#Local_News
Published_ 17 December 2022
မန္တလေးတွင်ဒီဇင်ဘာလ (၁၆)ရက်က ထပ်မံလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး အင်းဝယဉ်ကျေးမှုဒေသ၊ ဒေါ်ဂျမ်းဘုရားစုအတွင်းရှိရှေး ဟောင်းဘုရား(၈)ဆူအနည်းငယ်ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်၊၊
နောက်ဆက်တွဲငလျင်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်တွင်မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်အနီး အင်အားရစ်ခ်ျစတာစကေး (၃.၆)အဆင့်ရှိ မြေငလျင်တစ်ခု၊ မြစ်ငယ်မြို့အနီး အင်အားရစ်ခ်ျစတာစကေး(၃.၃) အဆင့်ရှိမြေငလျင်တစ်ခု၊ အမရပူရမြို့အနီးအင်အား ရစ်ခ်ျစတာစကေး ၄.၈ အဆင့်ရှိ မြေငလျင်တစ်ခု စုစုပေါင်း (၃) ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်၊၊
မန္တလေး နောက်ဆက်တွဲငလျင်ကြောင့် အင်းဝယဉ်ကျေးမှုဒေသရှိဒေါ်ဂျမ်းဘုရားစုထဲက ဘုရားအမှတ်(၃၁၇)၊ ဘုရားအမှတ်(၃၁၆)၊ ဘုရားအမှတ် (၃၅၀)၊ (၃၅၁)၊ (၃၇)၊ (၃၄)၊ ဂူတော်သစ်ဘုရားအမှတ် (၆)၊ အင်းဝနန်းတွင်းရှိမြို့တက်မင်္ဂလာစေတီ၊ ပယ်ပုံတော်ဝန်းအတွင်းရှိ အောင်ဇေယျအရာရှိကြီးရိပ်သာအဆောက်အအုံတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရသည်၊၊
ဒီဇင်ဘာလ(၅)ရက်က မန္တလေးတံတားဦးတွင်ဗဟိုပြုပြီး အင်အား (၅.၂)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်ကြောင့် ထိခိုက်ပျက်ဆီးခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံများ စာရင်းအသေးစိတ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ယင်းငလျင်ကြောင့် အင်းဝရှိဘုရားများ၊ သစ္စာတိုက်(ရတ နာဘုံမ်သာ)ဘုရား၊ မယ်နုအုတ်ကျောင်း၊ မန္တလေးမြနန်းစံကျော်ရွှေနန်းတော်ထဲရှိ အဆောက်အအုံများ၊ဗားကရာကျောင်းတော်အတွင်း ဆင်းတုတော်များ၊ မြသိန်းတန်စေတီတော်၊ မင်းကွန်းမှခြင်္သေ့ကြီးစသည့် ရှေးဟောင်းအဆောက်အအုံများထိခိုက်ပျက်ဆီးခဲ့သည်ဟု ဖော်ပြခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_17 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ရှစ်လကျော်ကာလအတွင်း ပြည်ပသို့ပို့ကုန်များတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏမြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉၉ ဘီလီယံရရှိထားပြီး ယမန်နှစ်ထက် ၃ ဒသမ ၈၇ ဘီလီယံကျော်ပိုမိုရရှိခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။ ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၅ ဘီလီယံရရှိထားပြီး ပြီးခဲ့သည့်နှစ်ထက် အမေရိကန်ဒေါ်လာ ၂၁၈ သန်းကျော်ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
ပင်လယ်ရေကြောင်းမှ လယ်ယာထွက်ကုန်ပစ္စည်းနှင့် ရေထွက်ကုန်ပစ္စည်းကိုအများဆုံး တင်ပို့ခြင်းဖြစ်ပြီး ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများကိုတင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများမှ သွင်းကုန်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း နှင့် CMP(အထည်အလိပ်) များကို တင်သွင်းကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_17 December 2022
ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းငွေလဲလှယ်နှုန်းကို ပြောင်းလဲသတ်မှတ်ရန်မရှိသေးကြောင်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။
ပြင်ပဈေးကွက်အတွင်း ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းကို ပြောင်းလဲမည်ဆိုသည့် ကောလဟာလများ ထုတ်လွှင့်ပြီး ဒေါ်လာဈေးဆွဲတင်ရန် ကြိုးစားနေမှုများရှိနေကြောင်း၊ ယင်းအပြင် စက်သုံးဆီကုမ္ပဏီများက Financing ရယူထားသည့် ငွေများပြန်လည်ပေးဆပ်ရန် အကြောင်းပြချက်နှင့် ဒေါ်လာဈေးမြှင့်တင်ရန် လိုက်ဝယ်ယူနေသည်ဆိုသည့် သတင်းများထုတ်လွှင့်ပြီး ဈေးကစားရန် ဆောင်ရွက်နေကြကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဗဟိုဘဏ်အနေဖြင့် USD Liquidity အပြင် လုပ်ခလစာ ငွေလွှဝင်ရောက်မှုတွေကနေ ဈေးကွက်အတွင်းသို ၄၅ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၀၈ သန်း ရောင်းချပေးခဲ့ပြီး ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
ဗဟိုဘဏ်၏ လက်ရှိ ရည်ညွှန်းငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ဖြစ်ပြီး ပြင်ပငွေကြေးဈေးကွက်အတွင်းတွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၈၀၀ ဝန်းရှိကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _17 December 2022
ထိုင်းနိုင်ငံတွင်ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသော မြန်မာနိုင်ငံသားအတွက်လျော်ကြေး ထုတ်ယူရန် မိသားစုဝင်များအား အသိပေးစာ တစ်စောင်ကို ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် ထိုင်းနိုင်ငံ Angthong ခရိုင်၊ Chaiyo မြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသွားသူ ယာဉ်မောင်း စောထူးအေး (ခ) နိုင်းဝေ့ (ပန်းရောင်ကဒ် အမှတ်- 00-1502-100001-2) အတွက် လျော်ကြေးကိစ္စများဆောင်ရွက်ရန်နှင့် လျော်ကြေးငွေလက်ခံရန် Chaiyo ရဲစခန်းမှ အကြောင်းကြားလာသောကြောင့် စောထူးအေး (အမှတ် (၄)၊ အစု (၂)၊ လက်ဖားရပ်ကွက်၊ ချိုင်ရိုးမြို့နယ်၊ အန်ထောင်းခရိုင်) နှင့် အတူနေထိုင်ခဲ့သော သူငယ်ချင်း၊ မိတ်ဆွေများအနေဖြင့် စောထူးအေး၏ မြန်မာနိုင်ငံ၌ နေထိုင်သည့် နေရပ်လိပ်စာ၊ မိဘအမည်များ၊ ဆွေမျိုးသားချင်းများ၊ ဖုန်းနံပါတ် များကို သိရှိပါက မြန်မာသံရုံး၏ တယ်လီဖုန်း (၀၉၄၈၀၄၃၂၇၆) ကို အကြောင်းကြားပေးရန် ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_16 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ ရှစ်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၆ ဘီလီယံရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_16 December 2022
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲက ၉၀ ရာခိုင်နှုန်းနီးပါးကုန်သွယ်မှု ပြုလုပ်နေတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်ထက် အများကြီးတိုးတက်လာပေမယ့် ကိုဗစ်မတိုင်ခင်ကထက် လျော့နည်းနေတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 december 2022
လက်ရှိ မွေးမြူရေးငါးဈေးတွေ ဆက်တိုက်ဆိုသလို ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
Page 1315 of 1973