#LocalNews
Published - 2 Feb 2022
ဒီကနေ့( ဖေဖော်ဝါရီ ၂)ရက်၊ နံနက်အစောပိုင်း အချိန်က ရန်ကုန်တိုင်းအတွင်းရှိ အလုံနှင့် တောင်ဒဂုံမြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပထမဖြစ်စဉ်မှာယနေ့နံနက် ၁ နာရီ ၄၉ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၅၅)ရပ်ကွက်၊ ပုဂံလမ်းနှင့် မင်းဘူးလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီး လောင်မှုကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ (၇၀)နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ ထွက်ခွာငြိမ်းသတ်ခဲ့ရတာပါ။
"မနက်ကလောင်တဲ့မီးကသိပ်မများပါဘူး။ တစ်အိမ်ထဲလောင်သွားတာပါ။ ထိခိုက်ဒဏ်ရာရမှုလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။ပြောရရင် မီးကို အချိန်မီငြှိမ်းနိုင်ခဲ့တယ်လို့ဘဲ ပြောရပါမယ်။" လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပြခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုကို နံနက် ၂ နာရီ ၃ မိနစ် အချိန်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အလားတူ ဒီက နေ့ နံနက် ၄ နာရီ ၅၉ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး level -1 ယာဉ်အုပ်စုတွေထွက်ခွာငြိမ်းသတ်ခဲ့ရပါတယ်။
အဆိုပါ မီးလောင်မှုကိုလည်း နံနက် ၅ နာရီ ၇ မိနစ် အချိန်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
"မနက်အ စောကြီးက ပေါက်ကွဲသံ ၂ ချက်ကြားရပြီးမီးခိုးနံ့တွေနဲ့ အိမ် ပေါ်က နေ ကြောက်စရာမြင်နေရတာအဲ့ဒါဖြစ်ပြီး မီးလောင်တော့တာပါဘဲ။ မီးသတ်ကားတွေလည်း တဝီဝီနဲ့သွားနေကြတယ်။ ပေါက်ကွဲပြီး မီးလောင်မှုဖြစ်တဲ့ နေရာက Mytel ရုံးလို့လည်း ပြောနေကြပါတယ်။"လို့ အလုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အုပ်ချုပ် ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ယမန်နေ့( ဖေ ဖော်ဝါရီ ၁)ရက် နေ့ နံနက်ပိုင်းမှာလည်း ရန်ကုန်မြို့ ရှိ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းနှင့် အလုံမြို့နယ်၊ ထော်လီကွေ့အနီးရှိ မိုးကောင်းလျှပ်စစ်ဝန်းအတွင်းမှာ မီးလောင်မှု တွေ ဖြစ်ပွားခဲ့ပါသေးတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalHealth
Published - 2 Feb 2022
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က စက်ရုံတစ်ခုမှာ ကိုဗစ် -၁၉ ရောဂါ လူဦးရေ ၇၀၀ ကျော် တစ်နေရာတည်းမှာ ရောဂါကူးစက်ခံရပြီး အစုလိုက်ရောဂါဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
မင်္ဂလာဒုံမြို့နယ် စက်ရုံတစ်ခုမှာ ဓာတ်ခွဲ နမူနာ ၂,၂၃၃ ခုကို စစ်ဆေးခဲ့ရာ ၇၁၈ ဦးမှာ ကိုဗစ် ရောဂါတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိသူ ၇၁၈ ဦးထဲက ရောဂါလက္ခဏာရှိသူ ၈ ဦးကို သတ်မှတ်ဆေးရုံမှာလည်းကောင်း၊ ကျန်လူနာ ၇၁၀ ဦးကိုလည်း သီးခြားထားကာ ကုသမှုဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
လက်ရှိ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ၈၆၁ ဦးမှာ ကိုဗစ်ရောဂါပိုးသစ်တွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ၁၈၈ ဦးနဲ့ အများဆုံးတွေ့ရှိခဲ့တာပါ။
ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းအနေနဲ့ ၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိလာပြီး ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ အနည်းငယ်မြင့်တက်လာတာကို တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၃၆,၃၉၃ ဦးရှိနေပြီး သေဆုံးသူ့မှာ ဇန်နဝါရီ ၂၃ ရက်အထိ ၁၉,၃၁၀ ဦးရှိနေရာ နောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ၉ ရက်ဆက်တိုက် သေဆုံးသူမရှိတာကို တွေ့ရပါတယ်။
ymg/ ei
#Yangon_Media_Group
#LocalNews
Published - 1 Feb 2022
ပြည်တွင်း၊ ပြည်ပ ကြွေးမြီအနေနဲ့ ၂၀၂၀-၂၀၂၁ (၆ လ) ဘဏ္ဍာနှစ်မှာ ၅၂,၄၈၈ ဘီလီယံကျပ် ရှိခဲ့တယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ဒီမိုကရေစီ ပထမအစိုးအရ သက်တမ်းကာလ ပြည်တွင်း၊ ပြည်ပကြွေးမြီအနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၁၆,၂၇၃ ဘီလီယံကျပ်ရှိခဲ့ရာမှ နှစ်စဉ်တိုးလာခဲ့တာ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၂၇,၉၇၀ ဘီလီယံကျပ် ၊ ဒုတိယအကြိမ် ဒီမိုကရေစီဒုတိယအစိုးရ သက်တမ်းကာလ ပြည်တွင်း၊ ပြည်ပကြွေးမြီအနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၂၈,၈၆၁ ဘီလီယံကျပ် ၊ ၂၀၂၀-၂၀၂၁ (၆) လ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပ ကြွေးမြီး ၅၂, ၄၈၈ ဘီလီယံကျပ်ထိ တိုးလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ ပြည်တွင်း၊ ပြည်ပ ကြွေးမြီတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာတာကို တွေ့ရှိရပါတယ်။ ရေရှည်မှာ ကြွေးမြီးခံနိုင်ရည်ရှိမှုကို သုံးသပ် တွက်ချက်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျဆင်းနေတဲ့ နိုင်ငံစီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ ရေရှည်အစီအမံကို ကျွန်တော်တို့ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်” လို့ ပြောပါတယ်။
