#WorldPolitics

Published-  11 December 2021

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ပြီး တရုတ်နဲ့ရင်းရင်းနှီးနှီးဆက်ဆံလာတာကြောင့် ကမ္ဘောဒီးယားနိုင်ငံကို အမေရိကန်တို့က လက်နက်ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့တဲ့အခါမှာတော့ ကမ္ဘောဒီးယားမှာရှိတဲ့ အမေရိကန်ထုတ်စစ်လက်နက် ပစ္စည်းမှန်သမျှကို ဖျက်ဆီးပစ်ဖို့ ကမ္ဘောဒီးယားစစ်တပ်ကို ဝန်ကြီးချုပ်ဟွန်ဆန်က ဒီဇင်ဘာ ၁၀ ရက်နေ့က အမိန့်ပေးလိုက်ပါ တယ်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့တဲ့အပြင် တရုတ်တို့ပါဝင်ပတ်သက်နေတယ်လို သံသယရှိခဲ့တာကြောင့် အမေရိကန်က ကမ္ဘောဒီးယားကို ဗုဒ္ဓဟူးနေ့က လက်နက်ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဌာနက ကမ္ဘောဒီးယားစစ်တပ်နဲ့ ထောက်လှမ်းရေးတွေရဲ့ စစ်လက်နက်တွေနဲ့ နည်းပညာတွေကို ကန့်သတ်ပိတ်ပင်အရေးယူခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အမေရိကန်လက်နက်ပစ္စည်းတွေက ဘာမှအရေးမပါဘူးလို့ သောကြာနေ့က ဆိုခဲ့ပါတယ်။"ကမ္ဘောဒီးယားနိုင်ငံအတွင်း လက်ရှိကျန်နေတဲ့ စစ်လက်နက်ပစ္စည်းတွေအကုန်လုံးကို ရှာဖွေစစ်ဆေးဖို့ တပ်ဖွဲ့အားလုံးကို ညွှန်ကြားထားပါတယ်။ သိမ်းဆည်းထားတဲ့ အမေရိကန်ထုတ်လက်နက်ပစ္စည်းမှန်သမျှကို ဖျက်ဆီးပစ်ရမယ်"လို့ ဟွန်ဆန်က ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။

"အမေရိကန်က လက်နက်ပိတ်ဆို့အရေးယူတာ တွေ့တဲ့အတိုင်းပါပဲ။ နောင်အခါ ကမ္ဘောဒီးယားကိုဦးဆောင်မယ့် အစိုးရအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တယ်ဆိုရင် အမေရိကန်လက်နက်တွေကို အသုံးမပြုကြပါနဲ့။ အမေရိကန်ထုတ်လက်နက်တွေသုံးတဲ့သူတွေက စစ်ပွဲမှာရှုးတာတွေချည်းပဲ" လို့ ဆိုပါတယ်။

နိုဝင်ဘာလက ကမ္ဘောဒီးယားအရာရှိနှစ်ဦးကို ရင်းမ်ရေတပ်စခန်းမှာ အကျင့်ပျက်ခြစားမှုကြောင့် အမေရိကန်က အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါတယ်။ဟွန်ဆန်က ကမ္ဘောဒီးယားမှာ နှစ်ပေါင်းများစွာတိုင်အောင် အုပ်ချုပ်လာခဲ့ပြီး တရုတ်နဲ့ အရင်းနှီးဆုံးမဟာမိတ်နိုင်ငံဖြစ်နေပါတယ်။

အမေရိကန်က ငွေကြေးတစ်စိတ်တစ်ပိုင်းဖြင့် ထောက်ပံ့ထားပြီး စစ်ကြောင်းလေ့ကျင့်ရေးများ ပြုလုပ်ရာစခန်းဖြစ်တဲ့ ရင်းမ်ရေတပ်စခန်းက အဆောက်အဦစီမံကိန်းတွေကိုလည်း ကမ္ဘောဒီးယားအစိုးရက ဖျက်သိမ်းခဲ့ပါတယ်။

တရုတ်တို့ပါဝင်ပတ်သက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ကမ္ဘောဒီးယားတို့ရဲ့ ဆက်ဆံရေးဟာလည်း ဆိုးရွားလာခဲ့ပါတယ်။အဆိုပါရေတပ်စခန်းမှာ တရုတ်စစ်တပ်ကို နေရာချပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဟွန်ဆန်က ထပ်ခါထပ်ခါငြင်းဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်တို့မှာ နယ်မြေချဲ့ထွင်မှုများ အရှိန်မြှင့်ပြုလုပ်လာပြီး အာရှနိုင်ငံအများအပြားနဲ့ တင်းမာမှုများရှိနေပေမယ့် ကမ္ဘောဒီးယားကတော့ တရုတ်မဟာမိတ်အဖြစ် ရုပ်လုံးပေါ်လာခဲ့ပါတယ်။
Source: CNA