#LocalNews
Published - 17 Feb 2022
ဆီသယ်ယာဉ်တစ်စီး အရှိန်လွန်တိမ်း မှောက်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်၊ မွန်းလွဲပိုင်းအချိန်က ဝမ်းတွင်းမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ဒီကနေ့ မွန်းလွဲပိုင်းအချိန်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၃၃၅/၆)နှင့်(၃၃၅/၇)အကြားတွင် ဆီသယ်ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဆီသယ်ယာဉ်တိမ်း မှောက်ရာသို့ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရပြီး တိမ်းမှောက်သည့်ယာဉ် ဆီယိုစိမ့်ပြီး မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရမှုလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#LocalNews
Published - 17 Feb 2022
ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာက လူဦးရေ ၆,၀၀၀ ကျော်ဟာ တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က
ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံအ ရှေ့မြောက်ပိုင်း၊ ကချင်ပြည်နယ် ဖားကန့်၊ မိုးညင်း၊ ပူတာအို၊ ဆွန်ပရာဘွန်နဲ့ တနိုင်းမြို့နယ်တွေမှာ တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲတွေ ပြင်းထန်လာပြီး လေကြောင်းမှတိုက်ခိုက်မှုသတင်းတွေကို ကြားသိနေရတယ်လို့ (UNOCHA)က ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွေကြောင့် အရပ်သားသေကြေဒဏ်ရာရမှု၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှု၊ အရပ်သားပိုင်ပစ္စည်းများ ဖျက်ဆီးခံရမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံမိတ်ဖက်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အဆိုအရ နေရပ်စွန့်ခွာထွက်ပြေးလာကြသူတွေဟာ မြစ်ကြီးနားနဲ့ ပူတာအိုမြို့တွေမှာ ဆွေမျိုးတွေနဲ့ သွားရောက်နေထိုင်နေကြရသလို အနီးအနားက တောတွေထဲထွက်ပြေးကြရသူတွေလည်း ရှိနေတယ်လို့ (UNOCHA)က ဖော်ပြပါတယ်။
ထို့ကြောင့် ဖေဖေါ်ဝါရီလ ၉ ရက်နေ့အထိ လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်သူမိတ်ဖက်တွေဟာ ဒေသခံလူထုအသိုင်းအဝိုင်းက လက်ခံထားသူ ဦးရေ ၁,၀၀၀ အတွက် အစားအစာဝယ်ရန် ငွေကြေး၊ အမိုးအကာ၊ အိုးခွက်ပန်းကန်စတဲ့ အိမ်ထောင်သုံးပစ္စည်း၊ တကိုယ်ရေသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာပစ္စည်းများကို ပေးအပ်ခဲ့ပြီးဖြစ် ကြောင်းနှင့် ကျန်ရှိသူများကို ဆက်လက်ပေးအပ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ (UNOCHA)က ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာလာသူဦးရေ ၈,၆၀၀ ခန့် ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် မတိုင်ခင် ပဋိက္ခတွေကြောင့် ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေရသူ ၉၆,၅၉၀ လည်း ရှိနေပါသေးတယ်လို့ (UNOCHA)၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#DailyNews
Published - 17 Feb 2022
၁။ ငါးမဖမ်းရရာသီကို နှစ်စဉ် တစ်လတိုးသတ်မှတ်လာတာကြောင့် ငါးသယံဇာတ တိုးပွားလာသော်လည်း ပြည်ပရေထွက်ပို့ကုန် လျော့ကျလာ။
၂။ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် လူနာလမ်းကြောင်းများပို့ဆောင်ရာမှာ အခက်အခဲများကြုံနေရတဲ့ ရန်ကုန်အခြေစိုက် ပရဟိတအသင်းများ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဖာရိုးကျွန်းစုတွင် နှစ်စဉ်လင်းပိုင်များ အမဲလိုက်သတ်ဖြတ်ပွဲပြုလုပ်ခြင်းကို အစိုးရကပြန်လည်သုံးသပ်.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 17 Feb 2022
ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများထားရှိနိုင်ရေး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ဒလမြို့နယ်-ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီမှ သိရပါတယ်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ ထားရှိနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအလိုက် ပြည်သူ ၂၀ ဦးမှ ၃၀ ဦးအထိ ဝင်ဆံ့ထားရှိနိုင်သော ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးနိုင်သည့် Test Center ၃ ခုဖွင့်လှစ်ထားရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Test Center (၃)ခုကိုလည်း ဒလမြို့နယ်အတွင်းရှိ ဒလပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံနဲ့ ရခိုင်ချောင်တိုက်နယ်ဆေးရုံတို့တွင် ဖွင့်လှစ်ပေးထားပြီး ကိုဗစ်စစ်ဆေးခြင်းတွေကို ဒလပြည်သူ့ဆေးရုံ၌ တနင်္လာနေ့မှ သောကြာနေ့အထိလည်းကောင်း၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံတွင် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တို့တွင်လည်း ကောင်း၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံတွင် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် စစ်ဆေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်ထိ ဒလမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာစုစုပေါင်း ၈၃ ဦးအထိ ရှိနေပြီး အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ၁၃ ဦး၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံတွင် ၁၀ ဦး၊ သပြေကုန်းကျေးရွာရှိ အနာဂါမ် ဆရာသက်ကြီးတန်ဆောင်တွင် ၂၉ ဦးတို့အား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိနေတာပါ။
ဒါ့အပြင် ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူမှာလည်း ၂၄ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဒလမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရပါတယ်။
ဓါတ်ပုံ - ဒလမြို့နယ်-ကိုဗစ်-၁၉ သတင်းပြန်ကြားရေးကော်မတီ
ymg/kg
#Yangon_Media_Group
#LocalNews
Published - 17 Feb 2022
ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုးကြောင့် ဇန်နဝါရီလ ၂၃ ရက်အထိ သေဆုံးသူ ၁၉,၃၁၀ ဦး သေဆုံးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ သေဆုံးမှုတွေမရှိခဲ့ဘဲ နောက်ပိုင်းမှာ သေဆုံးသူတွေ ပြန်လည်ရှိလာပါတယ်။
အခုဆိုရင် ၃ ရက်ဆက်တိုက် သေဆုံးမှုတွေ ပြန်လည်ဖြစ်ပေါ်လာပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က ၁ ဦး ၁၅ ရက်နေ့က ၃ ဦးနဲ့ ၁၆ ရက်နေ့က ၄ ဦး ထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း သေဆုံးသူ ၁၉,၃၁၈ ဦး သေဆုံးလျက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
ဒါ့အပြင် ကိုဗစ်အတည်ပြုလူနာသစ်တွေလည်း နေ့စဉ်တိုးမြင့်လာပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့နဲ့ ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် တစ်နေ့ကို လူဦးရေ နှစ်ထောင်ကျော်နှုန်းနဲ့တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့ တစ်ပတ်တိတိမှာလည်း တစ်နေ့ကို လူဦးရေ တစ်ထောင်ကျော်နှုန်းနဲ့ လူနာသစ်တွေ့ရှိမှုတွေ တိုးမြင့်လာတာဖြစ်ပါတယ်။
အခုလက်ရှိ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာလည်း မူလ ၁ ရာခိုင်နှုန်းကနေ ၈ ဒသမ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတာတွေ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းကိုဗစ်ရောဂါပိုး ကူးစက်ခံသူ ၅၅၃,၅၆၄ ဦးအထိ ရှိနေပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ပြည့်ထိုးနှံပြီးသူနဲ့ အကြိမ်ပြည့်ထိုးနှံပြီးသူ လူဦးရေ စုစုပေါင်း ၂၃ ဒသမ ၁၅ သန်း ရှိနေပြီလို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 17 Feb 2022
