#LocalNews
Published - 25 Feb 2022
ဒီကနေ့ ( ဖေဖော်ဝါရီ ၂၅ ရက်)၊ နံနက်အစောပိုင်း အချိန်က တာချီလိတ်-ဝမ်ပုံသွားလမ်းတွင် (၁၂)ဘီးယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်နိုကျေးရွာအနီး တာချီလိတ်-ဝမ်ပုံသွားလမ်းတွင် သံဖရိန်၊ ဘိလပ်မြေဖျော်အိုးနှင့် ကော်ဇောလိပ်များ တင်ဆောင်မောင်းနှင်လာသော Nissan အမျိုးအစား(အဖြူရောင်) (၁၂)ဘီးယာဉ်
တစ်စီးဟာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ မီး လောင်မှုကို တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဖန်မင်(ဝမ်ပုံ)နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ၊မိနစ် ၄၀ အချိန်မှာ မီးကိုငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published_ 25 Feb 2022
ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အထိ တစ်ပတ်အတွင်း တစ်နိုင်ငံလုံးမှာ တရားမဝင်သစ် တန် ၃၃၀ ကျော်၊ တရားမဝင် သစ်ထုတ်သူ ၂၇ ဦးနဲ့ ယာဉ်/ယန္တရား ၁၄ စီး ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သစ်တောဦးစီးဌာနရဲ့စာရင်းများအရ တရားမဝင် ကျွန်းသစ် ၆၅ ဒသမ ၉၇၆၆ တန်၊ သစ်မာ ၃၁ ဒသမ ၉၁၅ တန်၊ အခြား ၂၃၃ ဒသမ ၈၇၈၆ တန်၊ စုစုပေါင်း ၃၃၁ ဒသမ ၇၇၀၂ တန်၊ လူ ၂၇ ဦး၊ ယာဉ်/ယန္တရား ၁၄ စီး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ဖေဖော်ဝါရီ ၈ ရက်က ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ လမူးဘိနယ်၊ ငှက်ပျောတောကျေးရွာ အနီး၊ လမူးချောင်းနံဘေးနဲ့ အနီးဝန်းကျင်မှ တရားမဝင် တောင်သရက်/ကညင်/သစ်ပုတ် ခွဲသား ၄၉၉ ချောင်း (၅၃ ဒသမ ၃၇၁ တန်) ၊ လက်ကိုင်စက်လွှနှစ်လက်တို့ ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အထိ တစ်ပတ်အတွင်း ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားသစ် အမျိုးစားများ စုစုပေါင်း ၉၂ ဒသမ ၅၂၃ တန် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#local_news
Published_ 24 Feb 2022
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုတွင် လုပ်ငန်းပေါင်း ၄၄ ခု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ခွင့်ပြုပေးခဲ့ကြောင်း နစကရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်ပမီဒီယာများရဲ့မေးမြန်းမှုမှာ ဖြေကြားထားပါတယ်။
ယင်းတို့အနက် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၀၆၂ ဒသမ ၁၃၈ သန်းဖြင့် ပထမ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၃၇ ဒသမ ၅၆၄ သန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁၉၉ ဒသမ ၈၉၄ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။
နိုင်ငံအလိုက်အနေဖြင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၅၀၄ ဒသမ ၄၃၅ သန်းဖြင့်အများဆုံးဖြစ်ပြီး၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၆ ဒသမ ၄၂၉ သန်းဖြင့် ဒုတိယ၊ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၄၂ ဒသမ ၂၀၂ သန်းဖြင့် တတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစ၍ ပြန်ဝင်လာခဲ့ကြသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် Business visa ထောက်ခံဆောင်ရွက်ပေးပြီး Relief Flight များဆောင်ရွက်ပေးခဲ့သည့် ကုမ္ပဏီပေါင်း ၃၂၀၀ ကျော်ရှိကာ နိုင်ငံခြားသားအရေ အတွက်အားဖြင့် ၉၀၁၀ ရှိပြီး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကြောင့် ထွက်ခွာသွားသည့် ကုမ္ပဏီကြီးများရှိသကဲ့သို့ အသစ်ဝင်လာသည့် ကုမ္ပဏီများလည်း ရှိတယ်လို ပြည်ထောင်စုဝန်ကြီးက သတင်းထောက်ကို ဖြေကြားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -24 Feb 2022
ရန်ကုန်တိုင်းဒေသကြီးတာမွေနှင့်မြောက်ဥက္ကလာပမြို့နယ်တို့ တွင် ငွေကျပ်သိန်း၆၀၀ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကနေသိရပါတယ်။
ဖြစ်စဥ်မှာဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၄နာရီ မိနစ်၃၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်နေ ခင်မောင်စိုး(ခ)အာဂျူမူလ္လာ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၁၀)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ခင်မောင်စိုး(ခ)အာဂျူမူလ္လာ(၂၇)နှစ်အား တာမွေမြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့အပြင်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ(၁၄/၈)ရပ်ကွက်၊ ဟံသာ၀တီလမ်းနှင့် ရာဇဓိရာဇ်(၃)လမ်းထောင့်အနီးတွင် ကျော်ကျော်မင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် အားရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ်သိန်း ၄၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွ ရူးသွပ်ဆေးပြားများအား အဆိုပါရပ်ကွက် ညောင်ဦးလမ်းနေ ကျော်လင်းခိုင် ထံမှ ၀ယ်ယူခဲ့ကြောင်း ပေါ်ပေါက်ကာကျော်လင်းခိုင် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ ICE (မက်သ်အဖက်တမင်း)အလေးချိန် ၃၅ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂.၂၅ သိန်း)အား ထပ်မံ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကျော်မင်း(၄၂)နှစ် နှင့် ကျော်လင်းခိုင် တိုအား ရွှေပေါက်ကံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိတယ်လို့သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1872 of 1913