#LocalNews
တာချီလိတ် မေ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့်အဖွဲ့ဝင်တွေဟာ ယနေ့ နေ့လည် ၁၂ နာရီအချိန်က နေပြည်တော်မှ တပ်မတော်လေယာဥ်ဖြင့် တာချီလိတ်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ကြောင်းသိရပါတယ်။
မေ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ရန် မေ ၁၉ ရက်နေ့က တာချီလိတ်လေဆိပ်မှတဆင့် နေပြည်တော်သို့ထွက်ခွာသွားသော ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် အဖွဲ့ဝင်များ၏ ၅ ရက်ကြာခရီးစဥ်မှပြန်လည်ရောက်ရှိလာချိန်တွင် တာဝန်ရှိသူများနှင့် ရှမ်း၊ အာခါ၊ လားဟူ၊ ပအိုဝ့် တိုင်းရင်းသားများနှင့် ပြည်သူများက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြိုဆိုထောက်ခံသောအားဖြင့် ပန်းစည်းများနှင့် ဗီနှိုင်းပိုစတာများကိုင်ဆောင်ကာ လေဆိပ်မှသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။
ထို့နောက် ဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့်အဖွဲ့ဝင်တွေဟာ ဆေခမ်းရပ်ကွက်ရှိ ရာဇဌါန်
ဘုန်းတော်ကြီးကျောင်းသို့ဝင်ရောက်ဖူးမျှော်ခဲ့ပြီး ပလက်တီနမ် ဟိုတယ်၌ နေ့လည်စာသုံးဆောင်ခဲ့ကြပြီးနောက် နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်တွင် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား( ၂)မှတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရှိရပါတယ်။
ymg/ys-tcl
#Yangon_Media_Group
#LocalNews
Published - 23 May 2022
အိမ်စီးယာဥ်ငယ်က လမ်းချော်ပြီး (၂၂)ဘီးတွဲယာဥ်အား ဝင်ရောက်တိုက်မိခဲ့သည့် ယာဥ်တိုက်မှုဖြစ်စဥ်တစ်ခု ဒီကနေ့ မေ ၂၃ ရက်၊ နေ့လယ် ၁၁ နာရီ ၄၅ မိနစ် အချိန်က ကျောက်မဲမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီး၊ ခိုက်တုန်ဟုန်းရွာ၊ သံလမ်းကူးတွင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"သူက လမ်းချော်ပြီး ဝင်တိုက်တာပေါ့။ မိုးတွေကရွာနေတော့ လမ်းချော်စလစ်ဖြစ်ပြီး ဝင်တိုက်မိတာပါ။ ယာဥ်နှစ်စီးရဲ့ ဦးခေါင်းပိုင်းပျက်စီးခဲ့ပါတယ်။ လူ ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။"လို့ ဒေသခံလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်ပွားရာသို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်မှ လူနာတင်ယာဉ်(၂)စီး ဖြင့် အချိန်နှင့်တပြေးညီ သွားရောက်ကူညီပေးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ယာဉ်ငယ်ပေါ်ပါရှိသော (ယာဉ်မောင်းအပါ)လူ ၄ ဦး ပွန်းပဲ့ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထိခိုက်ဒဏ်ရာသူ ၄ ဦးကို အခင်းဖြစ်ပွားရာနေရာမှ ကျောက်မဲပြည်သူ့ဆေးရုံ(OPD)သို့ ဒေသခံ လူမှုကူညီရေးအသင်းမှ အရေးပေါ် ပို့ဆောင်ကူညီပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#Local_News
Published_ 23 May 2022
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရွှေစျေးနှုန်း တည်ငြိမ်စေရေး လပတ်အစည်းအဝေးကို ဒီကနေ့ မေ ၂၃ ရက် နံနက်ပိုင်းက အသင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
မီးလင်းရွှေ အတုံး/အခဲရောင်းဝယ်ရာတွင် စည်ပင်လိုင်စင် ပြုလုပ်ရမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရာတွင် ပါဝင်ရမည့် ထောက်ခံစာကို ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) အသင်းရုံးတွင် ရုံးချိန်အတွင်းလာရောက် ရယူနိုင်ကြောင်း သိရပါတယ်။
