#Local_News
Published 16 January 2024
၂၀၂၄ ခုနှစ် နိုင်ငံတကာ အိမ်မွေးတိရစ္ဆာန် အလှအပရေးရာအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲနှင့် အိမ်မွေးတိရစ္ဆာန်ပွဲတော် (International Grooming Certification & Pet Fair Myanmar 2024) ကို ရန်ကုန်တိုင်းဒေသကြီး၊ သုဝဏ္ဏ မြို့နယ်၊ Zawana Stadium ၌ ဖေဖေါ်ဝါရီ ၃ ရက်နှင့် ၄ ရက်တွင် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပသွား မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ထံက သိရသည်။
အဆိုပါ အိမ်မွေးတိရစ္ဆာန် အလှအပရေးရာအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့်အိမ်မွေး တိရစ္ဆာန်ပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပွဲတော်အတွင်းခွေးနှင့်ကြောင်များသာ ခေါ်ယူလာခွင့်ရှိပြီး ကိုက်တတ်သော၊ ရန်မူတတ်သော ခွေး၊ ကြောင်လေး များကို ခေါ်ယူလာခြင်းမပြုရန် မေတ္တာရပ်ခံထားကာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက emergency vet corner ထားရှိ၍ အရေးပေါ်ကုသနိုင်ရန်စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
International Grooming Certification ဝင်ရောက်ဖြေဆိုသူ Groomer များအနေဖြင့် စာမေးပွဲဖြေဆိုမည့် ခေါင်းစဉ် များကို International Groo-ming Certification & Pet Fair Myanmar Facebook Page တွင် ဝင်ရောက်လေ့လာနိုင်သည်။
အဆိုပါပွဲတော်ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် SuperGroom International Grooming Certification ပေးအပ်မည့်ပွဲဖြစ်ပြီး Malaysia နိုင်ငံအခြေစိုက် SuperGroom အဖွဲ့အစည်းအနေဖြင့် နိုင်ငံတကာ၌ ၁၂ ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
Main Orga-nizer ဖြစ်သည့် Mandalay Pet Shop, Hotel, Spa & Clinic နှင့် Co-organizer အဖြစ် ဘိုမ, Bo Ma Pet Grooming and Spa တို့မှ ပူးပေါင်းစီစဉ်မှု၊ SuperGroom အဖွဲ့အစည်း ကူညီပံ့ပိုးမှုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #နိုင်ငံတကာအိမ်မွေးတိရစ္ဆာန်ပွဲတော်ကျင်းပ #YMG/LW #Yangon_Times
#Local_News
Published 16 January 2024
ဂျပန်နိုင်ငံရှိစက်ရုံနှင့် အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် မြန်မာလုပ်သား ၅၉၀ကျော်ကို ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး ထုတ်ပြန်ထားသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ ဇန်နဝါရီလ (၁)ရက်မှ ဇန်နဝါရီလ (၁၅)ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၁၉၀) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဂျပန်ကုမ္ပဏီများက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှတဆင့်ကမ်းလှမ်းလာသည့် အလုပ်ကမ်းလှမ်းစာ(၁၉၀) ခုအတွက် အလုပ်သမား (၅၉၂) ဦး ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာသံရုံး အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့်ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
#Local_News မြန်မာလုပ်သား ၅၉၀ကျော်ထပ်မံခေါ်ယူ #YMG/LW #Yangon_Times
#Local_News
Published_ 16 January 2024
