
#LocalHealth
Published-6 Mar 2022
တနင်္သာရီတိုင်းဒေသကြီး၊တနင်္သာရီမြို့ နယ်တွင် တာဝန်ထမ်းဆောင်နေသောဆရာမတစ်ဦး နေမကောင်းဖြစ်တာကြောင့်ဆေးခန်းလာရောက်ပြရာ ကိုဗစ်ရောဂါပိုးတွေရှိတာကြောင့် ကျောင်းရှိဆရာ/ဆရာမများနဲ့ကျောင်းသူကျောင်းသားများကို ရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာ စုစုပေါင်း ၁၁ဦးမှာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိရတယ်လို့ မြို့ နယ်ကုသရေး နဲ့ ပြည်သူကျန်းမာရေးဦးစီးဌာနကသိရပါတယ်။
မတ်လ ၅ရက်နေ့ကတနင်္သာရီမြို့ နယ်လယ်တောင်ယာ ကျောင်းတွင် တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ဦးမှာနေမကောင်းဖြစ်ကာ မြို့ နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ် ကိုဗစ်ရောဂါပိုးစစ်ဆေးပေးရာပိုးတွေ့ရှိတာကြောင့် အလက- လယ်တောင်ယာကျောင်းရှိ ဆရာ/မ(၁၄)ဦးနှင့်ကျောင်းသူ/သား(၆၃)ဦး၊ပေါင်း(၇၇)ဦးအား မြို့ နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိကို RDT Test-Kit ဖြင့်တစ်ဦးချင်းစစ်ဆေးပေးရာ ဆရာ/မ(၄)ဦးနှင့်ကျောင်းသူ/သား(၇)ဦး, ပေါင်း(၁၁)ဦးတို့တွင် ရောဂါပိုး အတည်ပြု တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါရောဂါပိုးတွေ့ရှိခဲ့တဲ့ဆရာ/မများနဲ့ကျောင်းသူ/သား(၁၁)ဦးအား လယ်တောင်ယာကျေးရွာ မူလတန်းကြိုကျောင်းဆောင် အတွင်း Home Quarantine အဖြစ် အမျိုးသား/အမျိုးသမီးသီးခြားထားရှိကာ ၎င်းတို့ နှင့်ဆက်နွယ်ထိစပ်သော မိသားစုဝင်များနေထိုင်တဲ့ နေအိမ်များကိုလည်း အသွားအလာ ကန့်သတ်ထားရှိပြီး ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုပေးနေတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
- Category: Myanmar
- Hits: 346

#WorldHealth
Published - 06 March 2022
ဟောင်ကောင်တွင် ကိုဗစ်ကူးစက်ပျံ့ပွားမှုများဖြစ်ပွားခဲ့ရာ အသက် ၅ နှစ်အောက်ကလေးငယ် ၃ ဦးသေဆုံးခဲ့တာကြောင့် ကလေးမိဘများစိုးရိမ်ပူပန်နေရပြီး ကလေးအထူးကုဆရာဝန်တွေကတော့ ဒါဟာ ကံဆိုးတဲ့တိုက်ဆိုင်မှုသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
သေဆုံးသွားကလေး ၃ ယောက်ရဲ့အသက်တွေက ၁၁ လသားအရွယ်၊ ၃ နှစ်သားအရွယ်နဲ့ ၄ နှစ်သားအရွယ်တို့ ဖြစ်ပါတယ်။ကောက်ချက်ချဖို့ အရေအတွက်နည်းလွန်းပေမယ့် ယခုကူးစက်မှုလှိုင်းကာလအတွင်း သေဆုံးသူ ၁,၁၅၃ ရဲ့ ဝ.၃ ရာခိုင်နှုန်းရှိခဲ့တာဖြစ်ပါတယ်။