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့် စပိန်နိုင်ငံကလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် - ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ ဦးဆောင်သောအဖွဲ့သည် မြတ်ဗုဒ္ဓဘာသာအတွက် ဥရောပမှာ Holy Land -Holy City ဟု သတ်မှတ်ထားသော စပိန်နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်မှာ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်ကြီးတည်ဆောက်ရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး
စပိန်နိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့စဥ်မှာ ဗုဒ္ဓလုမ္ဗိနီဥယျာဉ်တော်တည်ဆောက်ခွင့်နှင့် အဆိုပါ
သဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ယင်းတွေ့ဆုံဆွေးနွေးမှုကို ယမန်နေ့( ဖေဖော်ဝါရီ ၁၆)ရက်က စပိန်နိုင်ငံရှိ ကပ်ဆီးရပ်မြို့တော်ဝန်ရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာ-နယ်သာလန်ကိုယ်စားပြု ဗုဒ္ဓဘာသာအဖွဲ့ ဦးဆောင်ဆရာတော်ဒေါက်တာအရှင်သောဘိတ-(IBEC) ဆရာတော်နှင့်အဖွဲ့အား စပိန်နိုင်ငံ၌တည်ဆောက်မည့် Lumbini Garden Project ဥက္ကဋ္ဌ H.E. Jose Manual Vilanova နှင့် ဒါရိုက်တာအဖွဲ့က ရှေးဦးစွာတွေ့ဆုံ၍ ထိုဆွေးနွေးပွဲကို ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲမှ (၁၁)နာရီအထိလည်းကောင်း၊ ဆက်လက်ပြီး နေ့လည်(၁၂)နာရီအချိန်တွင် စပိန်နိုင်ငံ Caceres patrimonio De La Humniddad , UNESCO မြို့တော်ဝန် His Excellency Luis Salaya က IBEC ဆရာတော်နှင့်အဖွဲ့အား မြို့တော်ဝန်ရုံးမှာ လက်ခံတွေ့ဆုံကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ The Second Birth Place of Lord Buddha Garden Project in Spain စီမံကိန်းသည် အထူးစိတ်ဝင်စားစရာကောင်းသလို မြို့တော်ဝန် His Excellency Luis Salaya နှင့် Lumbini Garden Project အဖွဲ့တို့သည် IBEC ဆရာတော်နှင့်သာသနာပြုအဖွဲ့အား ယဉ်ကျေးမူမြို့တော်အကြောင်းရှင်းပြကာ အပြန်အလှန်မိတ်ဆက်ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာလည်း ဖြစ်ပါတယ်။
IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။
IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမှာဖြစ်တယ်လို့လည်း International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့) က သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့)
ymg/kg
#Yangon_Media_Group
#LocalNews
Published _17 Feb 2022
ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် နယ်စပ်ကို ဖြတ်သန်ပြီး တရုတ်နိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ်တွေဆီကို နိုင်ငံတကာကကုန်ပစ္စည်းတွေ ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းအသစ်ဖောက်လုပ်ဖို့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ တောင်အာရှအနာဂတ်ရင်းနှီးမြှုပ်နှံမှုအုပ်စု (SAFIG) တို့တွေ့ဆုံမှုအတွင်း အဆိုပါအကြောင်းအရာကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးရာတွင် ရေထွက်ပစ္စည်း၊ အိမ်ခြံမြေ၊ မြို့ပြအခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ အွန်လိုင်းမှတစ်ဆင့် မြန်မာ့ထွက်ကုန်များ ရောင်းချရေးနဲ့ ကျောက် မျက်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားဖို့လည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းအသစ်ဖောက်လုပ်ဖို့ဆွေးနွေးခဲ့တဲ့ South Asia Future Investment Group (SAFIG) အနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွင်းရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်မယ့်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းတိုးတက်လာဖို့ အကောင်အထည်ဖော်မယ့်လုပ်ငန်းတွေလည်း ပူးပေါင်းဆောင်ရွက်ဖို့ရှိနေကြောင်း သိရပါတယ်။
ymg_mnn
#yangon_media_group
Page 1781 of 1810