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ဇန်နဝါရီ ၁၅ ရက်တွင် ဘရူနိုင်းသံရုံး၌ ကျင်းပခဲ့သည့် (၁၂၂) ကြိမ်မြောက် အာဆီယံ-နယူးဒေလီ ကော်မတီ (ASEAN New Delhi Committee - ANDC) အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေး၌ ANDC အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းသံအမတ်ကြီး H.E. Mr. Dato Alaihuddin Mohd Taha က တာဝန်ယူခဲ့သည့်ကာလအတွင်း ANDC ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက်အာဆီယံသံအမတ်ကြီးများမှ အာဆီယံ-နယူးဒေလီ ကော်မတီအနေဖြင့် အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ အကြား စီးပွားဆက်သွယ်မှု လွယ်ကူချောမွေစေရေးတို့ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြပါတယ်။
အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ အာဆီယံသံအမတ်ကြီးများမှ ၂၀၂၃ ခုနှစ်၊ ဒုတိယ နှစ်ဝက်ကာလအတွက် ANDC ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဘရူနိုင်း သံအမတ်ကြီးအား ကျေးဇူးတင် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက် ကာလအတွက် ANDC အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယား သံအမတ်ကြီး H.E. Mr. Koy Kuong မှ တာဝန်ကို လွှဲပြောင်းလက်ခံခဲ့ပါတယ်။
မြန်မာသံအမတ်ကြီးက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ အကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား အပြန် အလှန် သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ပါတယ်။
#Local_News #အာဆီယံ-နယူးဒေလီ #မြန်မာသံအမတ်ကြီးတက်ရောက် #Ymg_mnn #Yangon_Media_Group
#World_News
Published 16 January 2024
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက တောင်ကိုရီးယားကို အဓိကရန်သူအဖြစ် အသေအချာသတ်မှတ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တစ်ရပ်ကို တနင်္လာနေ့က တောင်းဆိုလိုက်ပြီး မြောက်ကိုရီးယားက စစ်ပွဲဖြစ်လာအောင် ဖန်တီးနေတာမဟုတ်ပေမယ့် အဲဒီလိုပြောလိုက်လို့ စစ်ပွဲကို ရှောင်ရှားဖို့လည်း မရွယ်ရည်ဘူးလို့ သတိပေးလိုက်ကြောင်း KCNA သတင်းဌာနက အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။
မြောက်ကိုရီးယား ပါလီမန်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားရာ တောင်ကိုရီးယားနဲ့ ပေါင်းစည်းရေးက မဖြစ်နိုင်တော့ကြောင်း၊ တောင်ကိုရီးယားက အစိုးရအုပ်ချုပ်ရေး ပြိုလဲစေရန်နဲ့ လက်ဝါးကြီးအုပ် ပေါင်းစည်းရန် ကြိုးပမ်းနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
နှစ်နိုင်ငံ ပေါင်းစည်းရေးနဲ့ ခရီးသွားကဏ္ဍတို့နဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်း ၃ ခုကို ရုပ်သိမ်းသွားမယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
မြောက်ကိုရီးယားမှ ဒုံးကျည်စမ်းသပ်မှု အမြောက်အများ ပြုလုပ်နေပြီး တောင်ကိုရီးယားနဲ့ ပတ်သက်လို့ ဆက်ဆံရေးအခြေအနေ ပြောင်းလဲရန်နဲ့ ဆယ်စုနှစ်တွေတိုင်အောင် တည်ရှိနေခဲ့တဲ့ မူဝါဒပိုင်းတွေကို မြောက်ကိုရီးယားက ချိုးဖျက်ဖို့ ကြိုးပမ်းနေတာတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုများ မြင့်တက်နေချိန်မှာ ကင်မ်ဂျုံအန်းက ယခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ ဆက်ဆံရေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်တာဝန်ယူသွားဖွယ်ရှိပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စစ်ပွဲမှာ တောင်ကိုရီးယားအပေါ် နျူကလီးယားလက်နက်များ အသုံးပြုခြင်းကို အကျိုးသင့်ညှိနှိုင်းပေးသွားနိုင်တယ်လို့ ဆန်းစစ်လေ့လာသူများက ဆိုလိုက်ပါတယ်။
