Published: 20 December 2021

ဝါရှင်တန်(ရိုက်တာ)-

ကိုဗစ်ကပ်ရောဂါဘေးကြီးဟာ ၂၀၂၄ခုနှစ်အထိ ဆက်ပြီးရှိနေလိမ့်ဦးမယ်လို့ ဖိုင်ဇာက ဒီဇင်ဘာ ၁၇ရက်က ခန့်မှန်းလိုက်ပါတယ်။ အဲဒီအပြင်သူက အသက်(၂)နှစ်ကနေ (၄)နှစ်အတွင်း ထိုးနှံပေးဖို့ သူတို့ထုတ်လုပ်ထားတဲ့ ဆေးပမာဏနည်း ကာကွယ်ဆေးဟာ မျှော်မှန်းထားတာထက် ခုခံအားတုန့်ပြန်မှုနည်းပါးနေတာတွေ့ရတဲ့အတွက် ခွင့်ပြုချက်ရဖို့ ကြာနိုင်သေးတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

သူတို့ဟာ အသက်(၂)နှစ်နှင့်(၄)နှစ်ကြားအပါအဝင် အသက်၁၆နှစ်အောက် အသက်အရွယ်အားလုံးအတွက် သုံးကြိမ်ထိုးရတဲ့ ကာကွယ်ဆေးကို စမ်းသပ်နေတယ်လို့လည်း ပြောပါတယ်။

အဲဒီအသက်အုပ်စုအတွက် အချက်အလက်တွေ ဒီနှစ်မှာ ရလိမ့်မယ်လို့ အရင်က မျှော်မှန်းထားခဲ့ပါတယ်။ ဒါပေမယ့် အဲသလို နောက်ကျတာဟာ ၂၀၂၂ဒုတိယလေးလပတ်ထဲ အရေးပေါ်ခွင့်ပြုချက်လျှောက်ထားမယ့် မူလအစီအစဉ်အပေါ် အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ သူတို့ကဆိုပါတယ်။

“အချက်အလက်တွေဟာ အားမြှင့်ကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုတွေကို သရုပ်ပြသနေတယ်။ ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးတွေဟာ ဆေးသုံးလုံးထိုးမှုပုံစံမှာ အကောင်းဆုံးအလုပ်လုပ်တာတွေ့ရပါတယ်” လို့ ဖိုင်ဇာရဲ့ သိပ္ပံအရာရှိချုပ် မိုက်ကယ်လ်ဒိုစတန်က ကွန်ဖရင့်ခေါ်ဆိုမှုထဲမှာ ပြောကြားပါတယ်။

ဖိုင်ဇာဟာ ကာကွယ်ဆေးကို ဂျာမနီရဲ့ ဘိုင်အိုအင်န်တက်ခ်နှင့်အတူ ပူးတွဲထုတ်လုပ်တာပါ။ အလျင်အမြန်ကူးစက်နေတဲ့ အိုမီခရွန်မျိုးဗီဇကွဲကို တိုက်ခိုက်ဖို့ သီးသန့် ကာကွယ်ဆေးတစ်ခုကိုလည်း အဲဒီဆေးလိုအပ်ခြင်းရှိမရှိ မဆုံးဖြတ်ရသေးပေမယ့် သူတို့က ထုတ်လုပ်နေပါတယ်။ လာမယ့်နှစ် ဇန်နဝါရီမှာ လက်တွေ့စမ်းသပ်မှုတွေစတင်မယ်လို့ ဖိုင်ဇာရဲ့ အမှုဆောင်အရာရှိ တွေက ပြောထားပါတယ်။

လာမယ့်နှစ်မှာ ကာကွယ်ဆေးကနေ ကုမ္ပဏီ အနေနှင့် ဝင်ငွေ အမေရိကန်ဒေါ်လာ၃၁ဘီလီယံရရှိလိမ့်မယ်လို့ သူတို့က မျှော်မှန်းထားပါတယ်။ လာမယ့်နှစ်မှာ မျိုးဗီဇကွဲတစ်ခုခုကို သီးသန့်ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့လိုလာရင် ရောင်းအားက ထပ်တက်လာဦးမှာဖြစ်ပါတယ်။

ဖိုင်ဇာနှင့် ဘိုင်အိုအင်န်တက်ခ်တို့က အသက်(၅)နှစ်နှင့်(၁၁)နှစ်အကြားကလေးတွေအတွက် (၁၀) မိုက်ခရို ဂရမ်ကာကွယ်ဆေးနှင့် အသက်(၁၂)နှစ်နှင့်အထက်တွက် (၃၀) မိုက်ခရိုဂရမ်ကာကကွယ်ဆေးတွေ အသုံးပြုပြီးတဲ့နောက်မှာ ယခု  အသက်(၂)နှစ်နှင့်(၅)နှစ်ကြား ကလေးတွေအတွက် (၃) မိုက်ခရိုဂရမ်ကာကွယ်ဆေးကို စမ်းသပ်ခဲ့ပါတယ်။

အသက်(၆)နှစ်ကနေ (၂၄)လအကြား ကလေးတွေအတွက် ဆေးပမာဏနိမ့် ကာကွယ်ဆေးတွေဟာ ယခင်ကာကွယ်ဆေး ဟောင်းတွေလိုပဲ ခုခံအားတုန့်ပြန်မှု တစ်သတ်မတ်တည်းဖြစ်တာတွေ့ရတယ်လို့ ကုမ္ပဏီကပြောပါတယ်။

အကယ်၍ ဆေးသုံးလုံးမဟာဗျူဟာသာ အောင်မြင်ခဲ့မယ်ဆိုရင် ဖိုင်ဇာနှင့် ဘိုင်အိုအင်န်တက်ခ်တို့ဟာ ၂၀၂၂ ပထမနှစ်ဝက်မှာ ခြောက်လကနေ ငါးနှစ်အကြားကလေးတွေအတွက် အရေးပေါ်သုံးအဖြစ်ခွင့်ပြုဖို့ သက်ဆိုင်ရာအဏာပိုင်တွေထံ အချက်အလက်တွေတင်သွင်းလျှောက်ထားမယ်လို့သိရပါတယ်။