ထို့ပြင် YGEA အသင်းသားများနှင့် ရွှေကုန်သည်အားလုံး သိရှိစေရန် အချက် ၇ ချက် ကိုလည်း ထုတ်ပြန်ကြေညာထားပြီး အသင်းရုံးခန်း၌ သတ်မှတ်ထားသော ရည်ညွှန်းစျေးဖြင့်သာ ရွှေ အရောင်းအဝယ် ပြုလုပ်ဖို့လည်း အသိပေးထားပါတယ်။
ဒီကနေ့ မေလ (၂၃) ရက် နေ့လယ် ၁၂ နာရီခွဲအချိန် အကယ်ဒမီ မီးလင်းရွှေဈေး တစ်ကျပ်သားကို ကျပ် သိန်းနှစ်ဆယ် ငါးသောင်းလေးထောင် ရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို ၁၈၅၇ ဒေါ်လာ ရှိနေပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 23 May 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၁)မြို့နယ်တွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှုများ ဖြစ်ပေါ်မှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဒီကနေ့ မေလ ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ JICA ချေးငွေဖြင့် ဆောင်ရွက်သော ရန်ကုန်ဓာတ်အားခွဲရုံ(၄)ရုံ အပါအဝင် (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ)တို့တွင် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိရာ သာကေတဓာတ်အားခွဲရုံတွင် တပ်ဆင်ပြီးဖြစ်သော 230/66/11kV,Bank(6),(200)MVA,Transformer ဓာတ်အားလွှတ်နိုင်ရန် လုပ်ငန်းများကို မနက်ဖြန် မေလ ၂၄ ရက် နေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိနှင့် ညနေ (၄)နာရီမှ(၆)နာရီအထိလည်းကောင်း၊ မေလ ၃၁ရက်နေ့ နံနက်(၉)နာရီမှ (၁၁)နာရီအထိလည်းကောင်း၊ သာကေတ (230)kV, Bus အား ယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
ထို့ကြောင့် သာကေတဓာတ်အားခွဲရုံ၏ (230)kV, Bus Shut Down လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သာကေတ၊ ဒေါပုံ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ဒဂုံမြောက်၊ သင်္ဃန်းကျွန်း၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊လှိုင်မြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က ထုတ်ပြန်ပါတယ်။
သို့သော်လည်း အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် အရန်ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများမှတစ်ဆင့် ဓာတ်အားလှည့်ပေးထားမှာဖြစ်တယ်လို့လည်း (YESC)၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published -23 May 2022
မေလ(၂၂)ရက်က ပုလဲမေတ္တာ (အခမဲ့ဆေးကုခန်းနှင့် ဆေးပေးခန်း) ကို လာရောက်ပြသတဲ့လူနာဟာ မျောက်ကျောက်ရောဂါမဟုတ်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က ပြန်လည်ရှင်းလင်းခဲ့ပါတယ်၊၊
အဆိုပါ လူနာရဲ့ပုံကိုယူပြီး မျောက်ကျောက်ရောဂါ မြန်မာမှာဖြစ်နေတယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ပြန့်နှံလာတဲ့အတွက် ပြန်လည်ရှင်းလင်းခဲ့တာဖြစ်ပါတယ်၊၊
လာရောက်ပြသတဲ့လူနာဟာ ကားအောက်မှာကားဝင်ပြင်တဲ့အချိန် အခင်းမခင်းပဲ ဝင်ပြင်ချိန် ယားလို့ကုတ်ရာမှ ယားနာတွေ ဖြစ်ပေါ်လာတဲ့အတွက် ဆေးခန်းလာပြတာဖြစ်ပြီး မျောက်ကျောက်ရောဂါ မဟုတ်ဘူးလို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ပြန်လည်ရှင်းလင်းဖော်ပြခဲ့ပါတယ်၊၊