အခြေခံဥပဒေထဲမှာ တောင်ကိုရီးယားကို နံပါတ် ၁ ရန်သူလို့ သတ်မှတ်ရန် တောင်းဆိုထားကာ စစ်ပွဲဖြစ်ပွားပါက တောင်ကိုရီးယားဘက်က အကျအဆုံးများနိုင်ပြီး အမေရိကန်အတွက် ဆုံးရှုံးမှုအလွန်များစေလိမ့်မယ်လို့ KCNA မှာ ဖော်ပြထားပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်ပွားပါက ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တောင်ကိုရီးယားကို ပြန်လည်သိမ်းပိုက်ခြင်း၊ မြောက်ကိုရီးယားဘက်သို့ ပေါင်းစည်းခြင်းလို့သာ သတ်မှတ်သင့်တယ်လို့ ကင်မ်ဂျုံအန်းက ဆိုပါတယ်။
အမေရိကန်အခြေစိုက် ၃၈ မြောက်စီမံကိန်းအတွက် အစီရင်ခံစာမှာ ကိုရီးယားကျွန်းဆွယ်ရဲ့ လက်ရှိအခြေအနေက ၁၉၅၀ ဇွန်လက အခြေအနေတွေထက် ပိုပြီးအန္တရာယ်များနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိဟောင်း ရောဘတ်ကာလင်နဲ့ နျူကလီးယား သိပ္ပံပညာရှင် ဆစ်ဖရိုင်းဟက်ကာတို့က ပြောကြားလိုက်ပါတယ်။
ကင်မ်ဂျုံအန်းက ၁၉၅၀ က သူ့အဘိုးလိုပဲ စစ်ပွဲဖြစ်လာနိုင်တဲ့ ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်ကြောင်း၊ ဘယ်အချိန်မှာ ထဖြစ်မလဲဆိုတာ မသိရကြောင်း၊ အမေရိကန် တောင်ကိုရီးယား ဂျပန်တို့မှာ မြောက်ကိုရီးယားရန်စတာနဲ့ ပတ်သက်ပြီး သာမန်သတိပေးချက်တွေထက် စစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်က ကျော်လွန်နေပြီဖြစ်ကြောင်း ဖော်ပြထားကြပါတယ်။
အချို့လေ့လာသူတွေကတော့ အဆိုပါ ပြောင်းလဲမှုတွေဟာ လက်တွေ့အမှန်တရားကိုသာ ဖော်ပြနေပြီး ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးပြန်လည်သင့်မြတ်ရန် အထောက်အကူ ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။
#World_News #တောင်ကိုရီးယားကိုနိုင်ငံ၏အဓိကရန်သူ #ဖွဲ့စည်းပုံအခြေခံဥပဒေ #Source: Reuters
#Local_News
Published_ 16 January 2024
မလေးရှားနိုင်ငံ တရားသူကြီးချုပ်၏ ဖိတ်ကြားချက်အရ ကွာလာလမ်ပူမြို့ မြန်မာသံရုံး၊ သံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံ၊ ပူထရာဂျာယာရှိ Putrajaya International Convention Center ၌ ဇန်နဝါရီ ၁၅ရက်တွင် ကျင်းပပြုလုပ်တဲ့ မလေးရှားတရားစီရင်ရေးနှစ် ၂၀၂၄ ဖွင့်လှစ်ပွဲအခမ်းအနား သို့ အာဆီယံသံအမတ်ကြီးများ နှင့်အတူ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် မလေးရှားနိုင်ငံ ရှေ့နေများကောင်စီဥက္ကဋ္ဌ Datuk Ahmad Terrirudin Mohd Salleh ၊ မလေးရှားနိုင်ငံရှေ့နေချုပ် Ms. Karen Cheah Yee Lyn နှင့် မလေးရှားနိုင်ငံ တရားသူကြီးချုပ် Tengku Maimun Tuan Mat တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ကြပါတယ်။
အခမ်းအနားသို့ မလေးရှားနိုင်ငံရှိ ပြည်ထောင်စုတရားရုံး၊ အယူခံတရားရုံးများနှင့် High Court အသီးသီးတို့မှ တရားသူကြီးများ၊ မှတ်ပုံတင်အရာရှိများနှင့် မလေးရှား အောက်လွှတ်တော်၊ လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး #အခမ်းအနားတက်ရောက် #Ymg_mnn #Yangon_Media_Group
#Local_News
Published_ 16 January 2024
