၁၅ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပြည်ပ မှ ဝင်ရောက်စွက်ဖက်နေခြင်းကို ပြင်းထန်စွာဆန့်ကျင်ပြီး အခြေခံဥပဒေ မူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံရေးသင့်မြတ်မှုအတွက် မြန်မာ၏ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်က ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိဟာ ယမန်နေ့ ဩဂုတ် ၁၄ရက်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံစဉ်အတွင်း ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပြည်ပ မှ ဝင်ရောက်စွက်ဖက်မှုတွေနှင့် စိမ့်ဝင်မှုတွေကို ဆန့်ကျင်တယ်။ပြီးတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားတဲ့ မည်သည့် အပြော မည်သည့်အလုပ်တွေကိုမဆိုလည်း ဆန့်ကျင်တယ်လို့ ဆက်ပြောပါတယ်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာလွတ်လပ်ရေး၊အချုပ်အခြာအာဏာ၏၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတွေ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနေတာတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ဝမ်က ပြောပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်ကနေ ပြည်တွင်း နိုင်ငံရေးအရပြန်လည်သင့်မြတ်ရေး၊ ရွေးကောက်ပွဲကျင်းပရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေမှာ မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလည်း တရုတ်က ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ လည်းသူကဆက်ပြောပါတယ်။
တွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက ဘက်စုံ ရေရှည် ကိုယ်ကျိုးမငဲ့ ကူညီဆောင်ရွက်ပေးနေမှုတွေကို ကျေးဇူးတင်တယ်လို့ ဝမ်ယိကိုပြန်လည်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရေးအခြေခံပြီးအမြဲဆက်ဆံခဲ့ကြတယ်၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ ရှေရှည်အတူယှဉ်တွဲနေထိုင်ရေးဟာ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးကဆက်လက် ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
သူ့အနေနှင့် မြန်မာနိုင်ငံကို တရုတ်ကဆက်လက်ထောက်ခံအားပေးလိမ့်မယ်လို့ယုံကြည်ပြီး ပြင်ပဝင်ရောက်စွက်ဖက်မှုကို စောင့်ကြပ်ရာမှာနှင့် ပြည်တွင်းတည်ငြိမ်ရေးထိန်းသိမ်းရာမှာ မြန်မာကိုကူညီလိမ့်မယ်လို့လည်းယုံကြပါတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံတကာမျက်နှာစာမှာ လောကဓံကိုကြံကြံ့ခိုင်နိုင်ခဲ့ပြီး အချိန်နှင့်အမျှ ပိုပြီးခိုင်မာတောင့်တင်းလာပါတယ်လို့ ဝမ်ယိက ပြန်လည်ပြောကြားပါတယ်။
တရုတ်နိုင်ငံဟာ ယင်းရဲ့ အိမ်နီးချင်းသံတမန်ရေးရာမှာ တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး ကို အရေးကြီး အနေအထားအဖြစ် အမြဲထားရှိတယ်လို့လည်းဝမ်ကပြောပါတယ်။
အေးအတူပူအမျှ တရုတ်-မြန်မာအသိုက်အဝန်းတည်ဆောက်ရာမှာ သိသာထင်ရှားတဲ့ရလာဒ်တွေပိုမိုရရှိစေဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနှင့်လက်တွဲဆောင်ရွက်လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဝမ်ယိဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာရောက်ရှိခဲ့ပြီးနောက် ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ဖို့ထိုင်းနိုင်ငံကိုဆက်လက်သွားရောက်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရုတ်၊ လာအို၊မြန်မာနှင့်ထိုင်း နိင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့လည်းရှိနေပါတယ်။
Ref: Xinhua
၁၃ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံခြားရေးဝန်ကြီးက သူ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အခြေခံဥပဒေနှင့်တရားဥပဒေမူဘောင်အတွင်းက နိုင်ငံရေးဆွေးနွေးမှုများအတွက် တရုတ်ကကူညီရေး လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသို့သွားရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ ခရီးစဉ်ကိစ္စ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှု အပေါ် ဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ်က ဖြေကြားခဲ့ခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမယ် လို့ရန်ကုန်မြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေဖြင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတဲ့ အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွားမှာဖြစ်တယ်လို့လည်း ပြောဆိုခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်တယ်လို့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
