#Local_News
Published - 14 July 2022
အာဇာနည်နေ့ ဇူလိုင်(၁၉)ရက်တွင် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်များသို့ အများပြည်သူများလာရောက်ရာ၌ လိုက်နာရမည့်အချက်များကို ထုတ်ပြန်ထားပါသည်၊၊
အဆိုပါနေရာ(၃)နေရာစလုံးကို သက်ကြီးရွယ်အို၊ နာတာရှည်ရောဂါရှိသူများကို လုံးဝလာခွင့်မပြုထားသလို ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည့်ရောဂါလက္ခဏာရှိသူများ လုံးဝလာရောက်ခြင်း မပြုရန်တားမြစ်ထားသည်၊၊
အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်များသို့ လာရောက်မည့်သူများအနေဖြင့် လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်၊ ကင်မရာ၊ မီးခြစ်အစရှိသည့်တားမြစ်ကန့်သတ်ထားသည့် ပစ္စည်း(၁၀)မျိုးကို ယူဆောင်ခွင့်မပြုကြောင်းသိရသည်၊၊
ယင်းနေရာများသို့လာရောက်မည့်သူများ အနေဖြင့် ကိုယ်အပူချိန်တိုင်းတာရမည်ဖြစ်ပြီး အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာများကိုစာရင်းသွင်းရမည်ဖြစ်ပြီး မှတ်ပုံတင်၊ဝန်ထမ်းကတ်(သို့မဟုတ်) အသိအမှတ်ပြုကတ်ပြားတစ်ခုခုကို ယူဆောင်လာကြရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
ကိုယ်အပူချိန်မြင့်ခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည့် ရောဂါလက္ခဏာများတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်းလိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များအတိုင်းလိုက်နာဆောင်ရွက်ကြရမည်ဖြစ် ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 14 July 2022
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၁၉) ခုကိုခွင့်ပြုပေးခဲ့ပြီး ယင်းမှအလုပ်အကိုင်အခွင့်အလမ်း ၃၁၀၀ ကျော်ရရှိမည်ဖြစ်ကြောင်း သိရသည်။
MIC မှခွင့်ပြုထားသည့် လုပ်ငန်း ၁၉ ခုတွင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း (၅) ခုပါဝင်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/ ၂ဝ၂၂) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်(၁၉) ခု ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
၂၀၂၂- ၂ဝ၂၃ ဘဏ္ဍာရေးနှစ်၏ ဇူလိုင်လတတိယပတ်အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု လုပ်ငန်း (၂ဝ) ခု စုစုပေါင်း အမေရိကန်ဒေါ်လာ (၈၂၉ ဒသမ ၁၄၆) သန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၁)ခုမှ စုစုပေါင်းငွေကျပ် ၃၅ဝ ဘီလျံကျော်ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၃ဝဝဝ) ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 14 July 2022
စီးပွားရေးကျဆင်း၍ သမ္မတ ထွက်ပြေးနေရသည့် သီရိလင်္ကာနိုင်ငံကို မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းမည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိ သီရိလင်္ကာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရသည့် အတွက် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် နိုင်ငံတော် ရန်ပုံငွေဖြင့် ဆန်တန်ချိန် ၁၀၀၀ လှူဒါန်းနိုင်ရေးအား ကြိုးပမ်းဆောင်ရွက်နေကြောင်း ယင်းမှသိရသည်။
သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးသည် ကြွေးမြီဝန်ထုပ်ဝန်ပိုး ဖိစီးမှု၊ ခရီးသွားလုပ်ငန်းမှ ဝင် ငွေများ ဆုံးရှုံးမှု၊ ကုန်ပစ္စည်းများ၏ ကုန်ကျစရိတ်များ မြင့်တက်မှုအပြင် ကပ်ရောဂါ၏ အခြားသော ဆိုးကျိုးများကြောင့် ထိခိုက်ပျက်စီးလျက်ရှိသည်။
