#WorldHealth

Published -  19 December 2021

အသက် ၅ နှစ်မှ ၁၁ နှစ်ကြားအရွယ် ကလေးတွေကို ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့ရာ ကလေးငယ် ၈ ဦးက နှလုံးကြွက်သားရောင်ရမ်းခြင်းကို ခံစားနေရတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

အရင်က CDC ရဲ့တင်ပြချက်အရ အသက် ၁၆ နဲ့ ၁၇ နှစ်အရွယ် ယောက်ျားလေးအယောက် ၁ သန်းမှာ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရင် ၆၉ ဦးက နှလုံးကြွက်သားရောင်ရမ်းခြင်းဖြစ်ပေါ်နိုင်ပြီး အသက် ၁၂ မှ ၁၅ နှစ်အရွယ် ယောက်ျားလေးအယောက် ၁ သန်းမှာ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရင် အယောက် ၄၀ က နှလုံးကြွက်သားရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

CDC က ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းနဲ့ နှလုံးကြွက်သားရောင်ရမ်းခြင်း ကိစ္စက ဆက်စပ်နေသလားဆိုတာကို မပြောပြထားသလို ကာကွယ်ဆေးမထိုးထားတဲ့ ကလေးတွေမှာ နှလုံးကြွက်သားရောင်ရမ်းခြင်း ဖြစ်ပေါ်နိုင်မှုနှုန်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

အဆိုပါအချက်အလက်တွေကို လေ့လာတဲ့အချိန်မှာ အသက် ၅ နှစ်မှ ၁၁ နှစ်ကြားအရွယ် ကလေးတွေအယောက် ၇ သန်းကာကွယ်ဆေးထိုးထားပြီဖြစ်ပြီး ပထမအကြိမ်ထိုးနှံသူ ၅.၁ သန်းရှိကာ ဒုတိယအကြိမ်ထိုးနှံသူ ၂ သန်းရှိခဲ့ပါတယ်။

နှလုံးကြွက်သားရောင်ရမ်းခြင်း လက္ခဏာခံစားနေရတဲ့ ကလေးတွေမှာ လက္ခဏာအပျော့စားသာ တွေ့ရကြောင်း CDC က ဆိုပါတယ်။ဒီဖြစ်ရပ်တွေကို အမေရိကန်မှ ကာကွယ်ဆေးနောက်ဆက်တွဲဆိုးကျိုးများကို လေ့လာနေတဲ့အဖွဲ့အစည်းကို သတင်းပေးပို့ခဲ့ပြီး CDC ကလည်း အကြံပေးပညာရှင်အဖွဲ့ထံ တင်ပြထားပါတယ်။
Source: Reuters