#Local_News
Published_ 5 April 2023
မတ်လ၃၁နေ့ကျော်လွန်လာပြီဖြစ်သော်လည်း ဖောင်းကြွနံပါတ်ပြားပုံစံအသစ် လဲလှယ်ရန် ယာဉ်အချို့ ကျန်ရှိနေသည့်အတွက် ၂၀၂၃ ခုနှစ် ဧပြီလ အား ပညာပေး ကာလအဖြစ် သတ်မှတ်ကာ ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်အား (၃၁.၃.၂၀၂၃) တွင် နောက်ဆုံးထား၍ ပြောင်းလဲတပ်ဆင်ရန် အသိပေးနှိုးဆော်ခဲ့ခြင်းဖြစ်သည်။
ပညာပေး ကာလ ကျော်လွန်ပါက လိုအပ်သည့် စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိဖေါင်းကြွနံပါတ်မပြောင်းလဲရသေးသောမော်တော်ယဉ်များအနေဖြင့် သက်ဆိုင်ရာ ကုန်လမ်းညွန်ကြားမှုဦးစီးဌာနများတွင် ဖေါင်းကြွနံပါတ်လဲလှယ်မှုဆောင်ရွက်နိုင်ကြောင်းသိရသည်။
ymg/ppk
#Local_News #ဖောင်းကြွနံပါတ်ပြားပုံစံသစ် #ပညာပေးကာလထပ်တိုး
#YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အရိုးအထူးကုဆေးရုံကြီးရှေ့၌ ယမန်နေ့ ညဦးပိုင်းက အငှားယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဧပြီလ ၄ ရက်၊ ည ၇ နာရီ ၁၂ မိနစ်ဝန်းကျင်တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် အရိုးအထူးကုဆေးရုံရှေ့၌ အငှားယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ စုံစမ်းသိရသည်။
ဖြစ်စဉ်အရ အဆိုပါအငှားယာဉ်မှာ မောင်းလာရင်း အရိုးဆေးရုံရှေ့အရောက်၌ စက်ထိုးရပ်သွားစဉ် ယာဉ်မောင်းဖြစ်သူက ဆင်းကြည့်ရာမှာ ကား၏ ဆီတိုင်ကီအောက်ဘက်နားမှ မီးခိုးများထွက်လာသည်ကို တွေ့ရှိရပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံးစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပရဟိတအသင်းမှ သိရသည်။
ymg/ppk
#Local_News #ကြည့်မြင်တိုင်အရိုးအထူးကုဆေးရုံ #မော်တော်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား #YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
သင်္ကြန်တေးသီချင်းများကို အခမဲ့သုံးစွဲခွင့်ပြုရန် မူပိုင်ခွင့်ရှိသူများထံ မေတ္တာရပ်ခံပန်ကြားချက်ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
စီးပွားရေးအကျိုးအမြတ်အတွက် မဟုတ်ဘဲ အများပြည်သူအတွက် သီဆိုဖျော်ဖြေခြင်း၊ထုတ်လွှင့်ဖော်ပြခြင်းများတွင် အသုံးပြုမည်ဖြစ်၍ မေတ္တာဖြင့်အခမဲ့သုံးစွဲခွင့်ပြုပါရန် ပန်ကြားထားခြင်းဖြစ်သည်၊၊
ထုတ်ပြန်ချက်တွင် ယခုနှစ်ကျင်းပမည့်မဟာသင်္ကြန်ပွဲတော်ဆင်နွဲရာတွင်ဖျော်ဖြေမှုအနေဖြင့်ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များနှင့်ဌာနဆိုင်ရာများတွင်မဟာသင်္ကြန်တေးသီချင်းများကိုဖျော်ဖြေသီဆိုတင်ဆက်ကပြကြမည်ဖြစ်ကြောင်း၊
ထိုသို့နိုင်ငံတော်အစိုးရကိုယ်စားပြုပြုလုပ်သည့်မြို့တော်ဝန်မဏပ်များ၊လမ်းလျှောက်သင်္ကြန်များတွင် သင်္ကြန်နှင့်သက်ဆိုင်သောတေးသီချင်းများကို သီဆိုဖျော်ဖြေမှုများအား မြန်မာ့အသံရုပ်မြင်သံကြားမှ အခမဲ့ထုတ်လွှင့်မည်ဖြစ်၍ သင်္ကြန်သီချင်းများအခမဲ့သုံးစွဲခွင့်ပြုရန်မူပိုင်ခွင့်ရှိသူများအားမေတ္တာရပ်ခံပန်ကြားချက်ကိုပြန်ကြားရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်းနှင့် အသုံးပြုခွင့်ပေးသူတစ်ဦးချင်းစီအား ပြန်ကြားရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ဖော်ပြထားသည်၊၊
ymg/tthl
#Local_News #သင်္ကြန်တေးသီချင်းများ #အခမဲ့သုံးစွဲခွင့်ပြုရန် #မေတ္တာရပ်ခံပန်ကြားချက် #YMG #Yangon_Media_Group
#Local_news
Published_ 5 April 2023
