#Local_News
Published_24 November 2022

 

တရားမဝင်ကုန်သွယ်မှုများကြီးထွားနေသည့် အကြောင်းများအနက် ဝန်ထမ်းအချို့ငွေကြေးရယူခွင့်ပြုမှုများလည်း ပါဝင်ကြောင်း နိုဝင်ဘာလ ၂၃ ရက်က ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောသည်။

 

ယင်းအပြင် သိုဝှက်ရှောင်ကွင်း သယ်ဆောင်မှုများကြောင့် လွတ်သွားခြင်းများလည်း ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန်လည်း တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။

 

နစက အနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းပြီးသည့် ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉)လအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ (၃၀၉၅)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၄၅ ဒသမ ၆) ဘီလီယံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ယခင်နှစ်ကာလတူ တွင် အမှုတွဲ(၁၅၅၈)မှုနှင့် ခန့်မှန်းတန်ဖိုးသည် ကျပ်(၆ ဒသမ ၆၂၆) ဘီလီယံ ရှိခဲ့သောကြောင့် အမှုတွဲ(၁၅၃၇)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၃၈ ဒသမ ၉၇၄) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း အဆိုပါ ကော်မတီ၏ စာရင်းများတွင် ဖော်ပြထားသည်။

 

ဖမ်းဆီးရမိသော အမှုများမှာ ပြီးခဲ့သည့် ဩဂုတ်လနှင့် အောက်တိုဘာလအတွင်းက မန္တလေးတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ခဲ့ပြီး စက်တင်ဘာလအတွင်းက ကရင်ပြည်နယ်က ဖမ်းဆီးရမိမှု အများဆုံးဖြစ်ကြောင်းလည်း သိရသည်။

 

တရားမဝင်ကုန်သွယ်မှုကို လုံးဝပပျောက်အောင် ဆောင်ရွက်ရန် ယခုအချိန်ကာလအထိ မဖြစ်နိုင်သေးသော်လည်း ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကာကွယ်တားဆီးဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရန်နှင့် တာဝန်ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဖြင့် သတင်းအချက်အလက်များပေးပို့သော ပြည်သူများကိုလည်း ထိုက်သင့်သည့် အသိအမှတ်ပြုမှု၊ ချီးမြှင့်မှုအနေဖြင့် ဆုကြေးငွေခွဲဝေပေးခြင်းကိုလည်း သတ်မှတ်ချက်နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်းလည်း နစက ဒုတိယဥက္ကဋ္ဌ က အဆိုပါ အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

 

#ymg/mt
#Yangon_Media_Group