ရလဒ်မှာ နိုင်ငံသည် ဒေဝါလီခံရသည်အထိ မွဲပြာကျသွားခဲ့သည်။ ဓာတ်ဆီ၊ နွားနို့၊ ချက် ပြုတ်ရန် ဓာတ်ငွေ့နှင့် အိမ်သာသုံးစက္ကူများ ဝယ်ယူတင်သွင်းရန် ငွေကြေးများ ပြတ်လပ်နေသည်အထိ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 14 July 2022
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင်မီဒီယာများနှင့် ပြည်တွင်း ပုဂ္ဂလိကမီဒီယာများကို သတင်းများရယူရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် သတင်းစာရှင်းလင်းပွဲများ အပါအဝင် အခမ်းအနားများဖိတ်ကြားရာတွင် လွယ်ကူလျှင်မြန်စေရေးအတွက် အသိအမှတ်ပြုကတ်ပြားများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစစ်၍ ခွင့်ပြုထုတ်ပေးလျှက်ရှိနေသည်။
သတင်းမီဒီယာအသိအမှတ်ပြုကတ်ပြားများကို ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ထုတ်ပေးခဲ့ရာ သက်တမ်း(၁)နှစ် သတ်မှတ်ထားရှိပါသည်။ သက်တမ်းကုန်ဆုံးနေပါက သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြားများကို အသစ်လဲလှယ်ရမည်ဖြစ်သည်။
သတင်းမီဒီယာသမား အသိအမှတ်ပြုကတ်ပြား သက်တမ်းကုန်ဆုံးပါက သတ်မှတ်ပုံစံနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဌာနခွဲသို အသိအမှတ်ပြုကတ်ပြား အသစ်လဲလှယ်နိုင်ရေး လာရောက်ဆောင်ရွက်နိုင်ကြောင်း ယင်းကြေညာချက်၌ ပါရှိသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊
ymg/NN
#Yangon_Media_Group
#Local_News
Published_14 July 2022
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် တရားမဝင်သွားရောက်ကြသည့် တရားမဝင်မြန်မာနိုင်ငံသား ၄၅ ဦးကို ဇူလိုင်လ ၁၂ ရက် ညပိုင်းက ထိုင်းနိုင်ငံ ပရာ့ကျွပ်ခရိုင်အတွင်း ဖမ်းဆီးမိကြောင်း သိရသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းကို ဖြတ်၍ စွန်ခရာခရိုင်ကတစ်ဆင့် မလေးရှားနိုင်ငံအတွင်း သဘာဝလမ်းအပါအဝင် အခြားလမ်းများက ဝင်ရောက်ကြသူများ ရှိနေကြောင်း၊ အများစုမှာ မြန်မာရွှေ့ပြောင်းလုပ်သားများ ဖြစ်ကြောင်း၊အမြဲတမ်း အဖမ်းခံရသော်လည်း သွားရောက်မြဲသွားရောက်နေကြကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံ ပရာ့ကျွပ်ခရိုင်ရှိ ထိုင်းလုံခြုံရေးတပ်ဖွဲ့ကလည်း တရားမဝင် လာရောက်သူများအား လိုက်လံစစ်ဆေးကြောင့်ကြပ်နေခြင်းဖြစ်သောကြောင့် တရားမဝင်လမ်းကြောင်းက တစ်ဆင့် သွားရောက်ကြသူများအနေဖြင့် အဖမ်းခံရရန် ရာနှုန်းပြည့်သေချာသည့်အတွက် မလာရောက်ကြရန် မလေးရှားနိုင်ငံရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်နေသူတစ်ဦးက ပြောသည်။
"မလေးရှားမှာ အထောက်အထားမဲ့ နေထိုင်သူတွေကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေတာပါ။ ဇွန်လ ၃၀ ရက်နေ့ကတည်းက တရားမဝင်လာရောက်သူတွေ နေလို့မရတော့ဘူးလေ။ စီမံချက်နဲ့လုပ်နေတာကို မကြောက်ကြဘူး။ ငွေလည်းကုန်တယ်။ လူလည်းအဖမ်းခံရတယ်။ ဒီလောက်ထိ ဖမ်းနေပါတယ်ပြောလည်းလာနေကြသေးတာ၊ တော်တော် စိတ်မကောင်း ဖြစ်ရပါတယ် ဗျာ" ဟု အဆိုပါရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူက ဆိုသည်။
