Published 20 December 2021

ကိုဗစ်ရောဂါကူးစက်ခံရပြီး ရောဂါလက္ခဏာမပေါ်တဲ့သူ

ဘယ်နှယောက်တောင်ရှိနေမလဲလို့ ကျန်းမာရေးတာဝန်ရှိသူတွေက သိချင်နေခဲ့တာကြာပါပြီ။

ဖျားနာခြင်းမရှိတဲ့သူတွေက ရောဂါစစ်ဆေးမှုပြုလုပ်လေ့ မရှိတာကြောင့် ရောဂါလက္ခဏာမပေါ်တဲ့သူအရေအတွက်ကို ကျွမ်းကျင်သူတွေက ခန့်မှန်းရုံသာပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့အခုဆိုရင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူ ၄၀ ရာခိုင်နှုန်းကျော်က ရောဂါလက္ခဏာမပြကြောင်း လေ့လာချက်အသစ်တွေမှာ တွေ့ရှိခဲ့တဲ့သတင်းကို JAMA Network Open ဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြထားပါတယ်။

၂၀၂၀ ဇန်နဝါရီမှ ၂၀၂၁ ဖေဖော်ဝါရီအတွင်း အာရှ၊ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိကနဲ့ အာဖရိကတို့မှ လူပေါင်းသန်း ၃၀ နီးပါးရဲ့ လေ့လာမှု ၉၅ ခုကို သုတေသီတို့က ကြည့်ရှုသုံးသပ်ခဲ့ကြပါတယ်။

ကိုဗစ်ရောဂါကူးစက်တဲ့ အသက် ၂၀ အောက်လူငယ်တွေမှာ ရောဂါလက္ခဏာမပြတဲ့ဦးရေက ၆၀ ရာခိုင်နှုန်းကျော်၊ အသက် ၂၀ မှ ၃၉ နှစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်းနီးပါး၊ အသက် ၄၀ မှ ၅၉ နှစ်ကြားမှာ ၃၂ ရာခိုင်နှုန်းကျော်နဲ့ အသက် ၆၀ အထက်လူကြီးတွေမှာ ၃၃ ရာခိုင်နှုန်း အသီးသီးတွေ့ရှိရပါတယ်။

"အချက်အလက်တွေအရ သက်ကြီးရွယ်အိုတွေမှာ ၃ ပုံ ၂ ပုံခန့်က လက္ခဏာပြလေ့ရှိပြီး အသက် ၂၀ မှ ၃၀ ကြားအရွယ်တွေမှာ ၃ ပုံ ၂ ပုံက ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒီလိုပုံစံမျိုးက အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ရောဂါတွေမှာ တွေ့မြင်နေကျဖြစ်ပါတယ်"လို့ UPMC ဓာတ်ခွဲခန်းမှ ဒေါက်တာအလန်ဝယ်စ်က ဆိုပါတယ်။

ရောဂါလက္ခဏာမပြတဲ့လူတွေထဲမှာ မိသားစုနေအိမ်တွေက သူနာပြုဝန်ထမ်းတွေ၊ ရေကြောင်းလမ်း လေကြောင်းလမ်းဖြင့် ခရီးသွားလာသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက အများဆုံးဖြစ်ကြောင်း တွေ့ရှိထားပါတယ်။

အဆိုပါလူတွေက ရောဂါလက္ခဏာမပေါ်တတ်ဘူးဆိုတာထက် မကြာခဏရောဂါစစ်ဆေးမှု ပြုလုပ်နေရတာကြောင့် ဖြစ်ပါတယ်။

မိသားစုနေအိမ်တွေက သူနာပြုတွေဆိုရင် ပုံမှန်ရောဂါစစ်ဆေးမှုပြုလုပ်ရသလို နိုင်ငံတကာလေကြောင်းလမ်းနဲ့ ရေကြောင်းလမ်းသွားလာသူတွေကလည်း မသွားခင်မှာ ရောဂါပိုးစစ်ဆေးရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း ဆရာဝန်နဲ့ပြတိုင်း စစ်ဆေးမှုပြုလုပ်ရပါတယ်။

"လူတိုင်းညီတူညီမျှ တိုင်းတာစစ်ဆေးနိုင်မယ့် အစီအစဉ်တွေချမှတ်နိုင်ရင် ရောဂါလက္ခဏာမပြတဲ့သူတွေ ပိုမိုတွေ့ရှိနိုင်မှာဖြစ်ပါတယ်"လို့ အလန်ဝယ်စ်က ဆိုပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းက ရောဂါလက္ခဏာမပြတာဟာ စမ်းသပ်ရရှိတဲ့လူဦးရေရဲ့ ၀.၂၅ ရာခိုင်နှုန်းသာရှိပါတယ်။

"စမ်းသပ်ရရှိတဲ့လူဦးရေက ၀.၂၅ ရာခိုင်နှုန်းပဲဆိုတော့ သိပ်များတယ်လို့မထင်ရပါဘူး။ ဒါပေမဲ့ ကမ္ဘာပေါ်က သန်းပေါင်းများစွာသောလူဦးရေနဲ့ တွက်ကြည့်မယ်ဆိုရင်တော့ လက္ခဏာမပေါ်ဘဲ ရောဂါဗိုင်းရပ်စ်ပိုးကူးစက်သူတွေ အများအပြားရှိနေလောက်တယ်"လို့ ကူးစက်ရောဂါခုခံအားပညာရှင် မာ့ခ်ကမ်မရွန်က ပြောကြားလိုက်ပါတယ်။

Source: USA Today