#LocalNews
Published _ 24 June 2022
ယနေ့ ဇွန်လ ၂၄ရက် နံနက် (၁၁း၄၀) အချိန်ခန့်က ရန်ကုန်တိုင်းအတွင်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက် ချမ်းသာလမ်းရှိ ဆောက်လက်စ တိုက်ပေါ်မှ အမျိုးသားတစ်ဦး မတော်တဆပြုတ်ကျခဲ့ကြောင်း မြန်မာ့ကြယ်ဖြူ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
"ကျွန်တော်တို့ အသင်းကို လူတစ်ယောက် တိုက်ပေါ်ကနေ ပြုတ်ကျသွားတယ်လို့ ရပ်ကွက်က အကြောင်းကြားလာတာကြောင့် အရေးပေါ်လူနာတင်ယာဥ် တစ်စီးနဲ့သွား ရောက်ခဲ့ပါတယ်။ရောက်သွားတော့ လူနာက ဝဲနားထင်ကွဲ၊ ဝဲပေါင်ရိုးကျိုး၊ ယာလက်ကောက်ဝတ်ကျိုး ဒဏ်ရာတွေရခဲ့တာကြောင့် မြေပြင်ပြုစုမှုတွေနဲ့ သွေးထိန်ပြီး မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်ဌာနကို အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်" လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေးအသင်းဝင် ကိုလွင်မောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေထားသည်။
မတော်တဆဖြစ်ရပ်နှင့်ပတ်သက်၍ အသေးစိတ်မသိရှိရသေးပဲ ယင်းလူနာဟာ မြောက်ဥက္ကလာပဆေးရုံတွင်ဆေးကုသမှုခံယူဖို့ အသင်းမှ ကူညီပေးထားကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published_24 June 2022
ပြန်ပေးဆွဲခံခဲ့ရသည့် ပညာရေးဝန်ထမ်း ၂ ဦးအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနိုင်ငံဘက်သို ဇွန်လ ၂၃ ရက် ည ၁၀ နာရီခွဲခန့်က တရားဝင်လွှဲပြောင်းလိုက်ပြီးနောက် ယနေ့ ဇွန်လ ၂၄ ရက်တွင် မိသားစုနှင့် ပြန်ဆုံခွင့်ရပြီဖြစ်ကြောင်း သိရသည်။
မောင်တော မြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်၌ ကော့ဘဇားမြို့အခြေစိုက် အမှတ် (၃၄) BGB နယ်ခြားစောင့် တပ်ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးက မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။
ဆရာနှင့် ဆရာမတို့နှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးကာတာ သိန်း ၅၀ နှင့် ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သောကြောင့် ယင်းငွေနှင့်ညီမျှသော မြန်မာကျပ်ငွေ ၁၀၄၁ သိန်းဖြင့် ပြန်လည်ရွေးယူခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းငွေကို ရရှိချိန်တွင် ဆရာနှင့် ဆရာမနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်၊ နီလာအုပ်စု၊ ခြံချောင်း (ခ)Kharang Khali(ရခိုင်) ကျေးရွာအနီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်၊ ယင်းနောက် တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ၂ စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးအားခေါ်ဆောင်၍ တက္ကနာဖ်ပ်မြို့နယ်ရဲစခန်းသို့ခေါ်ဆောင်ခဲ့ပြီးနောက် အထက်ပါအတိုင်း ပြန်လည်လွှဲအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-အောင်သက်
ymg/mt
#Yangon_Media_Group
#LocalNews
Published - 24 June 2022
ဇွန်လ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာမှ စကျင်ကျေးရွာသို့ မောင်းနှင်လာသော စက်လှေ(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
မတ္တရာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ Madaya Rescue နှင့် လက်ပံလှ Rescue အသင်းဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်၊၊
ယင်းကဲ့သို့ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရာမှ လှေပေါ်ပါ ကျား(၅)ဦးအနက် ကျား(၄)ဦးအား အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီး (၁၁ ၅၅) အချိန်တွင် ကျန် ကျား(၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကာ Madaya Rescue အသင်းမှ သူနာတင်ယာဉ်ဖြင့် မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_24 June 2022
