပေါင်း ၁ သောင်းကျော်စာရင်းသွင်းခဲ့ပါတယ်။ဒါ့အပြင် တတိယအကြိမ်ထိုးနှံမှုအဖြစ် အားမြှင့်ကာကွယ်ဆေး(booster)စမ်းသပ်ဖို့ကိုလည်း ဆန်းစစ်လေ့လာနေပြီ ဖြစ်ပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ကိုခုခံနိုင်မယ့် ပဋိပစ္စည်း(antibody)မရှိသေးတဲ့ လူတွေကို ဗစ်ပရက်ဗ်တင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခဲ့ပြီးနောက် လေ့လာခဲ့ကြရာမှာ ကိုဗစ်ရောဂါလက္ခဏာဖြစ်ပေါ်မှုကို ၅၈ ရာခိုင်နှုန်း၊ ကိုဗစ်ရောဂါအလယ်အလတ်မှ ပြင်းထန်အဆင့်အထိဖြစ်ပွားနိုင်ချေကို ၇၅ ရာခိုင်နှုန်း၊ ဆေးရုံတက်ကုသခံယူရနိုင်ချေကို ၁၀၀ ရာခိုင်နှုန်း အသီးသီးကာကွယ်နိုင်ကြောင်း တွေ့ရှိရပါတယ်။
"စမ်းသပ်မှုအချက်အလက်တွေက အားရစရာကောင်းပါတယ်။ မျိုးဗီဇကွဲများစွာပေါ်ပေါက်နေတဲ့ကာလအတွင်း အခြားဘယ်ကာကွယ်ဆေးကမှ ကမ္ဘာ့အတိုင်းအတာနဲ့ တတိယအဆင့်စမ်းသပ်မှုကို မလုပ်နိုင်ခဲ့ပါဘူး။ အခုရရှိထားတဲ့ကာကွယ်နိုင်စွမ်းတွေက အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ကာကွယ်ဆေးတွေနဲ့ ဆင်တူနေပါတယ်" လို့ Sanofi မှ အမှုဆောင်ဒုဥက္ကဌ'သောမတ်စ်ထရီယမ့်'က ပြောကြားလိုက်ပါတယ်။
ဗစ်ပရက်ဗ်တင်ကာကွယ်ဆေးတစ်မျိုးတည်းနဲ့လည်း ထိရောက်စွာကာကွယ်နိုင်သလို ဖိုင်ဇာ၊ မိုဒါနာ၊ အက်စ်ထရာဇန်နီကာ၊ ဂျွန်ဆန်အန်ဂျွန်ဆန် ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာလည်း ဗစ်ပရက်ဗ်တင်ကို အားမြှင့်ကာကွယ်ဆေးအဖြစ်အသုံးပြုပါက ပဋိပစ္စည်းခုခံနိုင်စွမ်း ၁၈ ဆ မှ အဆ ၃၀ အထိမြင့်တက်လာကြောင်း ဖော်ပြထားပါတယ်။
ဗစ်ပရက်ဗ်တင်ကာကွယ်ဆေးပေါင်း သန်း ၁၀၀ ကိုထုတ်လုပ်ထားပြီးဖြစ်ပြီး နောက်ထပ်ဆေးပေါင်းသန်း ၄၀၀ အထိထုတ်လုပ်သွားဖို့ ရည်ရွယ်နေကြပါတယ်။
Source: CNN
- Category: World
- Hits: 495

#LocalHealth
Published - 25 Feb 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖျားနာသူ၅၀၀ခန့်ကိုဗစ်ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၂)ဦးထပ်မံတွေ့ရှိရတယ်လို့ မြို့ နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနကသိရပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သီပေါမြို့နယ်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ Positiveလူနာများနဲ့ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၄၉၈)ဦးအား COVID-19 Antigen RDT Test Kit ဖြင့်ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ(၂၂)ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရတာလို့ သိရပါတယ်။
"ဖျားနာတဲ့လူတွေရော ပိုးတွေ့လူနာနဲ့ထိစပ်သူတွေရော စစ်ဆေးတာမှာလူနာသစ် ၂၂ဦးတွေ့တာဖြစ်ပါတယ် အားလုံး ကိုဗစ်စည်ကမ်းနဲ့အညီကုသပေးနေပါတယ်"လို့ မြို့နယ်ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဆိုပါပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသကြပ်မတ်ဆောင်(Isolation Ward)တွင် ဆေးကုသနိုင်ရေး ဆောင်ရွက် ထားရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာနှင့်ထိတွေ့ဆက်စပ်သူများအား Home Quarantine ထားရှိ ထားတယ်လို့ သိရပါတယ်။
သီပေါမြို့နယ်တွင်ဖေဖော်ဝါရီလ ၂၄ရက်အထိကိုဗစ်ရောဂါပိုးတွေ့ အတည်ပြု လူနာပေါင်း (၁၈၃၀)ဦးရှိပြီး၊ သေဆုံးသူ(၁၀၁)ဦးရှိပြီဖြစ် ကာလက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ(၆၂)ဦးရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