မန္တလေး၊ မိုးကုတ်နှင့် ပြင်ဦးလွင်မြို့များတွင် အခြေချနေထိုင်သည့် ကိုးကန့်တိုင်းရင်းသား မိသားစုများကဘုရားစေတီပုထိုးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးသည့်လုပ်ရပ်များအပေါ်ကန့်ကွက်ရှုတ်ချကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာကိုးကန့်ဓမ္မာရုံမှ ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသရှိ အများပြည်သူ ကြည်ညိုကိုးကွယ်နေသည့် ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားရာ ဘုရားစေတီအား MNDAA အဖွဲ့ ဝင်တစ်ဦးက သံတူဖြင့်ထု၍ ဖျက်ဆီးနေသည့် ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များ စိတ်မချမ်းမြေ့ဖွယ်ရာတွေ့ရှိရသဖြင့် ဘုရားစေတီပုထိုးနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံများကို ဖျက်ဆီးသည့် လုပ်ရပ်များသည် အမျိုးဘာသာသာသနာညှိုးနွမ်းထိခိုက်စေရန် ဆောင်ရွက်ခြင်းဖြစ်၍ မန္တလေး၊ မိုးကုတ်၊ ပြင်ဦးလွင်မြို့များတွင် အခြေချနေထိုင်လျက်ရှိသော ဗုဒ္ဓဘာသာ ကိုးကန့်တိုင်းရင်းသား မိသားစုအားလုံးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။
လောက်ကိုင်တွင် စေတီတစ်ဆူကို MNDAA အဖွဲ့ဝင်တစ်ဦးက ဖျက်ဆီးနေသော ဗီဒီယိုဖိုင်အွန်လိုင်းတွင် ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ MNDAA အဖွဲ့က လွန်စွာတောင်းပန်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ ဆင်ဦးကင်းတောင်ကုန်း (ပွိုင့် ၂၂၀၂)တွင် တည်ထားကိုးကွယ်သည့် စေတီတစ်ဆူအား MNDAA အဖွဲ့ဝင်တစ်ဦးက သံတူဖြင့် ရိုက်နှက်ဖြိုဖျက်နေသည့် ရုပ်သံဖိုင်လူမှုကွန်ရက်တွင် ဇန်နဝါရီ ၈ ရက်က ပျံ့နှံ့ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ကန့်ကွက်ဆန္ဒပြပွဲများရှိခဲ့ကြောင်း သိရသည်။
#Local_News #ဘုရားစေတီပုထိုးဖျက်ဆီး #ရှုတ်ချကြောင်းထုတ်ပြန် #Yangon_Times #Yangon_Media_Group
Published 16 January 2024
နွားတွေ ကိုယ်ဝန်မွေးဖွားတော့မလားဆိုတာကို မွေးမြူသူများ သိရှိစေနိုင်မယ့် လူလုပ်အသိဉာဏ်တု AI နည်းပညာသုံးထားတဲ့ စနစ်တစ်ခုကို Nikon ကော်ပိုရေးရှင်းက ထုတ်လုပ်လိုက်ပါတယ်။
မွေးမြူရေးခြံတွေမှာ ကင်မရာများ တပ်ဆင်ပြီး နွားတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်သုံးသပ်နေတဲ့ စနစ်ဖြစ်ပါတယ်။
ဒီနည်းပညာကို ဂျပန်မှာ ယခုလအတွင်း ရောင်းချသွားမှာဖြစ်ပြီး မွေးဖွားခါနီး နွားမတွေကို ပုံမှန်စစ်ဆေးရေး လုပ်ဖို့လိုအပ်တဲ့ မွေးမြူသူများအတွက် အလုပ်တာဝန် လျှော့ချသွားနိုင်မှာဖြစ်ကာ ပိုမိုထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
နွားအကောင်ရေ ၁၀၀ ရှိတဲ့ခြံအတွက် တစ်နှစ်ကို ဒေါ်လာ ၆၂၀၀ ခန့် ကျသင့်မှာဖြစ်ပါတယ်။
နွားပေါက်လေး မွေးခါနီးပြီဆိုရင် သက်ဆိုင်ရာ စမတ်ဖုန်းအက်ပ်လီကေးရှင်းကနေ မွေးမြူသူကို အချက်ပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ထားတဲ့ နွားမတစ်ကောင်ဟာ မမွေးခင် ၅ နာရီလောက်အလိုမှာ သိသိသာသာ လက္ခဏာတွေ ပြလာပါတယ်။
AI အတွက် အချက်အလက်များ စုဆောင်းရေးကို ၂၀၂၁ ကတည်းက လုပ်ဆောင်နေခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီကစပြီး ကူမာမိုတိုစီရင်စုပြည်နယ်ရှိ ခြံ ၄ ခြံမှာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။
နွားမတစ်ကောင် အခြားအပြုအမူမျိုး ပြုလုပ်နေတာကိုလည်း သိရှိနိုင်စေမယ့် နည်းပညာကို အနာဂတ်မှာ ပြုလုပ်သွားဖွယ်ရှိတယ်လို့ Nikon အရာရှိ ကာဇူဟီရိုဟီရာနိုက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မွေးမြူရေးသမားတစ်ဦးဖြစ်တဲ့ ကီတာဟီဂူချီက ဒီနည်းပညာရဲ့ အသုံးဝင်မှုကို သဘောကျနေပါတယ်။
တစ်နှစ်အတွင်း နွားအကောင်ရေ ၆၀ လောက် မွေးနေရကြောင်း၊ မမွေးခင် တစ်လအလိုလောက်ကတည်းက မကြာမကြာ စစ်ဆေးနေရကြောင်း၊ ဒီနည်းပညာက အလွန်အသုံးဝင်ကြောင်း ပြောပြသွားပါတယ်။
Source: Kyodo News.
