#LocalNews
Published - 22 May 2022
စစ်ကိုင်းတောင်ရိုးရှိ IBEC အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ ဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် ပညာသင်ကြားမှု တွေကို ယခုပညာသင်နှစ် အတွက် ကျောင်းသား/ ကျောင်းသူများကိုစတင်လက်ခံနေပြီး ဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်းစတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
"လူသားတို့ ဘဝထာဝရရှင်သန်စေရန် ပညာရေးသည်အရေးကြီးပါတယ်။ ပညာမတတ်ပဲ လူမူရေးစီးပွားရေးနိုင်ငံရေးဆောင်ရွက်၍မရပေ။ ပညာရေးသည်လူသားတိုင်းလူငယ်တိုင်းမဖြစ်မနေ သင်ယူကြရမှာဖြစ်ပါတယ်။"လို့ IBEC ဆရာတော်က မိန့်ကြားပါတယ်။
ဒါ့အပြင် ပညာလိုလားသူလူငယ်အားလုံးကို အယုတ်အလတ်အမြတ်မရွေး IBEC ကကြိုဆိုသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
"ပညာရေးသည် ကြောက်နေရသောဘဝကနေလွတ်မြောက်စေပါတယ်။ ပညာကမ္ဘာတည်ဆောက်မူကိုမည်သူမျှဟန့်တား၍မရပေ။ ဟန့်တားသူမှန်သမျှလောကကိုဖျက်စီးသူ ကလေးသူငယ်အခွင့်အရေးကိုချိုးဖောက်သူအဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားပါတယ်။ မိမိတို့သားသမီးပညာရေးအတွက် IBEC ဆရာတော်နှင့်IBEC ကျောင်းတော်ကကူညီနေပါတယ်။
ကလေးငယ်များအနာဂတ်မပျောက်စေရန်ပညာသင်ကြရမှာဖြစ်ပါတယ်။"လို့ IBEC ဆရာ တော်က ဆက်လက်မိန့်ကြားပါတယ်။
စစ်ကိုင်းတောင်ရိုးရှိ IBEC အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာတွင် ကျောင်းသားသစ်များလက်ခံမည့်နေ့ရက်ကို ၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်မှ မေလ ၃၀ ရက် အထိ သတ်မှတ်ထားပြီး မိဘအုပ်ထိန်းသူကျောင်းသားကျောင်းသူကိုယ်တိုင်
အပ်နှံရမှာဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ပညာရေးစင်တာတွင် အတန်း KG -Grade 1 မှစတင်ကာ Grade -11 အထိလက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး စစ်ဘေးရှောင်ဒေသရှိ ကလေးငယ်များအထူးဦးစားပေးလက်ခံသွားမယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - IBEC သတင်းထုတ်ပြန်ရေးအဖွဲ့
ymg/kg
#Yangon_Media_Group
#LocalNews
Published - 22 May 2022
၂၀၂၂ ခုနှစ်ရဲ့ ပထမလေးလတာ ဇန်နဝါရီလကနေ ဧပြီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၀၇ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ဝင်ရောက်ခဲ့ပေမယ့် ဖေဖော်ဝါရီလမှာ အမေရိကန်ဒေါ်လာ ၂၄ နီးပါး အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။ မတ်လမှာ အမေရိကန်ဒေါ်လာ သန်း ၁၁၆ သန်းကျော်ထိ ပြန်ဝင်ရောက်လာခဲ့ပြီး ဧပြီလမှာ အမေရိကန်ဒေါ်လာခြောက်သန်းနီးပါးသာ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ISP Myanmar က ဆိုပါတယ်။
အဆိုပါကာလအတွင်းမှာ အာဆီယံနိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုကအများဆုံးဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၅၄ ရာခိုင်နှုန်းအထိရှိတာကိုတွေ့ရပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ရှိပြီး စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်း ရှိခဲ့တာပါ။
ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် နှိင်းယှဥ်ကြည့်မယ်ဆိုပါက အခြားဝန်ဆောင်မှုများကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁၃ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ခဲ့ပြီးကုန်ထုတ်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော်နဲ့ ဒုတိယအများဆုံးဝင်ရောက်ခဲ့ပါတယ်။ အိမ်ခြံမြေကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၈ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှာ ၁၇ သန်းကျော်နဲ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွေမှာလည်း ၁၅ သန်းကျော် စီဝင်ရောက်ခဲ့ပါတယ်။ ဆောက်လုပ်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ စက်မှုဇုန်၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရကြောင်း ISP Myanmar ၏
သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ymg/kg
#Yangon_Media_Group
#Local_News
Published_ 22 May 2022
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မနေ့ကနံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ စတင်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် အဖွဲ့ဝင်များ၊ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားကြပြီး တက်ရောက်လာကြသူများက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို မေ ၂၂ ရက် ဒီကနေ့တွင် ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 22 May 2022
ရခိုင်ပြည်နယ် စစ်တွေမြို့၊ စစ်တွေ-ရေချမ်းပြင် မီးရထားလမ်းပိုင်းသို့ RBE ရထားတွဲ သုံးတွဲ မေ ၂၀ ရက်က ပို့ဆောင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားများနှင့် အများပြည်သူအတွက် တိုးချဲ့ပြေးဆွဲမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ရထားတွဲများမှာ ပြီးခဲ့တဲ့မတ်လကစပြီး ပြန်လည်ပြေးဆွဲနေတဲ့ ရထားလိုင်းတွင် တိုးချဲ့ပြေးဆွဲမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းသား/ကျောင်းသူများ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်ပြေးဆွဲတဲ့ ရထားလိုင်းတစ်ခုဖြစ်ပါတယ်။
အဆိုပါရထားတွဲ သုံးတွဲအနက် နှစ်တွဲကို တက္ကသိုလ် ကျောင်းသား၊သူများအတွက် ဦးစားပေးပြေးဆွဲမှာဖြစ်ပြီး ကျန်တစ်တွဲကို အများပြည်သူအတွက် ပြေးဆွဲမှာဖြစ်ကြောင်း သိရပါတယ်။
တက္ကသိုလ် ကျောင်းသား၊သူများအတွက် ရထားပြေးဆွဲမှုကို ကျောင်းဖွင့်သည့် အချိန်တိုင်း ပြေးဆွဲသွားမှာဖြစ်ပြီး လူတစ်ဦးလျှင် ရထားစီးခ ၁၅၀ ကျပ်သာ ကောက်ခံမှာဖြစ်ကြောင်း သိရပါတယ်။
စစ်တွေမြို့တွင် ကွန်ပျူတာတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာ တက္ကသိုလ် စတဲ့ တက္ကသိုလ် ၃ခုရှိပြီး စစ်တွေတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ် တို့မှာ စစ်တွေ-ရေချမ်းပြင် ရထားလမ်းပိုင်းတွင်တည်ရှိပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၄ ရက်က စစ်တွေ- ရေချမ်းပြင် မီးရထားလမ်းပိုင်းကို ပြန်လည် ပြေးဆွဲရန် ဖွင့်လှစ်ခဲ့ပါတယ်။
ရထားလက်မှတ်ဈေးနှုန်းများမှာ ပြည်တော်သာဘူတာမှ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာနှင့် ဒါးပိုင်ဘူတာအထိ (၅၀) ကျပ်၊ ပြည်တော်သာ ဘူတာမှ ဇောပူဂျာဘူတာနှင့် မယ်ဇလီကုန်းဘူတာအထိ (၁၀၀) ကျပ်နှင့် ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာအထိ (၁၅၀) ကျပ် သတ်မှတ်ထားကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 22 May 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကမ္ဘောဇဘဏ်ငွေသိမ်းယာဉ်ပေါ်မှ ငွေကျပ်သိန်း ၃၀၀၀ လုယက်မှုကျူးလွန်ခဲ့သူများအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် ကမ္ဘောဇဘဏ်မှ ဝန်ထမ်း ၃ ဦးလိုက်ပါလာသည့် ငွေသိမ်းယာဉ်ပေါ်မှ ပီနံအိတ် ၄ လုံးဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း ၃၀၀၀ အား လုယက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