- Category: Myanmar
- Hits: 278

#WorldHealth
Published- 25 February 2022
အက်စ်ထရာဇန်နီကာ(AstraZeneca)ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးတဲ့သူ ၁ သန်းမှာ လူ ၁ ယောက်မှ ၃ ယောက်အထိ ရှားရှားပါးပါးသွေးခဲခြင်းလက္ခဏာဖြစ်ပေါ်တတ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သုတေသီများက ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ဦးနှောက်၊ သွေးလွှတ်ကြော၊ သွေးပြန်ကြောတိုမှာ ရှားပါးသွေးခဲခြင်းနဲ့ Platelet နည်းပါးခြင်းဖြစ်စဉ်တို့ အကြား ဆက်စပ်မှုတွေကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
အဆိုပါလက္ခဏာဖြစ်စဉ်များပေါ်ပေါက်လာတာကြောင့် အောက်စ်ဖို့ဒ်တက္ကသိုလ်မှထုတ်လုပ်တဲ့ အက်စ်ထရာဇန်နီကာကာကွယ်ဆေးအသုံးပြုခြင်းကို နိုင်ငံအများအပြားမှာ ပြီးခဲ့တဲ့နှစ်က ရပ်ဆိုင်းခဲ့ရပါတယ်။
၂၀၂၀ ဒီဇင်ဘာလမှ ၂၀၂၁ မတ်လအတွင်း ဖိုင်ဇာ-ဘိုင်အိုတက်ခ် ဒါမှမဟုတ် အက်စ်ထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ အင်္ဂလန်နိုင်ငံမှလူပေါင်း ၄၆ သန်းကို ကာကွယ်ဆေးမထိုးထားတဲ့သူတွေနဲ့ နှိုင်းယှဉ်ကာ သွေးခဲခြင်းဖြစ်ပေါ်နိုင်ချေကို လေ့လာခဲ့ကြပါတယ်။
အက်စ်ထရာဇန်နီကာထိုးနှံထားတဲ့ အသက် ၇၀ အောက်လူတွေမှာ ဦးခေါင်းအတွင်းသွေးပြန်ကြောသွေးခဲခြင်းဖြစ်စဉ်(ICVT) ဖြစ်နိုင်ချေက လူတစ်သန်းမှာ ၁ ယောက်မှ ၃ ယောက်အထိ ဖြစ်နိုင်ချေရှိပါတယ်။
ကိုဗစ်ရောဂါကူးစက်မှုနဲ့အသက်သေဆုံးနိုင်ချေကို ကာကွယ်ပေးနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးအကျိုးသက်ရောက်မှုက ICVT ဖြစ်ပွားနိုင်ချေနဲ့ သွေးကျဲခြင်းကြောင့်ဆေးရုံတက်ကုသခံယူရမှုတို့ ထက် ပိုများနေပါတယ်။
ဥရောပမှာ အက်စ်ထရာဇန်နီကာ-အောက်စ်ဖိုဒ် ကာကွယ်ဆေးစတင်တဲ့ထိုးနှံကြတဲ့အချိန် ပြီးခဲ့တဲ့နှစ်အစောပိုင်းက ရှားပါးသွေးခဲခြင်းဖြစ်စဉ်တွေ တွေ့ရှိခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကြောင့် အဆိုပါလက္ခဏာဖြစ်စဉ်များ ဆက်စပ်ဖြစ်ပေါ်နိုင်ကြောင်း ဥရောပသမဂ္ဂဆေးဝါးကွပ်ကဲရေးက အတည်ပြုပြီးနောက် အချို့ နိုင်ငံတွေမှာ ထိုကာကွယ်ဆေးအများအသုံးပြုခြင်းကို ဆိုင်းငံ့ထားခဲ့ပါတယ်။
နိုင်ငံတကာဆေးဝါးကွပ်ကဲရေးအဖွဲ့ ကတော့ ကာကွယ်ဆေးကြောင့်ရတဲ့ အကျိုးကျေးဇူးက ဖြစ်လာနိုင်တဲ့ဘေးထွက်အန္တရာယ်ထက် သာလွန်နေသေးကြောင်း ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း စမ်းသပ်မှုတစ်ခုမှာ အက်စ်ထရာဇန်နီကာကာကွယ်ဆေး ပထမအကြိမ်ထိုးအပြီး ရှားပါးသွေးခဲခြင်းဖြစ်ပေါ်တတ်ပေမယ့် ဒုတိယအကြိမ်ထိုးပြီးတဲ့အခါမှာတော့ မဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
အက်စ်ထရာဇန်နီကာ-အောက်စ်ဖိုဒ်မှထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို Vaxzevria နဲ့ Covishield အမှတ်တံဆိပ်များဖြင့် ကမ္ဘာတစ်ဝန်းမှာ ဖေဖော်ဝါရီလအထိ ဆေးပေါင်း ၂.၆ သန်းကျော်ရောင်းချထားပြီဖြစ်ပြီး ဖွံ့ ဖြိုးဆဲနိုင်ငံများတွင် ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရာမှာ အဓိကအားထားနေရတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။
Source: Reuters.