ကလေးငယ်တွေအသက်သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိကြသေးဘဲ ဆေးရုံအာဏာပိုင်များက စုံစမ်းလေ့လာနေကြပါတယ်။ဟောင်ကောင်နိုင်ငံဟာ ကိုဗစ်စည်းကမ်းတင်းကြပ်စွာချမှတ်ထားတဲ့နိုင်ငံဖြစ်ပေမယ့် ကလေးငယ်တွေသေဆုံးမှုမှာ ဩစတြေးလျ၊ စင်္ကာပူတို့ ထက် ပိုများနေခဲ့ပါတယ်။
ကလေးငယ်သေဆုံးမှုသတင်းတွေကြောင့် ကလေးမိဘတွေစိုးရိမ်နေရပေမယ့် ကိုဗစ်ကူးစက်ခံရတဲ့ကလေးအများစုဟာ ရောဂါအပျော့စားလောက်သာခံစားရလေ့ရှိပြီး ၇ ရက်မှ ၁၀ ရက်အတွင်း ပြန်လည်သက်သာလာကြောင်း ပရင့်ဆက်စ်မာဂရက်ဆေးရုံမှ ကလေးအထူးကုအကြံပေး ဒေါက်တာ'ကွမ်ယက်ဝါ'က ဆိုပါတယ်။
ကလေးတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးလို့ ရတာနဲ့ ထိုးပေးဖို့ ကလေးမိဘတွေကိုမှာကြားထားပြီး အသက်ရှူခက်ခဲခြင်း၊ ကြွက်သားတက်ခြင်း၊ နှလုံးအောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်းတို့ကို စောင့်ကြည့်နေရမှာဖြစ်ကြောင်း မှာကြားထားပါတယ်။
ဟောင်ကောင်မှာ ကလေးငယ်ပေါင်း ၂,၀၀၀ နီးပါးခန့်ဆေးရုံတက်ကုသခံနေရပြီး နေရာမလောက်မှာစိုးရိမ်ရတဲ့အတွက် ကျန်းမာတဲ့မိဘတွေအနေနဲ့ ရောဂါကူးစက်ခံထားရတဲ့ သူတို့ ရဲ့ကလေးတွေနဲ့ အတူနေထိုင်ခွင့်မပြုဖို့ မှာကြားထားပါတယ်။
ဆေးရုံတက်ကုသခံယူနေရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်က ကလေးငယ်တွေဖြစ်ကာ အယောက် ၃၀ လောက်က အထူးကြပ်မတ်ကုသခံယူနေရပါတယ်။အသက် ၅ နှစ် ၁၁ နှစ်ကြားကလေးတွေကတော့ ၂၈ ရာခိုင်နှုန်းနဲ့ ဒုတိယအဖြစ်အများဆုံး အသက်အပိုင်းအခြားဖြစ်နေပါတယ်။
ပြီးခဲ့တဲ့လအတွင်း အိုမီခရွန်ကူးစက်မှုမြင့်မားနေတဲ့အချိန်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူမှန်သမျှကို ဆေးရုံတွေကလက်မခံတော့ဖို့ အာဏာပိုင်များက မှာကြားခဲ့ပါတယ်။
ပြန်လည်သက်သာနေတဲ့ကလေးတွေကိုလည်း အိမ်ကိုပြန်ပြီးအနားယူခိုင်းဖို့ မှာကြားပါတယ်။
အသက် ၅ နှစ်အရွယ်ကလေးတွေအထိ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ဇန်နဝါရီလက အသိအမှတ်ပြုလိုက်ပြီဖြစ်ကာ ဖေဖော်ဝါရီလမှာတော့ အသက် ၃ နှစ်အထိ လျှော့ချပေးခဲ့ပါတယ်။
မတ်လ ၁ ရက်နေ့ကစကာ အသက် ၃ နှစ်မှ ၁၁ နှစ်ကြားကလေးငယ် ၃ ပုံ ၁ ပုံခန့်ဟာ ပထမဆုံးအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့ပြီဖြစ်ပါတယ်။
Source: The Straits Times
- Category: World
- Hits: 422

#WorldHealth
Published - 05 March 2022
