Published-19 July 2023
စင်္ကာပူနိုင်ငံ ပတ်စ်ပို့ သည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံးပတ်စ်ပို့အဖြစ် ဂျပန်နိုင်ငံကို ကျော်ဖြတ်ရောက်ရှိသွား တယ်လို့ အင်္ဂါနေ့ကထုတ်ဝေတဲ့ ဟင်လေပတ်စ်ပို့ အညွန်းကိန်းအရ သိရပါတယ်။
၂၀၂၁ခုနှစ်တုန်းက စင်္ကာပူဟာ ဗီဇာမလိုဘဲ နေရာပေါင်း ၁၉၄ နေရာသွားနိုင်တဲ့ ပတ်စ်ပို့အဖြစ် ထိပ်ဆုံးနေရာရှိခဲ့ပါတယ်။ အဲဒီတုန်းက ဂျပန်ရဲ့နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ဟာ ၁၉၃နေရာ ဗီဇာကင်းလွတ်တဲ့ ပတ်စ်ပို့အဖြစ်ဒုတိယနေရာ လိုက်ခဲ့ပါတယ်။ စင်္ကာပူဟာ ၂၀၂၂ခုနှစ်အရောက်မှာ တောင်ကိုရီးယားနှင့်အတူ ၁၉၂နေရာ ဗီဇာမလိုပတ်စ်ပို့အဖြစ် ဒုတိယနေရာရခဲ့ပါတယ်။ဂျပန်က ၁၉၃ နေရာနှင့် ပထမအဆင့်ရရှိထားတာပါ။
ယခုနောက်ဆုံးအဆင့်သတ်မှတ်ချက်အရ ဂျပန်ဟာ တတိယနေရာ ပြုတ်ကျသွားပြီး ဗီဇာကင်းလွတ်တဲ့နေရာ ၁၈၉ နေရာပဲရှိပါတော့တယ်။ တတိယနေရာမှာ ဂျပန်နှင့်အတူ ဩစတြီးယား၊ဖင်လန်၊ပြင်သစ်၊လူဇင်ဘတ်၊တောင်ကိုရီးယားနှင့် ဆွီဒင်တို့ အဆင့်တူရှိနေပါတယ်။
အီတလီ၊ဂျာမနီနှင့်စပိန်တို့ဟာ နေရာပေါင်း ၁၉၀ ဗီဇာမလိုသွားနိုင်ပြီး ဒုတိယနေရာပူးတွဲရရှိထားတယ်လို့ လန်ဒန် အခြေစိုက် လူဝင်မှုဆိုင်ရာအကြံပေး ဟင်လေအင်န်ပါတနာအဖွဲ့က ထုတ်ဝေတဲ့စာရင်းအရသိရပါတယ်။
အောက်ဆုံးအဆင့်ရှိနေတဲ့နိုင်ငံက အာဖဂန်နစ္စတန်ဖြစ်ပြီး ၂၇နေရာဗီဇာမလိုအဆင့်ရှိပါတယ်။ အောက်ဆုံငါးနိုင်ငံက ယီမင်(၉၉)၊ ပါကစ္စတန်(၁၀၀)၊ဆီးရီးယား(၁၀၁)နှင့် အီရတ်(၁၀၂)တို့ ဖြစ်ကြပါတယ်။
Source: The Nation #စင်္ကာပူပတ်စ်ပို့ကဂျပန်ကိုကျော်ဖြတ်အဆင့်(၁)ချိတ်
#Yangon_Times
#Local_News
Published-19 July 2023
ကားငှားစီး၍ကားပေါ်တွင် လက်ကိုင်ဖုန်းကျန်ခဲ့၍ ပိုင်ရှင်ဖြစ်သူဆီလာပြန်ပေးသည့် တက္ကစီယာဉ်မောင်းကို တက္ကစီယာဥ်မောင်းများအနေဖြင့် အတုယူသင့်ကြောင့် လူမှုကွန်ရက်စာမျက်နှာတွင်ဝိုင်းဝန်းချီးကျူးပြောဆိုနေကြသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် Taxi MDY CC/3819 ကို မောင်းနှင်နေသည့် ယာဉ်မောင်း ဖြစ်သူသည်သူ၏ ကားပေါ်တွင် ခရီးသည်မေ့ကျန်ခဲ့သည့် ဖုန်းကိုပိုင်ရှင်ဖြစ်သူထံ ပြန်လာပေးခဲ့၍ ခရီးသည်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတစ်ဆင့်မျှဝေခဲ့ပြီး လူအများက ချီးကျူးပြောဆိုနေကြသည်။
ခရီးသည်က “ကျွန်တော် ၉ နာရီကျော်က သံသုမာလမ်းကနေ ကျွန်တော့်အိမ်ကိုငှားလာတာဆင်းမယ့်နေရာလဲရောက်ရော ကားခက နှစ်ထောင်တဲ့ အဲ့ဒါနဲ့ ၅၀၀၀ တန်ထုတ်ပေးလိုက်ရော ပြန်အမ်းဖို့ အကြွေမပါဘူးတဲ့။ အဲ့ဒါနဲ့အသိအိမ်ရှေ့မှာ ရပ်တော့ခဏလေး အကြွေလဲပြီး ပြန်လာပေးမယ် အစ်ကိုဆိုတော့ရတယ်တဲ့။ ကျွန်တော်လဲ ဆင်းပြီးတစ်ထောင်တန် ငါးရွက်လောက် လဲပေးပါ ဆိုပြီး အသိဆီက လဲပြီး Taxi အစ်ကိုကိုနှစ်ထောင်ပေးလိုက်တယ်။ သူလည်း ကျေးဇူးအများကြီးတင်ပါတယ် ပြောတယ်ကိုယ်လည်း ကျေးဇူးအများကြီးတင်ပါတယ် ပြောပြီးသူကားထွက်သွားတယ်။ တစ်အောင့်ကြာတော့ အသိကို စကားပြော နှုတ်ဆက်ပြီးဖုန်းကို သတိရသွားတယ်။ ဖုန်းမရှိတော့ဘူး ကားပေါ်ပါသွားပြီလို့ အသိကိုယ်ပြောရင်း အသိဖုန်းနဲ့ လှမ်းဆက်တယ် တစ်ခါခေါ်တာမကိုင်ဘူး နောက်တစ်ခါ ထပ်ခေါ်မှ ဖုန်းကိုင်တယ်။ အစ်ကို ကျွန်တော် ခုနက ကားငှားတဲ့ ညီလေးပါ ဖုန်းလေးကား ပေါ်ပါသွားလို့ ခုန နေရာလေးကို ပြန်ပို့ပေးပါလားလို့ပြောတော့ သူက ဖုန်းနဲ့ပြန်ပြောရင်း ခုနနှစ်ထောင်နဲ့ ငှားတဲ့ညီလားတဲ့ ဟုတ်ကဲ့ပါ အစ်ကိုပြောတော့အခု အဲ့နေရာကို ပြန်လာပို့ပေးမယ်တဲ့ စောင့်နေတဲ့မကြာပါဘူး ပြန်ရောက်လာပြီး ဖုန်းကိုပြန်ပေးတယ်။ကျွန်တော်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ အကိုမုန့်ဖိုးလေးပြန်ယူသွားပါလို့ အတင်းပေးခဲ့ရတယ်။ ဘာပဲပြောပြောအခက်အခဲတွေ ကြားထဲကစိတ်ထားမွန်မြတ်တဲ့ လူတစ်ယောက်ကို တွေ့ရလို့ကျေးဇူးအများကြီးတင်ပါတယ်"ဟု ရေးသားထားသည်။
ယင်းအပြင်ခရီးသည်က "တန်ဖိုးအများကြီး မရှိသော်လည်း စိတ်ထားကောင်းစွာပြန်လာပေးသည့် အစ်ကိုတူသောအကျိုးတူသော စေတနာလက်ငင်း မြန်စွာ ရပါစေ” ဟု ဆုတောင်းပေးထားသည်။
#Local_News #ဖုန်းကို ပိုင်ရှင်ခရီးသည်ဆီလာပြန်ပေးသူတက္ကစီယာဉ်မောင်း
#Yangon_Times/BM
#Daily_News
Published_ 18 July 2023
၁။ မိုးရာသီဖြစ်သော်လည်း ရွှေတိဂုံစေတီတော်သို့တစ်ပတ်ကို နိုင်ငံခြားသားခရီးသွား(၇၀၀)ခန့်ဝင်ရောက်နေ
၂။ ယခုလအတွင်း EVကား(၁၃၂)စီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိပြီဖြစ်
၃။ ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မြန်မာအသင်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
၄။ နာမည်ကျော်ဇာတ်လမ်းများရိုက်ကူးဖူးသည့် တရုတ်နိုင်ငံမှ ရှီအန်းရုပ်ရှင်စတူဒီယိုဟောင်း ခရီးသွားဧည့်သည်များ လာရောက်ရာနေရာဖြစ်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Local_News
Published_18 july2023
မလေးရှားတွင်နေသည့် မြန်မာတစ်ဦး တစ်အိမ်တည်းနေသူနှင့်စကားများပြီး ဓားထိုးခံရကာ သေဆုံးခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။
အဆိုပါ သေဆုံးသူမှာ အသက် ( ၄၂ )နှစ် အရွယ် ဦးတင်ကိုကို ဆိုသူဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်၊ခမုံဆိပ်ကျေးရွာ က ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွယ်လွန်သူကို ဇူလိုင်လ ၁၇ ရက် က မလေးရှားနိုင်ငံ ကလန်း-သုဿန်၌ နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။
#Local_News #မြန်မာတစ်ဦးတစ်အိမ်တည်းနေသူနှင့် စကားများပြီး ဓားထိုးခံရ
Yangon_Times/BM
#Local_News
Published_ 18 July 2023
ဇူလိုင်လ ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်တွင် လေပြင်းများတိုက်ခတ်လာပြီး မိုးများသည်းထန်နေကြောင်းသိရသည်။
မုတ်သုန်အားကောင်းရာမှ အားအလွန်ကောင်းနေသလို တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တာလင်းမုန်တိုင်းအရှိန်သက်ရောက်မှုများကြောင့် လေပြင်းများတိုက်ပြီး မိုးသည်းနေခြင်းဖြစ်သည်။
