#LocalNews
Published_25 June 2022
ပြန်ပေးသမားများထံမှ လွတ်လာသော ဆရာနှင့်ဆရာမတို့နှစ်ဦးအား မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးရိပ်သာတွင် ဆက်လက်ထားရှိကြောင်း ဒေသခံများက ပြောသည်။
ပြန်ပေးဆွဲခံရသည့် ဆရာနှင့် ဆရာမတို့နှစ်ဦး ပြန်လည်လွတ်မြောက်ရန် ပြန်ပေးဆွဲအဖွဲ့တောင်းခံထားသည့် ဘင်္ဂလားဒေ့ရှ်ငွေ ကာတာ သိန်း ၅၀ နှင့်ညီမျှသော မြန်မာကျပ်ငွေ ၁၀၄၁ သိန်းကို ကယ်တင်နိုင်ရေးဆောင်ရွက်နေသည့်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ဇွန်လ ၂၂ ရက်က အားလုံးလွှဲပေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ)Kharang Khali(ရခိုင်) ကျေးရွာအနီး၌ လွှတ်ပေးခဲ့ကြောင်း၊ ယင်းနောက် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ထပ်မံခေါ်ယူသွားကာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနိုင်ငံဘက်သို ဇွန်လ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က တရားဝင်လွှဲပြောင်းပေးကြောင်းသိရသည်။
ယင်းသို့ ထိန်းသိမ်းထားခြင်းမှာ ပြန်ပေးဆွဲခံရသည့် ဆရာနှင့် ဆရာမတို့ ပြန်လည်လွတ်မြောက်ရေးအတွက်ပေးရသည့် ငွေကြေးကိစ္စများ၊ ယင်းတို့၏လုံခြုံရေးကိစ္စများကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသော်လည်း မည်သည့်အကြောင်းကြောင့် နေအိမ်သို့ ပြန်မလွှတ်ဘဲ ရိပ်သာ၌ထားရှိသည်ကိုမူ တိတိကျကျ မသိရသေးပေ။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 25 June 2022
ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံကို ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြည်ပခရီးသွားဧည့်သည်များ၊ ရှေးဟောင်းအမွေအနှစ်ပြတိုက်တစ်ခုအဖြစ်လည်ပတ်ရန် နေရာတစ်ခုအဖြစ် ဖန်တီးပြီး စနေ၊ တနင်္ဂနွေနေ့များတွင် ရှေးဟောင်းဇာတ်ကားများပြသခြင်း၊ရုပ်သေးပွဲများ ပြသခြင်း၊ ရုပ်ရှင်နှင့်ပတ်သက်သည့်ပြခန်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့် တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သက်တမ်ရင့် ဝဇီရာရုပ်ရှင်ရုံကို ရှေးလက်ရာမပျက် ပြန်လည်ထိန်းသိမ်းပြီး ရန်ကုန်မြို့တွင် ကပြဖျော်ဖြေနိုင်မည့် ခေတ်သစ်ပြဇာတ်ရုံနှင့် ရုပ်ရှင်ရုံအဖြစ်အသွင်ပြောင်းလဲရန် ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)နှင့် မြန်မာ့ရုပ်ရှင်အစည်းအရုံးတို့မှ ပူးပေါင်းအဆိုပြု တင်ပြခဲ့ဖူးကြောင်း သိရသည်။
၁၉၆၈ ခုနှစ်တွင် ရုပ်ရှင်လုပ်ငန်းမှာ ပြည်သူပိုင်ဖြစ်လာပြီးနောက်ပိုင်း ၁၉၈၅ ခုနှစ်တွင် ဝဇီရာရုပ်ရှင်ရုံသည် ပြဇာတ်ရုံဖြစ်လာခဲ့ပြီး ဗိုလ်ကလေးတင့်အောင်၊ ဒဂုံတင်ဝင်းနှင့် ဂီတလုလင်မောင်ကိုကိုတို့ကဲ့သို့ နာမည်ကျော်စာရေးဆရာ၊ ဒါရိုက်တာများ၏ ပြဇာတ်များကို ကပြဖျော်ဖြေရာနေရာဖြစ်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 25 June 2022
