#LocalNews
Published_15 April 2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးသို့ ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ဘုရားဖူးလာရောက်သူများပြားကြောင်း သိရသည်။
ယင်းအပြင် လာရောက်သော အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်များက မန်းချောင်းအတွင်း ရေချိုး၍အပန်းဖြေကြကြောင်းလည်း သိရသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇ ရက်)တွင် အောက်ခြေတော်ရာ ဖန်အုပ်စောင်းတော်နှင့် အထက်ခြေတော်ရာ သံတံကားတို့ကို ပိတ်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 15 April 2022
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စိတ်ရိုင်းဝင်ကုတ်ခြစ်ခဲ့၍အသက်ဆုံးရှုံးခဲ့ရသူမွေးမြူထားသည့် ကျန်ရှိဝက်ဝံများကို နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်သို့ ရွှေ့ပြောင်းလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်က ငယ်စဉ်ကပင် မွေးမြူထားခဲ့သော ဝက်ဝံများထဲမှ အိစိကွေးနှင့် ချစ်ပိုအမည်ရှိ ဝက်ဝံနှစ်ကောင်က စိတ်ရိုင်းဝင်ရန်ပြုတိုက်ခိုက်ခဲ့သည့်အတွက် သခင်ဖြစ်သူသေဆုံးပြီးနောက် အဆိုပါကျန်ရှိ ဝက်ဝံ (၅) ကောင်ကို နေပြည်တော်တိစ္ဆာန်ဥယျာဉ်သို့ ရွှေ့ပြောင်းပေးလိုက်ခြင်း ဖြစ်သည်။
"ကိုအောင်မွေးမြူခဲ့တဲ့ ဝက်ဝံတွေ တောင်ငူမြို့ နာရေးကူညီမှုအသင်း (တောင်ငူ) နဲ့ ၁၁၅ မိုင်မှ ပိုင်အိုးနီးယား က ကိုဇော်တို့နဲ့ နေပြည်တော် တိရိစ္ဆာန် ဥယျာဉ်ကို ဧပြီလ ၁၂ ရက်နေ့က ရွှေ့ပြောင်းပေးခဲ့တယ်"ဟု လူမှုကူညီရေးအသင်းသား တစ်ဦးက ဆိုသည်။
ဝက်ဝံမွေးမြူထားသော ကိုအောင် ဟု အများက ခင်မင်စွာ ခေါ်ကြသည့် ဦးစိုးမိုးအောင်မှာ တိရိစ္ဆာန်များကို ချစ်မြတ်နိုးသူ ဖြစ်ပြီး "အနှိုင်းမဲ့အကြင်နာပရဟိတ" အမည်ဖြင့်လည်း ဝက်ဝံများအပါအဝင် အခြားတိရိစ္ဆာန်များကို ထိန်းသိမ်းမွေးမြူထားသူ ဖြစ်သောကြောင့် လူသိများသူတစ်ဦးလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published -15 Apr 2022
ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်တွင် ဧပြီလ ၁၄ ရက်ညပိုင်းက အသက်(၁၃)နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုန့်ဝယ်ကျွေးမယ်ဟု အပြင်သို့ခေါ်ဆောင်သွားကာ အလိုမတူပဲသားမယားအဖြစ်ပြုကျင့်သည့် ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဂွမြို့ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။
ဖြစ်စဥ်မှာ မြို့မရပ်ကွက်တွင်နေထိုင်သူ ရဲနိုင်(ခ)မျိုးမင်းမောင် (၄၃)နှစ် စျေးရောင်းလုပ်ကိုင်သူက တစ်လမ်းနေသူ မ---(၁၃)နှစ်အား အပြင်သို့ မုန့်ဝယ်စားရန် ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားပြီး မြို့ပြင်ရှိ မြို့အဝင်အထွက်ဂိတ်အကျော် တောင်ကြားလမ်းအတွင်းသို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် (၁)ကြိမ် ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် မ------အား ပြန်လည်ခေါ်ဆောင်လာပြီး သစ်သီးဆိုင်မှ ပန်းသီးနှစ်လုံးဝယ်ပေးကာ နေအိမ်အနီးသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းတွင် ကျောင်းဝေယျာဝစ္စလုပ်ကိုင်နေသူ မ-----၏ မိခင်ဖြစ်သူအား ၎င်း၏ ယောက်မဖြစ်သူက သမီးဖြစ်သူ၏ ဖြစ်စဥ်ကို သွားရောက်ပြောကြားခဲ့သောကြောင့် မ------၏ မိခင်ဖြစ်သူသည် မြို့မရဲစခန်းသို့ တရားလိုပြုလာရောက် တိုင်တန်းသဖြင့် ရဲနိုင်(ခ)မျိုးမင်းမောင် (၄၃)နှစ်အား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃အရ အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published -15 Apr 2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့ ၌ မဟာသင်္ကြန်အကြတ်နေ့တွင် ရခိုင့်ရိုးရာရေကစားးမဏ္ဍပ်များ ၊ဖျော်ဖြေရေးမဏ္ဍပ်များနှင့်ငပလီကမ်းခြေတို့တွင် ယနေ့နံနက်ပိုင်းတွင် ရေကစားသူများပြားနေတယ်လို့ မြို့ခံတွေဆီက သတင်းရရှိပါတယ်။
အဆိုပါမဟာသင်္ကြန်အကြတ်နေ့တွင် အနယ်နယ်၊ အရပ်ရပ်မှလာရောက်လည်ပတ်သူများ ၊ ကားများ၊သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်ရေပက်ခံထွက်သူများ၊ ငပလီကမ်းခြေတွင် ရေကစားအပန်းဖြေအနားယူသူများ များပြားနေတာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published -15 Apr 2022