တပ်မတော်က ထိန်းသိမ်းပြီးနောက် နိုင်ငံတကာရဲ့ ဝိုင်းဝန်းပိတ်ဆို့ မှုတွေအနေနဲ့ ပြည်တွင်းစီးပွားရေးအခြေအနေတွေအရ ဘဏ်လုပ်ငန်းတွေ ယုံကြည်မှုကျဆင်းပြီး ပုံမှန် မလည်ပတ်နိုင်တဲ့အတွက် ဘဏ်လုပ်ငန်းဟာ ငွေသားလည်ပတ်စီးဆင်းမှု ခက်ခဲလာကာ လုပ်ငန်းရှင်၊ ကုန်သည်တွေအတွက် ငွေပေးချေမှု၊ ကုန်စည်စီးဆင်းမှုတွေ ခက်ခဲစေခဲ့ပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် သယ်ယူပို့ ဆောင်ရေးနဲ့ သွင်းကုန်(လောင်စာဆီနဲ့ ကုန်ကြမ်း) ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကွက်မှာ ဝယ်လိုအားကျဆင်းမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
ymg/ei
#Yangon_Media_Group
#Yangon_Media_Group
#LocalNews
Published - 1 Feb 2022
မြန်မာနိုင်ငံအပေါ် ရန်သူလိုဆက်ဆံနေတဲ့ နိုင်ငံတွေရဲ့ သဘောထားတွေကို ပြောင်းလဲလာအောင် မိတ်ဆွေဖြစ်လာအောင် အတတ်နိုင်ဆုံးကြိုးစားသွားမယ်လို့ နစက တစ်နှစ်ပြည့်အနေနဲ့ နစက ဥက္ကဋ္ဌက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ (၁)နှစ်ပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနဲ့ပတ်သက်ကာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
“ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိတ်ဆွေ နိုင်ငံပဲ ရှိပါတယ်။ ရန်သူနိုင်ငံရယ်လို့မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံအပေါ် ရန်သူသဖွယ်ဆက်ဆံနေရင်တောင် အဲနိုင်ငံတွေရဲ့ သဘောထားကို ပြောင်းလဲလာအောင် ၊ မိတ်ဆွေ ဖြစ်လာအောင် အတက်နိုင်ဆုံးကြိုးစားဆောင်ရွက်ပါမယ်” လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရဲ့ နယ်စပ်ဒေသတွေကို ထာဝရတည်ငြိမ် အေးချမ်းတဲ့ နယ်စပ်ဒေသဖြစ်ဖို့ ငြိမ်းချမ်းချစ်ခင်တဲ့ အိမ်နီးချင်းဆက်ဆံရေးကို ထူထောင်သွားမှာ ဖြစ်ပြီး ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ပိုမိုခိုင်မာမှုရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနဲ့ အစိုးရရဲ့ ရှေ့လုပ်ငန်းတွေကို မထိခိုက်စေဘဲ နိုင်ငံတကာနဲ့အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်သွားမယ်” လို့ ဆိုပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း ယခုနှစ်မှာ ငြိမ်ချမ်းရေးအတွက် ခြေလှမ်းသစ်တွေ စရမယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ အသင့်ရှိနေတယ်လို့ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ထိုနောက် ဖယ်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်တာ မျှဝေခံစားတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီ၊ တိုင်းရင်းသားလူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျ ကိုယ်စားပြုစနစ် (PR) စနစ်ကို သွားမှာ ဖြစ်ပြီး မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
ymg/ ei
#Yangon_Media_Group
#LocalNews
Published - 1 Feb 2022
ဆားအိတ်တင် ဆောင်လာသည့် ၁၂ ဘီးယာဉ်တစ်စီး ချောက်အတွင်းထိုးကျတိမ်း မှောက်ရာမှ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီကနေ့ဖေဖော်ဝါရီ ၁ ရက်၊ နံနက်ပိုင်းအချိန်က တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဟာ စမ်းလှမ်းကျေးရွာသို့အဝင် မြင့်မိုရ်လက်ခတ်တောင်တက်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ် ပေါ်တွင် ဆားအိတ်(၄၀၀)ခန့်တင်ဆောင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
(၁၂)ဘီးယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာသို့ လောင်းလုံးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ရပြီး အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့်
ယာဉ်ပေါ်ပါ အမျိုးသား(၆)ဦးအနက် အမျိုးသား(၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ အမျိုးသား(၂)ဦးက တော့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဒေသခံ အာယုပါလကနာရေးကူညီမှုအသင်းယာဉ်ဖြင့် လောင်းလုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
Page 1828 of 1829