နိုင်ငံတကာသတင်းတွေအရ ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါကူးစက်ခံရသူ(၉၂)ဦးရှိပြီဖြစ်ပြီး ကူးစက်ခံရသောနိုင်ငံတွေကတော့ ဗြိတိန်၊ ပေါ်တူဂီ၊ စပိန်တို့ပါဝင်ပါတယ်၊၊
မြန်မာနိုင်ငံမှာတော့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်လို့ သတိပေးချက်တွေထုတ်ပြန်ထားပြီဖြစ်ပြီး ကူးစက်မှုမရှိသေးတဲ့အတွက် ကူးစက်ခံရသူရှိကြောင်းထုတ်ပြန်ချက်ကို ယနေ့ မေလ(၂၃)ရက်အထိ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားမှု မရှိသေးဘူးလို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published - 23 May 2022
၁။ မိုင်းကိုင်မြို့တွင် ရှမ်းစာပေတိုးတက်ရန်နှင့်ရှမ်းယဥ်ကျေးမှုအမွေအနှစ်များ ရှေးမူမပျက်ထိန်းသိမ်းပေးရန်လိုဟုဆို။
၂။ ကလေးမြို့ပေါ်သို့ ချင်းစစ်ဘေးရှောင်ပြည်သူများထပ်တိုး ရောက်လာရှိလာပြီး စားနပ်ရိက္ခာလိုအပ်မှုရှိနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်း တရုတ်တွင်ဆောက်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_23 May 2022
ရခိုင်ပြည်နယ်တွင်ပြေးဆွဲမည့် RBE ရထားတွဲသစ် ၃ တွဲမှာ မေလ ၂၀ ရက်က စစ်တွေမြို့သို့ရောက်ရှိခဲ့ကာ ယနေ့မေလ ၂၃ ရက်တွင် စတင်ပြေးဆွဲပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
အဆိုပါ ရထားတွဲများအနက် နှစ်တွဲကို စစ်တွေတက္ကသိုလ်ကျောင်းသား၊ သူများ သွားလာရေး အဆင်ပြေစေရန် ဦးစားပေးပြေးဆွဲခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁၅၀ ကျပ်ကောက်ခံမည် ဖြစ်ကြောင်း၊ ကျန်တစ်တွဲကို ပြည်သူများအတွက် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
"ဒီနေ့ တနင်္လာနေ့ စပြီးတော့ ပြေးဆွဲပါတယ်။ ကျောင်းဖွင့်ချိန် မီးရထားတွေ တိုးပြေးပေးပါမယ်။ စစ်တွေ (ပြည်တော်သာ) ရေချမ်းပြင် မူလရထားတစ်တွဲအစား နှစ်တွဲချိတ်ဆွဲပေးပါမယ်။ မနက် ၇ နာရီခွဲ စထွက်ပြီး၈ နာရီခွဲမှာရေချမ်းပြင် ကိုရောက်မယ်။ အဲဒီကနေ ၁၀ နာရီမှာ ရေချမ်းပြင်ကထွက်မယ်။ ၁၁နာရီမှာ ပြည်တော်သာကိုရောက်မယ်။ ညနေ ၂နာရီ မှာ ပြည်တော်သာက ထွက်ရင် ရေချမ်းပြင်ကို ၃ နာရီမှာ ရောက်မယ်။ ညနေ ၄ နာရီ မှာ ရေချမ်းပြင်ကထွက်မယ်၊ ညနေ ၅ နာရီမှာ ပြည်တော်သာကိုရောက်မယ်။ စစ်တွေတက္ကသိုလ် နည်းပညာတက္ကသိုလ်တွေကဆိုရင် မနက်၈နာရီခွဲမှာ class တွေစမှာမို့ အဆင်ပြေကြမှာပါ"ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်တွေမြို့တွင် ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ် ဟူ၍ရှိပြီး စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းတွင် စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ်တို့ တည်ရှိကြောင်း သိရသည်။
စစ်တွေ- ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ၂၀၂၂ ခုနှစ် မတ်လ (၂၄)ရက်တွင် ပြန်လည်ပြေးဆွဲရန် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်တော်သာဘူတာမှ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာနှင့် ဒါးပိုင်ဘူတာအထိ (၅၀)ကျပ်၊ ပြည်တော်သာ ဘူတာမှ ဇောပူဂျာဘူတာနှင့် မယ်ဇလီကုန်းဘူတာအထိ (၁၀၀)ကျပ်နှင့် ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာအထိ (၁၅၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1833 of 2032