ဩဂုတ် ၁၃ ၂၀၂၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီဟာ မြန်မာနိုင်ငံသို့ သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၁၃ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ထိုင်းနိုင်ငံမှာကျင်းပမယ့် (၉)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးနှင့်ဆက်စပ်ပြီး မြန်မာ၊လာအို၊ထိုင်းတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေနှင့်လည်း သီးခြားတွေ့ဆုံစည်းဝေးဖို့ ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူ့ရဲ့ခရီးစဉ်ဟာ ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်နေ့အထိဖြစ်တယ်လို့လည်းသိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာရှိနေစဉ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
မစ္စတာဝမ်ယီမရောက်ခင် ရက်ပိုင်း ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့က တရုတ်သံအမတ်အသစ် မစ္စ မာကျား Ms Na Jia ဟာ မြန်မာနိုင်ငံကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိခဲ့ပါတယ်။
@ymg/knl
#Local_News
Published 13 August 2024
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံရသည့်Ms. Ma Jiaသည် သြဂုတ်လ(၁၂) ရက်တွင် မြန်မာနိုင်ငံကိုရောက်ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ Ms. Ma Jia သည် ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်ပြီး အာရှနှင့် အာဆီယံတွင် သံတမန်အတွေ့အကြုံများစွာရှိသည့်သူတစ်ဦးလည်းဖြစ်ကြောင်းသိရသည်။
▪️ သံအမတ်ကြီး Ms. Ma Jia ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် သံတမန်ရေးရာဦးစီးဌာနမှ တာဝန်ရှိအရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အဓိကသံတမန်အရာရှိများမှလေဆိပ်တွင်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
#YMG/tthl #Yangon_Times
၁၁ ဩဂုတ် ၂၀၂၄
မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသ ဆောလျင်စွာပြန်လည်တည်ငြိမ်လာစေဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ဩဂုတ်လ ၉ ရက်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာသတင်းဌာနတစ်ခုရဲ့ မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မစ္စ မော်နင်း Ms. Mao Ning ကဖြေကြားသွားတာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် စစ်ပွဲဖြစ်ပွားသည်ကို တရုတ်အနေဖြင့် မတွေ့မြင်လိုဘူးလို့လည်း မစ္စမော်နင်းက ဆက်လက်ပြောကြားပါတယ်။ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေပြောင်းလဲလာမှုကို အမြဲတစေ များစွာ ဂရုပြုလျက်ရှိတယ်လို့လည်း သူမကပြောပါတယ်။
တရုတ်နိုင်ငံက ယင်း၏နည်းလမ်းဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် အမြဲတစေ ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိတယ်လို့လည်း မစ္စမော်နင်းက ဖြည့်စွက်ပြောပါတယ်။
တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက် တက်တက်ကြွကြွတိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်တယ်လို့ သူမကပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
#Local_News
Published 27 July 2024
▪️ တရုတ်နိုင်ငံမှမြန်မာနိုင်ငံမြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းစွာဆွေးနွေးရေးအရှိန်အဟုန်ကို ထိန်းသိမ်းထားရန် တွန်းအားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning ကထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
▪️ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ လက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊
▪️ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးမှုကိုကိုင်စွဲ၍ အမြန်ဆုံးအပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲပြားမှုများကိုဖြေရှင်းပြီး အခြေအနေပိုမိုအရှိန်မြင့်လာမှုကို ရှောင်ရှားရန် မိမိတို့က အမြဲတိုက်တွန်းလျက်ရှိကြောင်း၊
▪️ အထူးသဖြင့် တရုတ်နိုင်ငံနယ်စပ်ဒေသ၊ နယ်စပ်ဒေသနေ ပြည်သူများနှင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၊ ကုမ္ပဏီများ၊ ဝန်ထမ်းများ၏ လုံခြုံရေးကို မထိခိုက်စေရန် တိုက်တွန်းလျက်ရှိကြောင်း၊
▪️ မိမိတို့သည် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းစွာဆွေးနွေးရေးအရှိန်အဟုန်ကို ထိန်းသိမ်းထားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
၂၆ ဇူလိုင် ၂၀၂၄
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့အခြေအနေကို အနီးကပ်အာရုံစိုက်ထားပြီး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ကြာသပတေးနေ့ ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရှမ်းမြောက်အခြေအနေနှင့်ပတ်သက်လို့တုန့်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source CCT
Page 13 of 46