Johnson & Johnson (J&J) ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေရဲ့ ဆေးရုံတက်ကုသခံယူမှုနှုန်းဟာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး ထိုးထားတဲ့သူတွေထက် ၅ ဆပိုများကြောင်း ပြင်သစ်မှလေ့လာမှုကြီးတစ်ခုမှာ ဖော်ပြထားပါတယ်။
အဆိုပါစမ်းသပ်မှုတွင် စမ်းသပ်ခံသူ ၇ သန်းနီးပါးပါဝင်ကာ လူတဝက်လောက်က ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသူတွေဖြစ်ပြီး နောက်တဝက်ကတော့ တစ်ကြိမ်တည်းထိုးရတဲ့ J&J ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေဖြစ်ပြီး အားလုံးရဲ့ပျမ်းမျှအသက်က ၆၆ နှစ်ရှိပါတယ်။
စမ်းသပ်ခံသူတဝက်ခန့်က ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေအပြည့်ထိုးပြီးသည်မှာ အနည်းဆုံး ၆ ပတ်ရှိနေတဲ့အချိန်မှာ J&J ကာကွယ်ဆေးထိုးထားသူတွေထဲက ၁၂၉ ဦးက ဆေးရုံတက်ကုသခံယူခဲ့ရကာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ထိုးထားသူတွေထဲကတော့ ၂၃ ဦးသာ ဆေးရုံတက်ကုသခံယူခဲ့ရကြောင်း သုတေသီတွေက JAMA Network Open ဂျာနယ်မှာ ဗုဒ္ဓဟူးနေ့ကဖော်ပြခဲ့ပါတယ်။
ရရှိလာတဲ့အချက်အလက်တွေအရ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေးရဲ့ ဆေးရုံတက်ကုသခံယူမှုကာကွယ်နိုင်စွမ်းက ၉၂ ရာခိုင်နှုန်းရှိပြီး J&J ကာကွယ်ဆေးကတော့ ၅၉ ရာခိုင်နှုန်းကာကွယ်ပေးနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
"ဒီတွေ့ရှိချက်တွေအရ J&J ကာကွယ်ဆေးအရင်ထိုးထားတဲ့သူတွေမှာ mRNA ကာကွယ်ဆေးတစ်မျိုးမျိုးကို အားမြှင့်ကာကွယ်ဆေး(booster)အဖြစ် ထိုးသင့်ကြောင်း ခိုင်မာတဲ့အထောက်အထားတွေဖြစ်ပါတယ်" လို့ အဆုံးသတ်မှာဖော်ပြထားပါတယ်။
- Category: World
- Hits: 831

#WorldHealth
Published - 05 March 2022
ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားနေရသူအရေအတွက် စံချိန်တင်မြင့်မားလာပြီး ယူကေရှိလူပေါင်း ၁ သန်းနီးပါးဟာ ကိုဗစ်နောက်ဆက်တွဲဝေဒနာတွေကြောင့် နေ့စဉ်ဘဝနေထိုင်လှုပ်ရှားမှုတွေမှာပါ ထိခိုက်လာစေတယ်လို့ အကြောင်းကြားလာကြပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့အထိ စုစုပေါင်းရက်သတ္တပတ် ၄ ပတ်အတွင်း ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားနေရသူ ၁.၅၂ သန်းမျှရှိနိုင်ကြောင်း နိုင်ငံတော်စာရင်းအင်းရုံး(ONS)မှ ခန့်မှန်းဖော်ပြလိုက်ပြီး ဒီမတိုင်ခင် ၁ လတုန်းက လူပေါင်း ၁.၃၃ သန်းခန့်ရှိရာကနေ ၁၅ ရာခိုင်နှုန်းမြင့်တက်လာတဲ့အနေအထား ဖြစ်ပါတယ်။