ဘဏ်လုပ်ငန်းစနစ် လမ်းညွှန်ချက်နှင့်အတည်ပြုချက်ရရှိပါက ပိုကုန်/သွင်းကုန် လုပ်ငန်း ရှင်များထံသို ရူပီး/ကျပ် အကောင်အထည်ဖော်မှုအစီအစဉ်များ အသိပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှု အကောင်အထည်ဖော်မည့် လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အစိုးရဌာနများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအကြား ဆွေးနွေးပွဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ဧပြီ (၄) ရက်က ကျင်းပစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် ဆောင်ရွက်ခြင်းတွင် နယ်စပ် ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှု အတွက်လည်း ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတိုနှင့် နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်နှင့် ဘတ်/ကျပ်ငွေ ကြေးတိုက်ရိုက်အသုံးပြုပေးချေရေး စနစ်များ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတိုပူးပေါင်းပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြားဆောင်ရွက်မည့် ရူပီး/ကျပ် ငွေပေးချေမှုစနစ် Concept Paper တစ်ရပ် ဖော်ထုတ်ခဲ့ပြီး အိန္ဒိယနိုင်ငံဗဟိုဘဏ် (Reserve Bank of India) မှ သဘောတူပြီး ဖြစ်ကာ Punjab National Bank, India ကို မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV) account လက်ခံဆောင်ရွက်ရမည့် designated bank အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
နှစ်နိုင်ငံဗဟိုဘဏ်များ သဘောတူပြီး ငွေပေးချေမှုပုံစံနည်းလမ်းများကို ဆွေးနွေး ခဲ့ရာ တက်ရောက်လာသည့် သက်ဆိုင်ရာအစိုးရဌာနများမှ အကြီးအကဲများ၊ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများက ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_news #ရူပီး/ကျပ် #ဘဏ်လုပ်ငန်းစနစ် #ပိုကုန်/သွင်းကုန်လုပ်ငန်း
#YMG #Yangon_Media_Group
#Local_News
Published_ 5 April 2023
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝ ပိုမိုတိုးတက်လာစေပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်ဝ - ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊ ယာကြီး - ကလေးဝလမ်းအပိုင်းအား အဆင့်မြှင့်တင်ခြင်း၊ တမူး- ကျီကုန်း - ကလေးဝ လမ်းပေါ်ရှိ တံတား ၆၉ စင်း ပြုပြင်ထိန်းသိမ်းခြင်း တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar တို့ ဧပြီလ ၄ ရက်က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ အထက်ပါအတိုင်း တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
ယင်းအပြင်အသစ်တည်ဆောက်မည့် လုပ်ငန်းအစီအစဉ်များ၊ တမူးနယ်စပ်ဂိတ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် (Integrated Check Post) တည်ဆောက်ရေး ကိစ္စရပ် တို့ကိုလည်း ထပ်မံ ဆွေးနွေးခဲ့ကြသေးကြောင်း သိရသည်။
အလားတူ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လက်ရှိပူးပေါင်းဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ ထပ်မံတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း အလားအလာများ၊ စွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အသိပညာများ မျှဝေပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တို့ နေပြည်တော် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ဆွေးနွေးခဲ့ကြသေးကြောင်းလည်း သိရသည်။