ဧပြီလ ၁၅ ရက်နေ့ ယနေ့ နံနက် ၇ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ရေနံရပ်ကွက်၊ ရေနံချက်စက်ရုံအတွင်းနေသူတစ်ဦးကို စက်ရုံအပြင်လမ်းပေါ်မှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အဆိုပါစက်ရုံဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။
စက်ရုံအတွင်းစက်ရုံဝန်ထမ်း လိုင်းခန်းအမှတ်၂၅ ၊ အခန်း ၄ သည် လမ်းနှင့် ၅ ပေသာကွာဝေးပြီး လိုင်းခန်းနေအိမ်ရှေ့အဖီအောက်တွင်ထိုင်နေတဲ့ ဦးခင်ဇော်ကို ဆိုင်ကယ်စီးလာသည့် သေနတ်သမားနှစ်ဦးက လမ်းပေါ်မှပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
"ဝန်ထမ်းလိုင်းခန်းကို အပြင်ကလာပစ်သွားတာ စစ်ဆေးတာတွေလုပ်နေတယ် ပစ်ခံရသူရဲ့အခြေအနေတော့မသိသေးဘူး"လို့ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။
ပစ်ခတ်မှုကြောင့် ဦးခင်ဇော်မှာ ယာနံတွင်ကျည်ထိဒဏ်ရာလေးချက်၊ ယာလက်ဖျံတစ်ချက်ထိမှန်ပြီး ဆေးရုံသို့ ပို့ဆောင်ကုသပေးထားတယ်လို့ ကနဦးသိရပါတယ်။
ymg/hm
#Yangon_Media_Group
#Local_News
Published_ 15 April 2022
ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသခံပြည်သူများကို မရှိမဖြစ်လိုအပ်တဲ့ အာဟာရ ဝန်ဆောင်မှုများ တိုးချဲ့ပံ့ပိုးပေးနေတယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်။
အသက်ငါးနှစ်အောက် ကလေးငယ်ဦးရေ ၄,၀၀၀ နီးပါးကို စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကာ မိခင်နဲ့ပြုစုစောင့်ရှောက်သူ ၂,၀၀၀ ဦးခန့်ကိုလည်း နှစ်သိမ့်ဆွေးနွေးပြီး အကြံဉာဏ် များပေးခဲ့တယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားသူများအတွက် အရေးပေါ် အာဟာရ၊ ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးနဲ့ ကလေးသူငယ် ကာကွယ်ရေး အကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရှိ အားနည်းထိခိုက်လွယ်တဲ့ ကလေးငယ်များနဲ့ မိသားစုများကို ရေနဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးနေပြီး သန့်ရှင်းတဲ့သောက်သုံးရေက ကလေးငယ်များ ရှင်သန်ရပ်တည်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါလှပါတယ်။
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများက မတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လူဦးရေ ၂၃,၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများလည်း ပံ့ပိုးပေးခဲ့ပါသေးတယ်။
ထို့ပြင် မတ်လအတွင်းကလည်း ပဋိပက္ခဖြစ်ပွားရာဒေသမှ လူဦးရေ ၁၀၈,၀၀၀ ကို သန့်ရှင်းသော သောက်သုံးရေများ ပံ့ပိုးပေးခဲ့တယ်လို့ ယူနီဆက်ကဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 15 April 2022
သီပေါမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ်ပေါ် လိုက်ပါလာသူနှစ်ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၃ ရက် နေ့လည် ၁၁ နာရီအချိန်ခန့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များနှင့် လုံခြုံရေးတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့ဟာ သက်သေများနှင့်အတူ သီပေါမြို့နယ်၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော် ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ပါတယ်။
လားရှိုးမြို့ဘက်မှ မိုးကုတ်မြို့ဘက်သို့ မောင်းနှင်လာတဲ့ ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် စိုင်းအိုက်ဟုန် နှင့် စိုးသန်း(ခ)ရခိုင် တို့သယ်ဆောင်လာသော ခရီးဆောင်အိတ်အတွင်းနှင့် စက္ကူဂျပ်ဖာအတွင်းတို့မှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၁ ကီလို၊ ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၁၆၅ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
စိုင်းအိုက်ဟုန် (၃၈)နှစ်နှင့် စိုးသန်း(ခ)ရခိုင်(၂၇)နှစ်တို့အား သီပေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_
Page 1680 of 1810