အဆိုပါလူပေါင်း ၆၈၅,၀၀၀ ဦးဟာ အနည်းဆုံးလွန်ခဲ့တဲ့တစ်နှစ်ခန့်က ကိုဗစ်ရောဂါကိုပထမဆုံးကူးစက်ခံခဲ့ရသူတွေဖြစ်ပါတယ်။ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေကြောင့် လူပေါင်း ၉၈၉,၀၀၀ ရဲ့ နေ့စဉ်နေထိုင်ဘဝတွေကို ဆိုးဆိုးရွားရွားထိခိုက်နေတယ်လို့ ခန့်မှန်းရပါတယ်။
အဲဒီထဲကမှ လူဦးရေ ၃ ပုံ ၂ ပုံဟာ နောက်ဆက်တွဲလက္ခဏာပေါ်ပေါက်ကြောင်း အကြောင်းကြားခဲ့ကြပါတယ်။ထိုထဲမှ လူပေါင်း ၂၈၁,၀၀၀ ဦးက သူတို့ရဲ့နေ့စဉ်ဆောင်ရွက်ချက်တွေကို လုပ်ကိုင်ရာမှာ အခက်အခဲရှိလာကြောင်း အကြောင်းကြားထားကြောင်း ONS က ဖော်ပြလိုက်ပါတယ်။
မောပန်းနွမ်းနယ်ခြင်းဝေဒနာက အဖြစ်အများဆုံးလက္ခဏာဖြစ်နေပြီး နောက်ဆက်တွဲလက္ခဏာခံစားရကြောင်း သတင်းပေးပို့သူတွေထဲက ၅၁ ရာခိုင်နှုန်းလောက်က မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရပါတယ်။
အသက်ရှူရခက်ခဲခြင်းဝေဒနာခံစားရသူက ၃၅ ရာခိုင်နှုန်း၊ အနံ့အာရုံပျောက်ဆုံးသူက ၃၄ ရာခိုင်နှုန်း၊ အရသာအာရုံပျောက်ဆုံးသူနဲ့ အာရုံစူးစိုက်မှုလျော့နည်းခြင်းခံစားရသူတို့က ၂၅ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားနေရသူ ၁.၅၂ သန်းထဲမှ ၁.၁ သန်းက လက္ခဏာမပေါ်ပေါက်ခင် ရှေ့ ၁၂ ပတ်လောက်က ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံးကူးစက်ခံခဲ့ရသူတွေဖြစ်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရနိုင်ချေအများဆုံးသူတွေက အသက် ၃၅ မှ ၄၉ နှစ်ကြားလူတွေ၊ အမျိုးသမီးတွေ၊ ပိုမိုဆင်းရဲချို့တဲ့နေရာတွေမှာ နေထိုင်ရတဲ့သူတွေ၊ ပညာရေးကဏ္ဍ လူမှုစောင့်ရှောက်ရေးနဲ့ ကျန်းမာရေးကဏ္ဍများမှ လုပ်သားဝန်ထမ်းတွေ၊ ရောဂါဝေဒနာအခံရှိသူတွေနဲ့ မသန်မစွမ်းသူတွေပါဝင်ပါတယ်။
ONS ရဲ့ခန့်မှန်းဖော်ပြချက်တွေဟာ ဇန်နဝါရီ ၃၁ ရက်နေ့အထိ နောက်ဆုံး ၄ ပတ်အတွင်း ကိုယ်ပိုင်အိမ်ထောင်စုများမှ ကိုယ်စားပြုသူတွေရဲ့ ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရမှုတွေကို အခြေခံထားတာဖြစ်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပထမဆုံးအကြိမ်ကူးစက်ခံရပြီး ရက်သတ္တပတ် ၄ ပတ်ကျော်ကြာတဲ့အထိ လက္ခဏာဝေဒနာခံစားနေရခြင်းကို ဆိုလိုတာဖြစ်ပြီး ဒီလိုလက္ခဏာတွေပေါ်ပေါက်လာရတဲ့ အကြောင်းအရင်းကို မရှင်းပြနိုင်ကြသေးပါဘူး။
#Yangon_Media_Group
- Category: World
- Hits: 647

#WorldHealth
