#WorldHealth

Published - 11 December 2021

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းက ကိုဗစ်ရောဂါကြောင့် အသက်သေဆုံးနိုင်မှုကို ၉၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း အစ္စရေးလ်မှာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အသက် ၅၀ အထက်လူတွေမှာ ဖိုင်ဇာကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းက ဘယ်လောက်အထိ ထိရောက်မှုရှိသလဲဆိုတဲ့ ကလဲလစ်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းရဲ့ စမ်းသပ်တွေ့ရှိချက်ကို နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

တတိယအကြိမ်ကာကွယ်ဆေး ထိုးနှံထားတဲ့သူတွေဟာ နှစ်ကြိမ်သာထိုးနှံထားတဲ့သူတွေနဲ့ယှဉ်ရင် ကိုဗစ်ရောဂါကြောင့် အသက်သေဆုံးမှု ၉၀ ရာခိုင်နှုန်းလျော့နည်းကြောင်း၊ အမျိုးသားတွေမှာ ၈၈ ရာခိုင်နှုန်းလျော့နည်းပြီး အမျိုးသမီးတွေမှာ ၉၄ ရာခိုင်နှုန်းလျော့နည်းကြောင်း တွေ့ရှိရပါတယ်။

"ကျွန်တော်တို့ရဲ့ လေ့လာချက်တွေထဲမှာ booster အားမြှင့်ကာကွယ်ဆေးထိုးခြင်းက ဒယ်လ်တာမျိုးဗီဇကွဲအပါအဝင် ကိုရိုနာဗိုင်းရပ်စ်တွေကြောင့် အသက်သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပါတယ်"လို့ ဦးဆောင်လေ့လာခဲ့တဲ့ ဒေါက်တာဒိုရွန်နက်ဇာက ဆိုပါတယ်။

အစ္စရေးလ်မှာ စတုတ္ထလှိုင်းရဲ့ အဓိကကူးစက်မှုတွေက ဒယ်လ်တာမျိုးဗီဇကွဲကြောင့်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံလို့ ၆ လကျော်ကြာသွားတဲ့အခါ ကာကွယ်ဆေးထိရောက်မှု လျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးလို့ ၅ လကျော်သွားပြီးတဲ့သူတွေကို တတိယအကြိမ်ထိုးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန် FDA အဖွဲ့က ကိုဗစ်ရောဂါပြင်းထန်စွာခံစားရနိုင်ချေ ရှိတဲ့သူတွေနဲ့ အသက် ၆၅ နှစ်အထက်လူတွေမှာသာ တတိယအကြိမ်ကာကွယ်ဆေးထိုးဖို့ အသိအမှတ်ပြုခဲ့ပြီးနောက် အခုအခါအစ္စရေးလ်တို့က အရွယ်ရောက်ပြီးသူအားလုံးမှာ တတိယအကြိမ်ထိုးနှံဖို့ ညွှန်ကြားထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲပေါ်ထွက်လာပြီးနောက်ပိုင်း တတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေကြပါတယ်။
ဖိုင်ဇာကုမ္ပဏီက သူတို့ရဲ့ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံခြင်းက မျိုးဗီဇကွဲအသစ်ကိုပါ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာထားပါတယ်။
ဒါပေမဲ့လည်း တကယ့်လက်တွေ့မှာ ထိရောက်မှုရှိမရှိကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

"ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေက အစ္စရေးလ်နိုင်ငံနဲ့ တတိယအကြိမ်ကာကွယ်ဆေးထိုးဖို့ မဆုံးဖြတ်ရသေးတဲ့ နိုင်ငံတွေအတွက် အရေးကြီးတဲ့လေ့လာတွေ့ရှိချက်တွေ ဖြစ်ပါတယ်"လို့ ဒေါက်တာနက်ဇာက ပြောကြားသွားပါတယ်။
Source: The Jerusalem Post.