#World_Technology
#Published_ 16 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 16 January 2024
လုံလောက်စွာ အိပ်စက်ဖို့က အလုံးစုံကျန်းမာရေးအတွက် အရေးကြီးပါတယ်။
ခန္ဓာကိုယ် အနားယူ ပြုပြင် သက်သာလာစေရန် အိပ်စက်ခြင်းလိုအပ်သလို ခန္ဓာကိုယ်တွင်း စနစ်များစွာအတွက် အကျိုးကျေးဇူးများ ရှိနေပါတယ်။
သာမန်အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို အိပ်ချိန် ၇ နာရီမှ ၉ နာရီရှိရန် လိုအပ်ပြီး အိပ်ရေးပျက်တာများလာပါက ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်လာစေပါတယ်။
အိပ်ချိန်မလုံလောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့ …
(၁) မှတ်ဉာဏ်ပိုင်း၊ အသိဉာဏ်ပိုင်းမှာ ထိခိုက်လာကာ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ လုပ်ကိုင်နိုင်စွမ်း မရှိခြင်းတို့ ဖြစ်လာစေပါတယ်။
(၂) စိတ်နဲ့ကိုယ်မကပ်ခြင်း၊ တုန့်ပြန်မှု အားနည်းခြင်းတို့ဖြစ်ကာ ယာဥ်မောင်းနေစဥ် စက်ပစ္စည်းများမောင်းနှင်နေစဥ် အခြားအန္တရာယ်ရှိ အလုပ်များလုပ်နေစဥ်မှာ မတော်တဆဖြစ်နိုင်ခြေ များပါတယ်။
(၃) အိပ်ရေးပျက်တာများလာပါက ကိုယ်ခံအားစနစ် ကျဆင်းစေပြီး ရောဂါပိုး ကူးစက်ဝင်ရောက်တတ်ပါတယ်။
(၄) စိတ်အပြောင်းအလဲ ဖြစ်တတ်ကာ ဆတ်ဆတ်ထိမခံခြင်း၊ ပူပန်သောကဖြစ်ခြင်း၊ စိတ်ကျန်းမာရေး အခြေအနေတို့ ဖြစ်နိုင်ခြေ များပါတယ်။
(၅) အိပ်ရေးပျက်ခြင်းကြောင့် ဆာလောင်စိတ်နဲ့ ဟော်မုန်းမျှခြေကို ထိခိုက်စေကာ မကျန်းမာစေတဲ့ အစားအစာများ ပိုစားမိပြီး ကိုယ်အလေးချိန် တက်လာစေပါတယ်။
(၆) နှလုံးသွေးကြောရောဂါများ၊ ဆီးချို၊ ကင်ဆာတို့လို နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
(၇) သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်စွမ်းကို ထိခိုက်စေကာ အင်ဆူလင်မတိုးခြင်းနဲ့ ဆီးချိုရောဂါတို့ ဖြစ်လာနိုင်ပါတယ်။
(၈) ဆာလောင်စိတ်ကို ထိန်းချုပ်ခြင်း၊ ဖိစီးမှုတုန့်ပြန်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့နဲ့ သက်ဆိုင်တဲ့ ဟော်မုန်းများ ပုံမှန်ထိန်းညှိခြင်းကို ထိခိုက်စေပါတယ်။
(၉) ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းများ ဖြစ်ပေါ်စေကာ ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်စေပါတယ်။
(၁၀) အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ လျော့နည်းခြင်း၊ ထောင်မတ်နိုင်စွမ်း လျော့နည်းခြင်းတို့ ဖြစ်နိုင်ကာ အမျိုးသမီးတွေမှာ လိင်ကိစ္စပြီးမြောက်ရန် ခက်ခဲတာမျိုး ဖြစ်တတ်ပါတယ်။
(၁၁) အရေပြားပြုပြင်ထိန်းသိမ်းနိုင်စွမ်း ထိခိုက်တာကြောင့် အရေပြားမွဲခြောက်ခြင်း၊ တွန့်ခြင်း၊ ဝက်ခြံ နှင်းခူတို့လို အရေပြားပြဿနာများ ဖြစ်တတ်ပါတယ်။
(၁၂) အိပ်ရေးပျက်ခြင်းကြောင့် စိတ်သွားတိုင်း ကိုယ်မပါဖြစ်ကာ နေအိမ် အလုပ်ခွင်တို့လို နေရာတွေမှာ မတော်တဆထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။
တစ်ဦးချင်းစီရဲ့ အသက်အရွယ်၊ နေထိုင်စားသောက်မှုပုံစံ စတဲ့အချက်တွေကြောင့် အိပ်ချိန်လိုအပ်ချက် အနည်းငယ် အပြောင်းအလဲရှိတတ်ပါတယ်။
Source: DoctorNDTV
#World_Health
#Published 15 January 2024
#YMG #Yangon_Times #Yangon_Media_Group
Date: January 15, 2024
Myanmar's ruling State Administration Council (SAC) has affirmed its unwavering commitment to the "One China Policy" and has restated that Taiwan (Chinese-Taipei) is an integral part of the People’s Republic of China.