Published - 04 March 2022
ကိုဗစ်ရောဂါကူးစက်ပြီးနောက် နောက်ဆက်တွဲလက္ခဏာများခံစားနေရတဲ့ လူနာ ၁၇ ဦးကိုလေ့လာကြရာမှာ လူနာ ၆၀ ရာခိုင်နှုန်းနီးပါးလောက်က အာရုံကြောထိခိုက်ထားတာတွေ့ရကြောင်း၊ ထိုကြောင့် ကုသမှုအသစ်တွေ ခံယူရဖို့ရှိနေကြောင်း အမေရိကန်မှသုတေသီများက မတ်လ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေဟာ ရောဂါကူးစက်ခံရပြီး သုံးလအတွင်းပေါ်လာတတ်ပြီး အနည်းဆုံး ၂ လလောက်အထိ ခံစားရနိုင်ပါတယ်။
"ကျွန်မတို့အထင်ကတော့ ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ ခံစားရတဲ့လူတွေမှာ အသက်ရှူခြင်းလုပ်ငန်း၊ သွေးကြောစီးဆင်းမှု၊ အစာခြေလုပ်ငန်းတို့ကို ထိန်းချုပ်ထားတဲ့အာရုံကြောတွေ ပျက်စီးသွားတာဖြစ်ပါလိမ့်မယ်" လို့ မာဆာချူဆက်စ်အထွေထွေဆေးရုံမှ ဦးနှောက်နှင့်အာရုံကြောအထူးကု ဒေါက်တာ'အန်းလူးဝစ္စအုတ်လန်ဒါ'က ဖော်ပြထားပါတယ်။
ကိုဗစ်ရောဂါဖြစ်ဖူးတဲ့သူ ၃၀ ရာခိုင်နှုန်းလောက်က နောက်ဆက်တွဲဝေဒနာတွေခံစားရနိုင်တယ်လို့ ယူဆရပါတယ်။ကြုံတွေ့ရနိုင်တဲ့လက္ခဏာတွေကတော့ နုံးချည့်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မှတ်ဉာဏ်ဆိုင်ရာအခက်အခဲရှိခြင်း၊ နာတာရှည်နာကျင်ကိုက်ခဲခြင်း၊ အာရုံခံသိရှိမှု မူမမှန်ခြင်း၊ ကြွက်သားအားနည်းခြင်းတို့ ဖြစ်တတ်ပါတယ်။
ဒီလက္ခဏာတွေနဲ့ပတ်သက်ပြီး အသေးစိတ်စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်လို့ ဒေါက်တာ'အုတ်လန်ဒါ'က ဆိုပါတယ်။ခံစားရတဲ့သူအများစုမှာ အာရုံခံသိရှိမှုပေးနိုင်ပြီး ခန္ဓာကိုယ်ကမထိန်းချုပ်နိုင်တဲ့လှုပ်ရှားမှုတွေပြုလုပ်တဲ့ အာရုံကြောအသေးလေးတွေ ထိခိုက်သွားတာကိုတွေ့ရှိရပါတယ်။
ဒီတွေ့ရှိချက်တွေဟာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ကာတာ ဝေးလ်ကော်နယ်ဆေးဘက်ဆိုင်ရာမှ ဒေါက်တာ'ရေးယက်ဇ်မာလစ်'တွေ့ရှိခဲ့တဲ့ မျက်ကြည်လွှာအတွင်း အာရုံကြောထိခိုက်မှုနဲ့ နောက်ဆက်တွဲလက္ခဏာခံစားရမှုတိုကြားဆက်စပ်နေမှုနဲ့ ကိုက်ညီနေတာတွေ့ရပါတယ်။
လူနာ ၁၇ ဦးထဲမှ ၁၁ ဦးကို အာရုံကြောထိခိုက်သူတွေမှာကုသပေးတဲ့ နည်းတွေနဲ့ကုသပေးခဲ့ပါတယ်။
အချို့လူနာတွေမှာ တိုးတက်မှုရှိပေမယ့် သက်သာပျောက်ကင်းတဲ့သူတော့ မရှိပါဘူး။
ဒီလိုအာရုံကြောထိခိုက်ထားတဲ့ ကိုဗစ်နောက်ဆက်တွဲဝေဒနာခံစားရသူတွေမှာ ကိုယ်ခံအားကုသမြှင့်တင်ခြင်းဖြင့် သက်သာစေနိုင်မှာဖြစ်ကြောင်း အာရုံကြောဆိုင်ရာခုခံအားကျွမ်းကျင်ပညာရှင် ဒေါက်တာ'အာဗင်ဒရာနက်သ်'က ပြောကြားလိုက်ပါတယ်။