အဆိုပါ အဖမ်းခံရသူများမှာ အမျိုးသမီး ခြောက်ဦး ၊ အမျိုးသား ၃၉ ဦး ဖြစ်ကြောင်း၊မကွေး၊ ရန်ကုန်၊ မြိတ်၊ ရခိုင်နှင့်ချင်းပြည်နယ်များမှ ပွဲစားခ ဘတ် သုံးသောင်းကနေ ဘတ်သုံးသောင်းခွဲထိပေးကာ လာရောက်ကြသူများ ဖြစ်ကြောင်း၊ ယခုအခါခရွန်ဝမ်ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 14 July 2022
ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာပေါင်း ၂၁၃၉ ရွာမှ ပြည်သူများကို ၁၈ လ အတွင်း နိုင်ငံသားစိစစ်ရေးကတ် ၇ သိန်းကျော် ထုတ်ပေးနိုင်ခဲ့သည့်အတွက် သတ်မှတ်လျာထားချက် အောင်မြင်ပြီးစီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာ နှုန်းပြည့်ပြီးမြောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်း တိုင်းလုံးကျွတ် အောင်မြင်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၃ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးအဖွဲ့မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
"နိုင်ငံသားကတ်ပြားသည် လူတစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားအထောက် အထားတစ်ခုဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားခဲ့သည်။
နစကအနေဖြင့် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင် ဘာလ ၃ ရက်အထိ ၁၈လကြာ သတ်မှတ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းပမာဏ လျာထားသတ်မှတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၄ခု၊ မြို့နယ် ၄၅ မြို့နယ်၊ ရပ်ကွက် ၇၄၃ခု၊ ကျေး ရွာအုပ်စု ၆၂၁ အုပ်စု၊ ကျေးရွာပေါင်း ၂၁၃၉ ရွာမှ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၇၁၄၈၂၁ ကတ်ထုတ်ပေးရန် လျာထားခဲ့ရာ ယခုအခါ သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုကဲ့သို့ သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၉ ခုမြောက် တိုင်းလုံးကျွတ်လျာထားချက်ရာနှုန်းပြည့် ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီ၊ မကွေး၊ ရခိုင်၊ မွန် စသည့်တိုင်းဒေသကြီး၊ ပြည်နယ် ၈ခုတွင် တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_14 July 2022
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အဂတိနှစ်မှု ချေဖျက်ခွင့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံတင်ထားကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့ အမှုနှစ်မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အမှုတွဲစိစစ်ဖို့တင်တာပါ။ အမှုကို ချေဖျက်ဖို့ ဇူလိုင်လ ၁၃ ရက်မှာ တင်လိုက်တာပါ။ ချေဖျက်ဖို့တင်တာကို လက်ခံဖို့ သင့်မသင့်ဆိုတာ လိုပါသေးတယ်"ဟု ယင်းကပြောသည်။
အဆိုပါ အဂတိအမှု နှစ်မှုကို ပြီးခဲ့သည့် ဇွန်လက စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရားလိုပြသက်သေများအား စစ်ဆေးနေသည့်အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် နေပြည်တော်အကျဉ်းထောင်တွင်း၌ ပြောင်းရွှေ့ချုပ်နှောင်ခံထားရခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။
နစက က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်မှ ယခုအချိန်ထိ အမှုပေါင်း ၂၀ ထက်မနည်း တရားစွဲဆိုခံထားရသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ကျခံရန် အမိန့်ချထားရပြီးလည်း ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
Page 1825 of 2148