နေရေးအခက်အခဲရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ ဝင်ငွေနည်း ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အငှားအိမ်ရာ စီမံကိန်းအတွက် လိုအပ်သည့်ဘဏ္ဍာငွေကို ပြည်ထောင်စုဘဏ္ဍာငွေမှ ထပ်မံတင်ပြတောင်းခံရန်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမှရရှိသော ဘဏ္ဍာငွေကို မြို့အလိုက်စီမံကိန်းပြီးစီးမှုအရ ခွဲဝေပေးချေခွင့်ပြုရန် တောင်းခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
"ပြည်သူအဌားအိမ်ရာ အခန်း(၁၀၀၀၀) စီမံကိန်းရဲ့ ပထမအဆင့်ဖြစ်တဲ့ တိုက် (၃၁၃)လုံး၊ အခန်းပေါင်း (၅၀၀၈)ခန်းကို နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြိုတော်တို့မှာ ပြီးစီးအောင် ဆက်လက် ဆောက်လုပ်ဖိုနဲ့ စီမံကိန်းအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကို နိုင်ငံတော်ထံ ၂၀၂၂-၂၀၂၃ ပြည် ထောင်စုဘဏ္ဍာငွေမှ ထပ်မံတင်ပြတောင်းခံဖို၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမှရရှိတဲ့ ဘဏ္ဍာငွေကို မြို့အလိုက်စီမံကိန်းပြီးစီးမှုအရ ခွဲဝေပေးချေခွင့်ပြုရန်၊ ရန်ကုန်မြို့မှာ MCEF နဲ့ MLCA အသင်းချုပ်တွေက စီမံကိန်းတည်ဆောက်နေတာဖြစ်ပြီး Infrastructure လုပ်ငန်းတွေကို ဆက်လက်ဆောက်ရွက်ခွင့်ပြုဖို့အပြင် မန္တလေးမြို့မှာ စီမံကိန်းအား MDA အသင်းကတည်ဆောက်နေတာဖြစ်တဲ့အတွက် စီမံကိန်း Infrastructure လုပ်ငန်းတွေကို MDA အသင်းအား ဆက်လက်ဆောင်ရွက်ခွင့်ပြုဖို့နဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ အလွယ်တကူဝယ်ယူလို့ မရတာကြောင့် စာချုပ်သက်တမ်းကိုလည်း ဒုတိယအကြိမ် နေပြည်တော်မှာ (၁)လ၊ ရန်ကုန်မှာ (၉)လနဲ့ မန္တလေးမြို့မှာ (၃)လအထိ တိုးမြှင့်ပေးဖို့၊ မန္တလေးမြို့က စီမံကိန်း အခြေခံအဆောက်အုံများ၊ ဆောက်လုပ်ပြီးစီးထားပြီး လွှဲပြောင်းဖို့ ကျန်တဲ့မြေဧရိယာ (၇၆.၃၉)ဧကကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို လွှဲပြောင်းပေးဖို့၊ ရန်ကုန်မြို့စီမံကိန်းဧရိယာမှာ Public Transportation အတွက် YRTC ထံ မြေနေရာ(၅)ဧက သတ်မှတ်ချထားပေးနိုင်ရဖို့နဲ့ Supermarket လုပ်ငန်းကို နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ဖို့တွေ လုပ်သွားမယ်"ဟု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးမှ ပြောကြားသည်။
ယခုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း (၁၀၀၀၀) စီမံကိန်းပထမဆင့်အဖြစ် နေပြည်တော်တွင် တိုက်(၂၈)လုံး၊ အခန်း (၄၄၈)ခန်း၊ ရန်ကုန်မြို့တွင် တိုက် (၁၉၄) လုံး၊ အခန်း (၃၁၀၄)ခန်း၊ မန္တလေးမြို့တွင် တိုက် (၉၁)လုံး၊ အခန်း (၁၄၅၆)ခန်း၊ စုစုပေါင်း တိုက် (၃၁၃)လုံး၊ အခန်း (၅၀၀၈) ခန်း အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယနေ့အထိ နေပြည်တော်တွင် အဆောက်အဦလုပ်ငန်း ၉၄ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တွင် အဆောက်အဦလုပ်ငန်း ၅၆ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၃၄ ရာခိုင်နှုန်း၊ မန္တလေးမြို့တွင် အဆောက်အဦလုပ်ငန်း ၈၈ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၈၈ ရာခိုင်နှုန်း အသီးသီးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 25 June 2022
နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များသို့ ကြိုတင်ထုတ်ပေးခဲ့သည့် လစာနှစ်လစာ အတိုးမဲ့ချေးငွေများကို ပြန်လည်ပေးဆပ်ခြင်းအား ယာယီဆိုင်းငံ့ထားရာမှ ယခုအခါ မပျက်မကွက် ပြန်လည်ပေးဆပ်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း)များသို့ ကြိုတင်ထုတ်ပေးခဲ့သည့် လစာနှစ်လစာ အတိုးမဲ့ချေးငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်ကောက်ခံခဲ့ရာ ကိုဗစ်-၁၉ ရောဂါသက်ရောက်မှုများနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု အခြေအနေများကြောင့် ၂၀၂၂ ခုနှစ် ၊ မတ်လမှစ၍ သုံးလယာယီဆိုင်းငံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လစာနှစ်လစာ အတိုးမဲ့ချေးငွေများ ပြန်လည်ကောက်ခံရာတွင် နိုင်ငံ့ဝန်ထမ်းများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် လစဉ်ပြန်လည်ပေးဆပ်မှု ပမာဏကို သက်သာစေရန် အရစ်ကျ ပြန်ဆပ်ကာလ တစ်နှစ် အစား ၂ နှစ် ၆ လ (၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ) တိုးမြှင့် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published _ 25 June 2022
တောင်သူများထံမှ အရည်အသွေးအလိုက် နစ်နာမှုမရှိနိုင်သည့် ခြံဖြတ်ပုံစံမျိုးဖြင့် ဝယ်ယူပြီးတရုတ်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်မှ သိရသည်။
ယင်းသို့ ဝယ်ယူရာတွင် ကုန်သည်များသည် တောင်သူများ၏ သရက်ခြံတွင် တိုက်ရိုက်ပေါက်စျေးဖြတ်ဝယ်ပေးသွားမည်ဖြစ်ပြီး ခြံဖြတ်ဝယ်ယူလာသည့် သရက်သီးများကို မူဆယ်နယ်စပ်ရှိ ပွဲရုံများသို့ ချိန်ဆတင်ပို့မည်ဖြစ်ကြောင်း သိရသည်။
စိန်တလုံးသရက်သီးများကို ယခုနှစ် ဧပြီ ၃၀ ရက်တွင် ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် ဝမ်တိန်သို့ တရုတ်ကားရှန်တိန် စနစ်ဖြင့် တင်ပိုခဲ့ပြီး ကိုဗစ်ရောဂါကာကွယ် ဆေးဖြန်းရာတွင် ဆေးပမာဏ များပြားသွားသဖြင့် အသီးအရည်အသွေးများ ကျဆင်းခဲ့ရာ တရုတ်ဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး အဆင်ပြေမှုများ ရရှိသွားခြင်းကြောင့် လက်ရှိအသီးတင်ပို့ရာတွင် ရောဂါပိုးစစ်ဆေးမှုများ၊ အကောက်ခွန်ဆိုင်ရာ ရှင်းလင်းခြင်းများ၊ တရုတ်ကားချိန်းပြောင်းသည့် ကုန်ကျစရိတ်များ သက်သာစေရုံသာမက အချိန်အားဖြင့် သုံးရက်ခန့်သာ ကြာမြင့်ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ သရက်သီးများ တင်ပို့ရာတွင် ကိုဗစ်ဆိုင်ရာ စစ်ဆေးမှုအခက်အခဲများကို ညှိနှိုင်းလျှော့ချထားခြင်းကြောင့် သရက်သီးကားများ တင်ပို့ရာတွင် မူဆယ်ထိကြန့်ကြာမှု မရှိတော့သည့်အပြင် တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင်လည်း ပို့ကုန်ဆိုင်ရာအခွန်နှင့် ကားခ၊ ပွဲခများထည့်သွင်းတွက်ချက်ရန် မလိုတော့ကြောင်း သိရသည်။
ယခုနှစ် သရက်သီး ပေါက်ဈေးသည် အရည်အသွေး အလိုက် ၁၆ ကီလိုတစ်ခြင်းလျှင် ယွမ် ၈၀ မှ ၁၁၀ ခန့်ဈေးရရှိပြီး လက်ရှိ တရုတ်သို့တင်ပို့နေသည့် စိန်တလုံးသရက် ၁၆ ကီလိုတစ်ခြင်းလျှင် တရုတ်ယွမ်ငွေပေါက်ဈေးအရ မြန်မာငွေကျပ်သုံးသောင်းကျော် ရရှိကြောင်း ယင်းမှ သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_ 25 June 2022
ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကို နေပြည်တော်တွင် အဆောက်အဦ ၂၈ လုံး၊ ရန်ကုန်တွင် အဆောက်အဦ ၁၉၄ လုံး၊ မန္တလေးတွင် အဆောက်အဦ ၉၁ လုံး တည်ဆောက်နေပြီး ပထမ အဆင့်မှာပြီးစီးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
စီမံကိန်းပထမအဆင့် အခန်းပေါင်း ၅၀၀၈ ခန်း တည်ဆောက်လျက်ရှိရာ နေပြည်တော်တွင် ၉၈ ရာခိုင်နှုန်း၊ မန္တလေးတွင် ၉၀ ရာခိုင်နှုန်းနှင့် ရန်ကုန်တွင် ၅၆ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပါတယ်။
တည်ဆောက်ရေးစီမံကိန်းအတွက် ရန်ပုံငွေများကို ပြည်ထောင်စုမှ ၉၃ ဘီလီယံခန့်နှင့် တိုင်းဒေသကြီးမှ ၁၂ ဒသမ ၅ ဘီလီယံ၊ စုစုပေါင်း ၁၀၅ ဘီလီယံကျော် သုံးစွဲထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒီကနေ့ ဇွန် ၂၄ ရက် နံနက်ပိုင်း နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းဦးစီးကော်မတီရဲ့ (၁၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးက ဝင်ငွေနည်း ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် ပြည့်သူ့အငှားအိမ်ရာ စီမံကိန်းဖော်ဆောင်နေရာ ပထမအဆင့် ပြီးစီးတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်နေတာဖြစ်ပြီး အခန်းပေါင်း ၁၀၀၀၀ ပါရှိမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 24 June 2022
ဘယ်လ်ဂျီယံနှင့် စပိန်အပါအဝင် ဥရောပနိုင်ငံများနှင့် အာဖရိကတိုက်မှ တိုဂိုနိုင်ငံတိုသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ သိန်းခွဲခန့် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဆန်တင်ပို့ရန်အတွက် လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတွင် အလျား (၁၈၃) မီတာရှိ သင်္ဘောကြီး (၂) စီး၊ (၁၈၆) မီတာရှိ သင်္ဘောကြီး (၂) စီးနှင့် (၂ဝဝ) မီတာရှိ သင်္ဘောကြီး (၁) စီး စုစုပေါင်း (၅) စီး တံတားနေရာပြည့် ဆိုက်ကပ်ထားကြောင်း သိရပါတယ်။
အဆိုပါနိုင်ငံများသို့ စုစုပေါင်း ဆန်တန်ချိန် ၁၄၃၄ဝဝ တန်တင်ပို့မည်ဖြစ်ပြီး သင်္ဘောသုံးစီးသည် ဘယ်လ်ဂျီယံနိုင်ငံသို့ လည်းကောင်း၊ တစ်စီးသည် စပိန်နိုင်ငံသို့ လည်းကောင်း၊ ကျန်တဲ့တစ်စီးဟာ တိုဂိုနိုင်ငံသို့လည်းကောင်း မကြာမီထွက်ခွာမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ၂ဝ၂၁ ခုနှစ် ဧပြီလ မှ ၂ဝ၂၂ ခုနှစ် မတ်လအထိ ဆူးလေ ဆိပ်ကမ်းတံတားများမှ စုစုပေါင်းသင်္ဘော ၉ဝ စီးဖြင့် ဆန်တန်ချိန် ၁၃၅၇၂၀၂ တန် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
၂ဝ၂၂ ခုနှစ် ဧပြီလမှ ဇွန်လအထိ ၃ လ အတွင်း၌လည်း စုစုပေါင်း သင်္ဘော ၂၇ စီးဖြင့် ဆန်တန်ချိန် ၅၈၂၃၃ဝ ကို တင်ပို့ထားကြောင်း သိရသည်။
မြန်မာနိုင်ငံထံမှ ၂ဝ၂၂ ခုနှစ် ဧပြီလတွင် ဆန်အများဆုံးဝယ်ယူသည့်နိုင်ငံများ၌ ကင်မရွန်း၊ တရုတ်၊ အင်ဂိုလာ၊ ဖိလစ်ပိုင် နှင့် ပိုလန် နိုင်ငံတို့ပါဝင်ပြီး ဆန်ကွဲအများဆုံး ဝယ်ယူသည့်နိုင်ငံများ၌ ဘယ်လ်ဂျီယံ၊ တရုတ်၊ စပိန်၊ နယ်သာလန် နှင့် ပိုလန်နိုင်ငံ တို့ပါဝင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1993 of 2271