ဒီလိုလူနာများကို သင့်တော်တဲ့လေ့လာမှုတွေပြုလုပ်နိုင်ဖို့နဲ့ ဆေးဝါးများဖြင့်ကျပန်းစမ်းသပ်မှုပြုလုပ်ဖို့လိုအပ်ကြောင်း ဒေါက်တာ'နက်သ်'က အကြံပြုလိုက်ပါတယ်။
Source: The Straits Times
- Category: World
- Hits: 626

#WorldHealth
Published - 04 March 2022
ဖန်ပြွန်သန္ဓေသားမျိုးစပ်ခြင်း(IVF)ဖြစ်စဉ်တွင် အေးခဲထားသောသန္ဓေသားလောင်းအား အရည်ပျော်စေပြီးနောက် အမျိုးသမီးသားအိမ်ထဲသို့ပြောင်းရွှေ့ခြင်း(FET)ဟာ အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
mRNA ကိုဗစ်ကာကွယ်ဆေးတွေထိုးနှံခြင်းက အဆိုပါ FET ဖြစ်စဉ်အပေါ် ဆိုးကျိုးသက်ရောက်မှုမရှိစေနိုင်ကြောင်း အစ္စရေးလ်နိုင်ငံ ရှီဘာဆေးကုသစင်တာရဲ့လေ့လာချက်ကို Fertility and Sterility ဆေးပညာဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြလိုက်ပါတယ်။
သုတေသီတွေလေ့လာဆန်းစစ်ခဲ့တဲ့ သန္ဓေသားလောင်း ၆၇၂ ယောက်ဟာ အသက် ၃၈ နှစ်အရွယ်တွေအထိပါဝင်တဲ့ အမျိုးသမီး ၄၂၈ ဦးထံ ရွှေ့ပြောင်းခဲ့ကြတာဖြစ်ပါတယ်။
ထိုအမျိုးသမီးတွေဟာ IVF နည်းလမ်းဖြင့် သန္ဓေယူခဲ့ကြပြီး အဲဒီအထဲက ၁၄၁ ယောက်ဟာ mRNA ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ သက်သာလာသူတွေပါဝင်ပါတယ်။
အဲဒီနောက်မှာတော့ ကာကွယ်ဆေးထိုးထားတဲ့အမျိုးသမီးတွေနဲ့ ကာကွယ်ဆေးမထိုးထားတဲ့သူတွေကြား ကိုယ်ဝန်သန္ဓေအောင်မြင်မှုနှုန်း ခြားနားခြင်းမရှိကြောင်း သုတေသီတို့ တွေ့ရှိခဲ့ကြပါတယ်။
"ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ စတင်ထိုးနှံနေတဲ့အချိန်ကတည်းက ကိုယ်ဝန်ဆောင်အရွယ်အမျိုးသမီးတွေ ပူပန်နေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းက IVF ဖြစ်စဉ်ကို ဆိုးကျိုးသက်ရောက်စေနိုင်တယ်ဆိုတဲ့ အတွေးပါပဲ။ အမျိုးသမီးတွေနဲ့ မိခင်အများအပြား ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပါတယ်" လို့ ရှီဘာဆေးရုံ IVF ဌာနမှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'ရာအူးလ်အော်ဗီယေတို'က ပြောပြခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးထိုးနှံသူတွေများပြားလာပေမယ့် ဒီလိုဆိုးကျိုးသက်ရောက်မှုတွေကို စိုးရိမ်နေတဲ့သူတွေကြောင့် ကာကွယ်ဆေးထိုးနှံဖို့ နှောင့်နှေးနေကြပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်း အခက်အခဲဖြစ်နေပါတယ်။