၎င်းအပြင် အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် နှင့်လည်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကိုလည်းကောင်း၊ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း Bengal Initiative for MultiSectoral Technical and Economic Coo-peration (BIMSTEC - ဘင်းစတက်)အပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ အခန်းကဏ္ဍတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြားလယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ သုတေသနနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ - အိန္ဒိယနှစ်နိုင်ငံ၏ လယ်ယာထွက်ကုန်များ တင်သွင်းတင်ပို့ခြင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဧပြီလ ၃ ရက်ကလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar တို့ နှစ်နိုင်ငံအစိုးရတို့အကြား ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောများ ထိန်းသိမ်းရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ လုပ်ငန်း အစီအစဉ်တွင် သစ်တောထိန်းသိမ်းရေး ဦးစားပေးဆောင်ရွက်နေမှု၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန် များထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော် ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့တွင် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နည်းပညာနှင့်ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ သတ္တုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မှု အလားအလာတို့ကို ဆွေးနွေးခဲ့ကြသေးသည်။
ymg/mt
#Local_News #မြန်မာ-အိန္ဒိယလမ်းပန်းဆက်သွယ်
#YMG #Yangon_Media_Group
#Local_News
Published _5 April 2023
မြန်မာနိုင်ငံ၏အဓိကမြစ်ကြီး ၄ စင်းဖြစ်သော ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် မြစ်တို့၏ဘေး လက်ဝဲလက်ယာတွင် မြစ်ရေတင်စီမံကိန်းများဖော်ဆောင်ရန် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီအစည်းအဝေးအတွင်း နစက ဥက္ကဌ က ပြောကြားလိုက်သည်။
ယင်းမြစ်များ၏ လက်ဝဲလက်ယာတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်၍ သီးထပ်စွမ်းအားတိုးတက် အောင် ဆောင်ရွက်ရန်လိုအပ်သည့်အပြင် နွေ၊ မိုး၊ ဆောင်း ကာလသုံးပါးတွင် အဟောသိကံစီးဆင်းနေသည့် မြစ်ရေများကို သင့်တော်သည့် ရေထိန်းတမံ စနစ်များဖြင့် ဒွန်တွဲအကျိုးပြုသည့် အစီအမံများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်သင့် ကြောင်းလည်း ယင်းက ဆိုသည်။
ထိုသို့ ဆောင်ရွက်ပါက စိုက်ပျိုးမြေများတွင် ရေပိုမို ရရှိပြီးသီးထပ်သီးညှပ် စိုက်ပျိုးဆောင်ရွက်နိုင်မည့်အပြင် ယခုနှစ်ရေနည်း ကာလတွင် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သလောက်သာ ဆောင်ရွက် ကြရခြင်းကြောင့် နောင်နှစ်ရေနည်းကာလအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်း များကို ယခုကတည်းက စတင်လုပ်ဆောင်မှသာ စိုက်ဧကတိုးချဲ့စရာမလိုဘဲ နှစ်သီး၊ သုံးသီးစိုက်ပျိုးနိုင်ပြီး အထွက်တိုး စေမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဌ က ပြောသည်။