- Category: World
- Hits: 548

#WorldHealth
Published - 25 February 2022
ဆိုင်နိုဖမ်(Sinopharm)ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံတဲ့သူတွေမှာ ၆ လကြာသည့်အခါ ထွက်ရှိထားတဲ့ပဋိပစ္စည်း(antibody)တွေ သိသိသာသာလျော့နည်းလာတဲ့အပြင် စတုတ္ထအကြိမ်ထိုးနှံခြင်းဖြင့်လည်း အိုမီခရွန်ကာကွယ်နိုင်စွမ်း ထူးထူးခြားခြားကောင်းမွန်လာခြင်းမျိုးမတွေ့ရှိရကြောင်း တရုတ်နိုင်ငံမှလေ့လာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းထွက်ရှိမှုမြင့်မားချင်တယ်ဆိုရင် ဆိုင်နိုဖမ်လိုမျိုး သက်မဲ့ဗိုင်းရပ်စ်ကာကွယ်ဆေးအမျိုးအစားတွေကို အားမြှင့်ကာကွယ်ဆေး(Booster)အဖြစ် မသုံးစွဲသင့်ဘူးလို့ တနင်္လာနေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီအစား အားမြှင့်ကာကွယ်ဆေးအဖြစ်ထိုးနှံချင်တယ်ဆိုရင် ပရိုတိန်းအခြေပြုကာကွယ်ဆေးမျိုး ဒါမှမဟုတ် ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေရဲ့ မျိုးရိုးဗီဇအချက်အလက်တွေအပေါ် အခြေပြုထုတ်လုပ်ထားတဲ့ mRNA ကာကွယ်ဆေးအမျိုးအစားတွေကို ရွေးချယ်သင့်ကြောင်းဖော်ပြထားပါတယ်။
အိုမီခရွန်ကူးစက်မှုကြောင့် ကိုဗစ်ရောဂါဖြစ်ပွားနိုင်ချေနဲ့ အသက်သေဆုံးနိုင်ချေတို့ ကို လျှော့ချတဲ့နေရာမှာ တတိယအကြိမ် ဒါမှမဟုတ် စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းမှရရှိတဲ့ ပဋိပစ္စည်းပမာဏက ဘယ်လောက်အထိသက်ရောက်မှုရှိသလဲဆိုတာကို သေချာမသိရှိရသေးပါဘူး။
ဆိုင်နိုဖမ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီး ၂၆ ပတ်ကြာတဲ့အခါ အိုမီခရွန်ကိုကာကွယ်နိုင်တဲ့ ပဋိပစ္စည်းပမာဏက ၅၃ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ကြောင်း လေ့လာချက်မှာဖော်ပြထားပါတယ်။
လေ့လာချက်အရ တရုတ်မှကျန်းမာရေးဝန်ထမ်း ၃၈ ဦးကို ဆိုင်နိုဖမ်ကာကွယ်ဆေးပထမ ၂ ကြိမ်ထိုးပေးပြီး ၅ လအကြာမှာ အားမြှင့်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
နောက်ထပ် ၆ လအကြာမှာ စတုတ္ထအကြိမ်ထိုးပေးခဲ့ရာမှာတော့ အိုမီခရွန်ကိုကာကွယ်နိုင်မယ့် ပဋိပစ္စည်းပမာဏက သိသိသာသာမြင့်တက်လာခြင်းမရှိပေမယ့် တတိယအကြိမ်ထိုးနှံစဉ်ကအမြင့်ဆုံးရရှိခဲ့တဲ့ ပဋိပစ္စည်းပမာဏအတိုင်း ပြန်လည်ရောက်ရှိခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
စွန်ယက်ဆန်တက္ကသိုလ်နဲ့ သုတေသနပညာရှင်များက ဆေးရုံတစ်ခုမှာ အဆိုပါလေ့လာချက်ကိုပြုလုပ်ခဲ့ရာ အသက်အရွယ်ကြီးသူတွေနဲ့ လေ့လာခဲ့ခြင်းမရှိသလို စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးခြင်းရဲ့ ဆဲလ်တုန့်ပြန်မှုအပေါ်သက်ရောက်မှုကိုလည်း မလေ့လာခဲ့ပါဘူး။
Source: Reuters
- Category: World
- Hits: 677
- Category: Myanmar
- Hits: 328