ကာကွယ်ဆေးထိုးနှံပြီးနောက် နောက်ဆက်တွဲဆိုးကျိုးတွေက ပြင်းထန်ခြင်းမရှိပေမယ့် အအေးမိဖျားနာလက္ခဏာတွေကနေ ရောဂါလက္ခဏာတွေအထိ ခံစားရနိုင်ပါတယ်။
နိုင်ငံတော်ကျန်းမာရေးအဖွဲ့ အစည်းရဲ့ ဖော်ပြချက်အရ ကာကွယ်ဆေးထိုးပြီးတဲ့အမျိုးသမီးအချို့ မှာ ရာသီဓမ္မတာစက်ဝန်း တစ်ရက်တာပိုကြာနိုင်တယ်လို့ သိရှိရပါတယ်။
၂၀၂၁ ခုနှစ်မေလအတွင်း မျိုးပွားခြင်းဆိုင်ရာဇီဝဗေဒဂျာနယ်မှာ mRNA ကိုဗစ်ကာကွယ်ဆေးမထိုးခင်နဲ့ ထိုးအပြီး IVF လုပ်ငန်းစဉ်တွေမှာ 'မ'မျိုးဥလှုံ့ဆော်ခြင်းနဲ့ သန္ဓေသားအောင်နိုင်စွမ်းအခြေအနေတွေ ပြောင်းလဲခြင်းမရှိကြောင်း ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း လူသားမျိုးပွားခြင်းဆိုင်ရာဂျာနယ်ရဲ့ဖော်ပြချက်အရ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ၃ လအတွင်း အမျိုးသမီးတွေရဲ့သားဥထွက်ရှိမှု ပြောင်းလဲခြင်းမရှိပါဘူး။
"အကျဉ်းချုပ်ကြည့်ရင် ကာကွယ်ဆေးထိုးနှံခြင်းက FET နည်းလမ်းဖြင့် အမျိုးသမီးတွေကိုယ်ဝန်ဆောင်နိုင်မှုနှုန်းကို ဆိုးကျိုးမသက်ရောက်စေပါဘူး" လို့ 'အော်ဗီယေတို'က သုံးသပ်သွားပါတယ်။
Source: The Jerusalem Post.
- Category: World
- Hits: 540
Published 3 March 2022
ဖေဖော်ဝါရီ(၂၇)ရက်မှာ အဆုံးသတ်တဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုဟာ ၁၆ရာခိုင်နှုန်း ကျဆင်းသွားပြီး သေဆုံးနှုန်းဟာလည်း ၁၀ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အပတ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ(၂၁)ရက်မှ (၂၇)ရက်အထိ တစ်ပတ်တာအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒေသကြီး(၆)ခုအတွင်း ကူးစက်မှု အသစ် ဆယ်သန်းကျော်နှင့် သေဆုံးမှုအသစ် ခြောက်သောင်းကျော်ရှိခဲ့ပါတယ်
အဲဒီအထဲမှာ ပစိဖိတ်အနောက်ပိုင်းဒေသတစ်ခုတည်းသာ ကူးစက်မှုမြင့်မားခဲ့ပြီး ၃၂ရာခိုင်နှုန်းတက်ခဲ့တာပါ။ မြေထဲပင်လယ် အရှေ့ပိုင်းဒေသမှာတော့ ကူးစက်မှုတွေက ၃၄ရာခိုင်နှုန်းအထိကျဆင်းခဲ့ရာ ဒေသကြီး(၆)ခုမှာ ကူးစက်မှုအကျဆင်းဆုံး ဒေသဖြစ်ပါတယ်။
ပစိတ်ဖိတ်အနောက်ပိုင်းဒေသဟာ သေဆုံးနှုန်းလည်း ၂၂ရာခိုင်နှုန်းအထိတက်ခဲ့ပြီး အရှေ့ပိုင်းမြေထဲပင်လယ်ဒေသကတော့ သေဆုံးနှုန်း(၄)ရာခိုင်နှုန်းတက်ခဲ့ပါတယ်။တစ်ပတ်အတွင်း ထပ်မံသေဆုံမှုအသစ်တွေဟာ အာဖရိက၊အရှေ့တောင်အာရှ၊ဥရောပနှင့် အမေရိကားဒေသတွေမှာ ကျဆင်းလာခဲ့တာဖြစ်ပါတယ်
Source: CMG
- Category: World
- Hits: 407