ထိုသို့ လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN 5H/4572 Probox အမျိုးအစား မော်တော်ယာဉ်အား စုံစမ်းရှာဖွေခဲ့ရာ အခင်းဖြစ်စဉ်က အဆိုပါ မော်တော်ယာဉ်အား AYY CC-4512 နံပါတ်ပြားမှ YGN 5H/4572 နံပါတ်ပြားသို့ ပြောင်းလဲတပ်ဆင်အသုံးပြု၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အဆိုပါ AYY CC-4512 Probox ယာဉ်နှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့အား ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ယာဉ်ပိုင်ရှင်ဖြစ်သူ၏ ထွက်ဆိုချက်အရ AYY CC-4512 Probox မော်တော်ယာဉ်အား ၎င်း၏သူငယ်ချင်းဖြစ်သူ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၃)လမ်း၊ အမှတ်(၂၁၁)နေ ဝေလင်းထွန်း(၃၀)နှစ် (ဘ)ဦးတင်အောင်အား မေလ ၁၃ ရက်နေ့က ငှားရမ်းခဲ့ကြောင်း သိရှိရသဖြင့် ဝေလင်းထွန်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ “The Lord” စားသောက်ဆိုင်အနီးတွင် ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူ ဝေလင်းထွန်း(ခ)ကိုထွန်းအား စစ်ဆေးဖော်ထုတ်ချက်အရ ကမ္ဘောဇဘဏ် ငွေသိမ်းယာဉ်ပေါ်မှငွေများအား သူငယ်ချင်းများနှင့်အတူ လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆို ခဲ့ပြီး လုယက်မှုကျူးလွန်သည့်နေ့တွင် ၎င်း၏ သူငယ်ချင်းများဖြစ်ကြသည့် ဇင်ကိုကိုဦး(ခ)ဇင်ကို၊ ထွဋ်ခေါင်မင်း(ခ)ထက်လင်းကျော်၊ ဇွဲပြည့်စုံမှူး(ခ)ဇွဲကြီးတို့နှင့်အတူ ပါဝင်ကျူးလွန်ခဲ့ကြကြောင်း၊ လုယက်ရာမှ ရရှိလာသည့် ငွေများအား တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၀ စီခွဲဝေယူဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါတယ်။
ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများနှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပြည်သူလူထုများအကြား စိုးရိမ်ထိတ်လန့်မှုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်အပေါ် အခွင့်ကောင်းယူကာ ငွေကြေးလိုအပ်ချက်အပေါ် အခြေခံပြီး ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖြစ်စဉ်တွင် လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၅ ဦးနှင့် ပူးပေါင်းပါဝင်သူ အမျိုးသမီးတစ်ဦးတို့အား သက်သေခံပစ္စည်းများဖြစ်သည့် ငွေကျပ် ၂၂၁၀ သိန်းနှင့် လုယက်မှု ကျူးလွန်စဉ် အသုံးပြုခဲ့သည့် AYY CC-4512 Probox ယာဉ် ၁ စီး၊ လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် 82W-40613 Honda PCX ဆိုင်ကယ် ၁ စီး၊ ရွှေဆွဲကြိုး ၁ ကုံး၊ Xiaomi အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ Vivo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးနှင့် Redmi Note 11 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးတို့အား ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -22 May 2022
မေလ(၂၂)ရက်မနက်ပိုင်း တိုင်းထွာချက်အရသောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ စိုးရိမ်ရေမှတ်အထက် (၅)ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီးနောက်ထပ် (၂)ပေခန့်ဆက်တက်နိုင်တဲ့အတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်၊၊
သောင်ရင်းမြစ်ဟာ မြဝတီမြို့မှာ စိုးရိမ်ရေအမှတ် အထက်(၅)ပေခွဲမြင့်တက်နေရာမှ နောက်(၁)ရက်အတွင်း(၂)ပေခန့် ဆက်လက်တက်လာနိုင်တယ်လို့ ဆိုပါတယ်၊၊
ဒါကြောင့်မိုလို့ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြဖို့ မိုး/ဇလက သတိပေးချက်ထုတ်ပြီး နှိုးဆော်ထားပါတယ်၊၊
ymg/tthl
#Yangon_Media_Group
Page 1776 of 1973