မြန်မာနိုင်ငံရှိ မြစ်ကြီး ၄ သွယ်အပါအဝင် မြစ်ချောင်းကွန်ရက်များ ကနေ နှစ်စဉ်ရေချိုဧက ပေသန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိနေသော်လည်း စီးဆင်းနေသည့် ရေချိုပမာဏ၏ (၅) ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေ၊ အိမ်သုံး ရေနှင့် စက်မှုသုံးရေအဖြစ် သုံးစွဲနိုင်သေးသည့်အတွက် ရေအရင်းအမြစ်များကိုအခြေခံသည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အလားအလာကောင်းများ ရှိနေကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ လေ့လာမှုများအရ နှစ်စဉ် လူပေါင်း ၁ ဒသမ ၄ သန်းသည် မသန့်ရှင်းသော ရေကြောင့်ဖြစ်ပေါ်သည့် ရောဂါ များနှင့် မိလ္လာမသန့်ရှင်းမှုများကြောင့် သေဆုံးနေကြရပြီး လူဦးရေ ၇၄ သန်းသည် တဖြည်းဖြည်းနှင့် သက်တမ်းတိုတောင်းလာသည်ကို တွေ့ရကြောင်း၊ ၂၀၁၁ ခုနှစ် WHO နှင့် UNICEF စာရင်းများအရ ကမ္ဘာ့နေရာ အနှံ့အပြားတွင် လူဦးရေ သန်း ၂၀၀၀ ခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိသေးသည့်အပြင် ကမ္ဘာ့လူဦးရေ၏ တစ်ဝက်နီးပါးဖြစ်သည့်သန်း ၃၆၀၀ သည် သန့်ရှင်းသည့် မိလ္လာစနစ် မရှိသေးကြောင်း စစ်တမ်းများကို ကိုးကား၍ နစကဥက္ကဌက ပြောသည်။
မြန်မာနိုင်ငံတွင် သဘာဝမြစ်ချောင်းအင်းအိုင်များ ပေါများသည့်အတွက် နှစ်စဉ်မြစ်ချောင်းများမှ ရေကောင်းရေသန့်ရရှိနိုင်သည့် ပမာဏသည် အာဆီယံ နိုင်ငံများထဲတွင် အင်ဒိုနီးရှားနိုင်ငံပြီးပါက ဒုတိယအများဆုံးဖြစ်ကြောင်း၊ အာရှ တိုက်အတွင်းရှိ နိုင်ငံများအနေဖြင့် နှိုင်းယှဉ်လိုက်ပါက ၂၀၁၁ ခုနှစ် မှတ်တမ်းများ အရ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် ပြီးလျှင် ပဉ္စမအဆင့်ရှိကြောင်းလည်း သိရသည်။
ymg/mt
#Local_News # မြစ်ရေတင်စီမံကိန်းများ #မြန်မာနိုင်ငံ၏အဓိကမြစ်ကြီး၄စင်း
Yangon_Media_Group
#Local_News
Published _5 April 2023
အွန်လိုင်းမှ Federal School of AungMyay Thar Zan အမည်ဖြင့် တရားမဝင်ပညာသင်ကြားမှုပြုလုပ်နေသူ ၁၅ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
Federal School of Aung Myay Thar Zan အမည်ဖြင့် တရားမဝင်ပညာ သင်ကြားခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ မတ်လ ၂၂ ရက်တွင် Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံ ၏ အိရွှေစင်မြင့် အား မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ဆေးဖော်ထုတ်ချက်များအရ တရားမဝင် Federal School of Aung Myay Thar Zan တွင် သင်ကြားရေးဆောင်ရွက် နေသော တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း စုစုပေါင်း ၁၄ ဦးတို့အား ၎င်းတို့နေအိမ်အသီးသီး၌ ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG ၏ စေခိုင်းချက်ဖြင့် Federal School of Aung Myay Thar Zan ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများထံမှ ကောက်ခံရသည့် ငွေကြေးများကို PDF များသို့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အဖမ်းခံရသူများ၏ ထွက်ဆိုချက်ကို ကိုးကား၍ အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခုအခါ ဖမ်းဆီးရမိသည့် ၁၅ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့မှုများ၊ ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများကိုလည်း ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင်ပညာသင်ကြားမှု အစီအစဉ်တွင် စာရင်းပေးသွင်း၍ အတန်းများတက်ရောက်စေခဲ့သော မိဘများနှင့် ကျောင်းသား၊ကျောင်းသူများကိုပါ ဆက်လက်ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Local_News #အွန်လိုင်း #ပညာသင်ကြားသူ #၁၅ ဦးဖမ်းဆီးမိ
#YMG #Yangon_Media_Group
Page 1117 of 1973