#WorldHealth

Published - 11 December 2021

ကိုဗစ်ရောဂါကုသရာမှာ အသုံးပြုနိုင်တဲ့ဆေးကို တရုတ်ဆေးဝါးအာဏာပိုင်တွေက ပထမဆုံးအနေနဲ့ အသိအမှတ်ပြုလိုက်ပြီး ရောဂါပြင်းထန်နိုင်မယ့်ကိုဗစ်လူနာတွေမှာ ဆေးရုံတက်ကုသရမှုနဲ့ သေဆုံးမှုနှုန်းကို သိသိသာသာလျှော့ချပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။

ကမ္ဘာတဝန်းမှာလည်း ရောဂါပြင်းထန်နိုင်ချေရှိတဲ့သူတွေမှာ ကိုဗစ်ရောဂါကုသဆေးပေးဖို့ ခွင့်ပြုလိုက်ကြပြီဖြစ်ပါတယ်။တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေးတွေဟာ အခြားနိုင်ငံတွေကထုတ်တဲ့ ကာကွယ်ဆေးတွေလောက် ထိရောက်မှုမရှိဘူးလို့ တွေ့ရှိချက်အများအပြား ထွက်ပေါ်ထားပါတယ်။

ကိုဗစ်ရောဂါကုသဖို့အတွက် monoclonal antibody ကုသနည်းကို အသိအမှတ်ပြုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

Monoclonal antibody က ကိုရိုနာဗိုင်းရပ်စ်ရဲ့ spike protein ကို တွယ်ကပ်ချိတ်ဆက်လိုက်ပြီး ခန္ဓာကိုယ်ဆဲလ်တွေထဲ ဗိုင်းရပ်စ်မဝင်ရောက်နိုင်အောင် ပြုလုပ်ပေးပါတယ်။
အဲဒီကုသနည်းကို ဆင်ဟွာတက္ကသိုလ်နဲ့ Brii Biosciences တို့က ပူးပေါင်းထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

စမ်းသပ်ချက်တွေအရ ထိုကုသနည်းဟာ ရောဂါပြင်းထန်နိုင်တဲ့လူနာတွေမှာ ဆေးရုံတက်ကုသရမှုနဲ့ အသက်သေဆုံးမှုကို ၈၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း ဆင်ဟွာတက္ကသိုလ်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်က ဗြိတိန်မှာ antibody ကုသနည်းကို အသိအမှတ်ပြုခဲ့ပြီဖြစ်ပြီး တရုတ်နိုင်ငံက အခုနောက်ဆုံး အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ပွားနှုန်းကို လျှော့ချကာ ရောဂါခံစားရမှုကို သက်သာစေတဲ့ ကိုဗစ်သောက်ဆေးတွေကိုလည်း ဥရောပသမဂ္ဂမှ ကျန်းမာရေးတာဝန်ရှိသူတွေက အသိအမှတ်ပြုထားပါတယ်။

သောက်ဆေးတွေက အသုံးပြုရတာ ပိုမိုလွယ်ကူပေမယ့် ကိုဗစ်ရောဂါကုသရာမှာ လက်ရှိအထိရောက်ဆုံးနည်းလမ်းကတော့ သွေးသွင်းပြီးပေးရတဲ့ monoclonal antibody ကုသနည်းပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အသိအမှတ်ပြုကာကွယ်ဆေးတွေရှိပေမယ့် အခြားနိုင်ငံတွေက ကာကွယ်ဆေးတွေထက်စာရင် ထိရောက်မှုနည်းပါးနေပါသေးတယ်။

ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးမှာ တွေ့ရှိထားတဲ့ အချက်အလက်တွေအရ ဘိုင်အိုအင်န်တက်ခ်ကာကွယ်ဆေး ထိုးထားတဲ့သူတွေဟာ တရုတ်ရဲ့ ဆိုင်နိုဗက်ကာကွယ်ဆေးထိုးထားတဲ့ သူတွေထက် antibody ခုခံအား သိသိသာသာ ပိုများကြောင်း ပြီးခဲ့တဲ့လက ဖော်ပြထားပါတယ်။

ဟောင်ကောင်မှာ ဆိုင်နိုဗက်ကာကွယ်ဆေးထိုးထားတဲ့ ပြည်သူတွေကို တတိယအကြိမ်ကာကွယ်ဆေးထိုးဖို့ မှာကြားထားပါတယ်။

Source: France24.