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မြန်မာပြည်ရုံးခွဲ၏ ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်ကို လုပ်ကြံခဲ့သူများအား ဖမ်းမိပြီ ဖြစ်ကြောင်း နစက က သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက် ညနေ ၅ နာရီခန့်က မွန်ပြည်နယ် မော်လမြိုင်မြို သံလွင်ဥယျာဉ်လမ်းပေါ်တွင် ဆိုင်ကယ်စီးလာစဉ် ယင်းကို သေနတ်ဖြင့်ပစ်သတ်ခဲ့သောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း WHO က ထုတ်ပြန်ထားခဲ့သည်။
ယခု ဖမ်းမိသူများမှာ ပစ်ခတ်လုပ်ကြံသူ ဘိုဘိုအောင် နှင့် ဆက်စပ်တရားခံများဖြစ်သော စေခိုင်းသူ ယုယုမွန်၊ ထောက်ပံ့စေခိုင်းသူ နန်းတွယ်တာဦး၊ ထောက်ပံ့သူ အိအိဖြူ၊ ကျော်လင်းအောင် (ခ) ချစ်ကို၊ မျိုးအိအိထွန်း၊ နော်သော်သော်၊ နွဲ့နွဲ့ဝင်း တို့ ၈ ဦး ဖြစ်ကြောင်း သိရသည်။
ပစ်ခတ်လုပ်ကြံသူ ဘိုဘိုအောင်ဆိုသူမှာ မော်လမြိုင်မြိုတွင်း အသံမိုင်းခွဲခြင်း၊ Glow Bar ကို ဗုံးခွဲခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကာ ယင်းအနေဖြင့် ဆုငွေ ကျပ် ၃၀၀၀၀ တစ်ကြိမ်၊ ကျပ် ၅၀၀၀၀ တစ်ကြိမ် စုစုပေါင်း ကျပ် ၈၀၀၀၀ ရရှိခဲ့ကြောင်း ဘိုဘိုအောင်က ထွက်ဆိုထားကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် ကမ္ဘာ့ကုလသမဂ္ဂ (UN) ကလည်း ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း UN Resident Coordinator နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan က ထုတ်ပြန်ထားခဲ့သည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 24 June 2022
၁။ စပါးဈေးစပါးဈေး၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာ
၂။ မွန်ပြည်နယ်တွင်နွမ်းပါးသည့်မျက်စိဝေဒနာရှင်(၁၀၀၀)ကျော်ရှိ၊ 'မရှိ၍ မလင်းသူ မရှိစေရ'အစီအစဉ်ဖြင့် ကုသပေးနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရဝမ်ဒါနိုင်ငံသို့ဒုက္ခသည်စေလွှတ်ရေး ဥပဒေမူကြမ်းအသစ်အား ထုတ်ပြန်နိုင်ရန် ယူကေအစိုးရကြိုးပမ်းလျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 24 June 2022
ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်ကို တစ်နိုင်ငံလုံးရှိ ဟိုတယ်များတွင် အသုံးပြုရန် စီစဉ်ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
ဟိုတယ်တွင် လာရောက်တည်းခိုသည့် ဧည့်သည်များ၏ အချက်အလက်များအား မှတ်တမ်းလုပ်မည့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်(GLMS)ကို လက်ရှိတွင် နေပြည်တော်ရှိ ဟိုတယ်အချို့ကို စတင်စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။
"အဲဒီဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS)အရ ဟိုတယ်တွေမှာ လာရောက်တည်းခိုနေတဲ့ ဧည့်သည်တွေရဲ့ ဆက်လက်သွားရောက်မဲ့ ခရီးလမ်းကြောင်းတွေ၊ လာရောက်တဲ့ကိစ္စတွေက အစ နောက်ကြောင်းလိုက်နိုင်တဲ့ အချက်တွေ ပါဝင်မှာဖြစ်ပါတယ်"ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါစနစ်ကို ရန်ကုန်မြို့ရှိ ဟိုတယ်များတွင် အသုံးပြုရန်အတွက် ညွှန်ကြားထားပြီး တစ်နိုင်ငံလုံးလွှမ်းခြုံရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစနစ်ကို အသုံးပြုရန် လုပ်ဆောင်ခြင်းသည် ခရီးသွားဧည့်သည်များ၏ လုံခြုံရေးအတွက်အကျိုးရှိမည့်စနစ်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 24 June 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့တွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက် ည ၈ နာရီအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊ နမ့်ခမ်း-မူဆယ်သွားလမ်း၊ အမှတ်(၁)မန့်ခမ်းရပ် ကွက်တွင် မူဆယ်မှ နမ့်ခမ်းသို့ ခါးအောင် မောင်းနှင်လာသော TOYOTA HILUX REVO မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၂ သိန်း သိမ်းဆည်း ရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကွတ်ခိုင်မြို့နယ်မှ နမ့်ခမ်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1868 of 2143