ဗဟန်းမြို့နယ်ထဲတွင် လေပြင်းတိုက်ခြင်းနှင့်မိုးသည်းခြင်းများဖြစ်ပေါ်နေသလို တာမွေမြို့နယ်တွင်လည်း လေတအားတိုက်ပြီး မိုးသည်းထန်နေသည်ဟု ဆိုသည်။
‘တာမွေမှာ လေတွေတအားတိုက်ပြီး မိုးသည်းနေတယ်”ဟု တာမွေဒေသခံတစ်ဦးက ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင်ပြောသည်။
လှိုင်မြို့နယ်တွင် လေခဏတိုက်ပြီး မိုးတော့ရွာသွန်းနေသည်ဟု လှိုင်မြို့နယ်ဒေသခံထံမှသိရသည်။
အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် လေပြင်းတိုက်ခြင်း၊ မိုးသည်းခြင်းများဖြစ်ပေါ်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူထံမှ သိရသည်။
#tthl #Local_News #မိုးသက်လေပြင်းများတိုက်နေ
#Yangon_Times
#Local_News
Published_ 18 July 2023
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ ဘူတာစဉ် (၇)ခုကို အဆင့်မြှင့်တင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားထံက သိရသည်။
အဆင့်မြှင်တင်သွားမည့် ဘူတာစဉ် (၇)ခုမှာ အောင်ဆန်းဘူတာ၊ ကမာရွတ်ဘူတာ၊ အုတ်ကျင်းဘူတာ ၊ ဖော့ကန်ဘူတာ၊ သမိုင်းဘူတာ၊ တာမွေဘူတာနှင့် ကျောက်ရေတွင်း ဘူတာတို့ကိုဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘူတာများအပါအဝင် ရန်ကုန်-မန္တလေးလမ်းပိုင်း မြစ်ငယ်တံတားတည်ဆောက်ခြင်းနှင့် ဆပ်စပ်လုပ်ငန်း များဆောင်ရွက်ရန်အတွက် လုပ်ငန်းရှင်များကို မြန်မာကျပ်ငွေဖြင့်ဆောင်ရွက်ရန် မြန်မာ့မီးရထားက အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။
ထို့အတွက် ဆောင်ရွက်လိုသော လုပ်ငန်းရှင်များအနေဖြင့် တင်ဒါပုံစံများကို ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ် မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ယခုလ ဇူလိုင် (၁၇ )မှ စတင်၍ ဝယ်ယူ နိုင်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် အသိပေးထားသည်။
ရန်ကုန်မြို့ပတ်ရထားစီးနင်းသူ ခရီးသွားဉီးရေသည် တစ်ရက်လျှင်(၇၀၀၀၀) ရှိပြီး နေ့စဉ် အစုန်အဆန် (၂၆)ခေါက် နှုန်းဖြင့် ပေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
#Ymg/my #Local_News #ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရှိ ဘူတာ(၇) ခု
#Yangon_Times
#Local_News
Published_ 18 July 2023
မဲခေါင်မြစ်အတွင်းရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆမ်ဖူးကျေးရွာနှင့် နမ့်ဖုန်းကျေးရွာကြား၊ မဲခေါင်မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသည့် ကျိုင်းလပ်မြို့၊ ဝမ်ကျင်း(၃)ရပ်ကွက်၊ မဲခေါင်လမ်းနေ ဦးနန်အွန် ပိုင်ဆိုင်သည့် အလျား ၁၇၁ ပေခန့်၊ အနံ ၁၄ ပေခန့်၊ ရေစူး ၅ ပေခန့်ရှိ စက်လှေပေါ်မှ တရားမဝင်တင်သွင်းလာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၅ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ အဆိုပါအမှုနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#Local_News #ထိန်းချုပ်ဓာတုပစ္စည်းကဖင်း၅ဒသမ၃တန်ဖမ်းဆီးရမိ
Yangon_Times/BM
Page 809 of 1843