Following the Taiwan Election held on Saturday, January 13, the Myanmar Foreign Ministry issued a statement expressing Myanmar’s stance on the development of Taiwan.
The statement declares Myanmar's opposition to any separatist activities aiming "Taiwan independence" and foreign interference in the internal affairs of other states. Additionally, Myanmar fully supports China’s efforts to achieve peaceful reunification, as stated in the official statement.
The statement highlights Myanmar's maintenance of good neighborly Pauk-Phaw relations with China, emphasizing the consistent support for the "One China Policy".
-ymg/knl
တရုတ်ပြည်မှ စွမ်းအင်သစ်သုံးယာဥ် ထုတ်လုပ်သူတွေဟာ ပြည်ပဈေးကွက်မှာ တိုးချဲ့ရန် ပြည်တွင်းစက်ရုံတွေ တည်ဆောက်သွားမယ့် ဗျူဟာချမှတ်နေကြပါတယ်။
#World_Industry
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
Published 15 January 2024
ဂန္ထဝင်မြန်မာ တေးသံရှင်ကြီး ဦးမောင်မောင်ကြီး အသက် (၉၂) နှစ် ဟာ ယနေ့ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်က ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံ က သိရသည်။
ဦးမောင်မောင်ကြီးသည် ရေဒီယိုရောင်းတမ်း ဓာတ်ပြားများ၊ ရုပ်ရှင် နောက်ခံတေးပေါင်းများစွာ သီဆိုအောင်မြင်ခဲ့သော အဆိုတော်ကြီး တစ်ဦး ဖြစ်ကာ ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော် မှ ချီးမြှင့်သည့် လူမူထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခြင်း ခံရသူတယောက်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၉ရက်နေ့ ကလည်း ဂန္တဝင် အဆိုတော်ကြီး ဒေါ်မာမာအေးကွယ်လွန်သွားခဲ့တာဖြစ်ပြီး တိုက်ဆိုင်မှုတစမခု အဖြစ် ယနေ့ ဒေါ်မာမာအေး၏ ရက်လည်နေ့တွင်ဂန္ထဝင်တေးသံရှင်ကြီးတယောက်ဖြစ်သည့် ဦးမောင်မောင်ကြီး ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ဦးမောင်မောင်ကြီး - သူကလေ နဂိုတည်းကိုက ဆီးချိုအခံရှိထားခဲ့တယ်။ နားတွေဘာတွေလည်းမကောင်း မီမိုရီလည်းမကောင်းတော့ဘူး.. လူကြီးရောဂါဆုံးတာ “ ကျွန်တော်တို့ ဦးမောင်မောင်ကြီးကိုငယ်စဉ်ကတည်းက အားကျအလေးထားခဲ့တာပါ သီဆိုဟန်ထူးခြားသလို ရုပ်ရှင်မင်းသားကြီးရဲ့ ခင်မောင်ရင်ရဲ့သီချင်းတွေကိုစံထားလောက်အောင်ဆိုနိုင်တယ် ညာသံသမား သီချင်းဆိုတာ သိပ်ကိုကောင်းပြီး စနစ်ကျတယ်။ သူဆိုမယ့်သီချင်းကိုအလေးအနက်ထား။ ဘာသီချင်းဆိုဆို ရီဟာဇယ်လုပ်ပြီးဆိုတယ်။ သူ့ရဲ့ သီချင်းတွေကို လေ့လာဆန်းစစ်ခဲ့တယ်။ ချိုတေးဆက်ကိုအောင်ကိုးရေးပေးခဲ့တဲ့သီချင်းတွေထဲက သူ့ဆိုဟန်နှင့်စွဲသွားစေတဲ့ သီချင်းက စိမ်းလဲ့ညိုသီချင်းကိုသိပ်ကြိုက်တယ်။ သူ့ညီကိုလေးညွန့်ရေးခဲ့တဲ့ ရွှေညာဆီသွားမယ် ဆိုတဲ့သီချင်းသိပ်ကောင်းတယ်။ မာမာအေးရဲ့ရက်လည်မှာ ဆုံးသွားတော့ အဲဒီသီချင်းကို အမှတ်ရမိတယ်။ အဲဒီသီချင်းကို သူနှင့်မာမာအေး အတူဆိုခဲ့ကြတာလေ။ကိုမောင်မောင်ကြီးနှင့်မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့ တေးဂီတစိစစ်ရေးဘုတ်အဖွဲ့မှာ မကြာသေးခင်ကမှအနားယူထားတယ်။ ဘုတ်အထဲ ဝင်တာနှင့်သူ့ကိုသတိရနေတာပါ။မမျှော်လင့်ဘဲ ကွယ်လွန်သွားလို့ ရင်နှင့် အမျှ ခံစားရပါတယ်။ သူကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်ဟုအဆိုတော်ကြီးသန်းမြတ်စိုးက ဝမ်းနည်းကြောင်းပြောကြားသည်။
ဦးမောင်မောင်ကြီးကို ဖခင် ဦးခင်စိန်နဲ့ မိခင် ဒေါ်ခင်ညွှန့်ရင်တို့မှ ၁၉၃၁ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်မည်မှာ မောင်မောင် ဖြစ်ကြောင်းသိရသည်။
ဂီတနယ်သို့ ၁၉၄၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ မောင်မောင်ကြီး၏ ဂီတဆရာများမှာ ဆရာကြီး ဦးလှဖေနှင့် ဆရာကြီး ဦးအလီတို့ဖြစ်ကြသည်။ ဆရာကြီးများထံတွင် မဟာဂီတကို လေ့လာ ဆည်းပူးခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ကျင်းပသည့် ယဉ်ကျေးမှုအနုပညာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဟာဂီတ အဆိုပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။
မောင်မောင်ကြီး ပထမဆုံး သီဆိုခဲ့သော သီချင်းမှာ ၁၉၅၀ ခု BSC ကောလိပ်ကျောင်း သင်္ကြန်အဖွဲ့အတွက် ဆရာရွှေပြည်အေး ရေးစပ်ပေးသည့် သီချင်းတစ်ပုဒ်ကို အေဝမ်းခင်မောင်အဖွဲ့နှင့် တပ်မတော် အသံလွှင့်ရုံမှ အသံလွှင့်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဂီတလုလင်အပျော်တမ်း တူရိယာအဖွဲ့တွင် ပင်တိုင် အဆိုတော်အဖြစ် မြန်မာ့ အသံမှ အသံလွှင့်ခဲ့သည်။
မဟာဂီတသီချင်းကြီးများကို စောင်းဦးခင်မြင့်၊ ရွာစား စိန်ဗိုလ်တင့် အဖွဲ့တွင် သီဆို အသံလွှင့်ခဲ့သည်။ ကာလပေါ်သီချင်းများကို ဂီတလုလင် အဖွဲ့၊ ဂီတလုလင် မောင်ကိုကိုအဖွဲ့၊ ချိုတေးဆက်၊ စစ်ရုံးအဖွဲ့၊ ကေသီပန်၊ စန္ဒရားနီနီ၊ စန္ဒာ၊ စန္ဒရားချစ်ဆွေ၊ ပျဉ်းမနားမြင့်လှိုင်အဖွဲ့များတွင် သီဆို အသံလွှင့်ခဲ့သည်။
အဆိုတော်ဦးမောင်မောင်ကြီး အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသီးချင်းအချို့မှာ “တစ်ခုတည်းသော ရည်မှန်းချက်” “နှစ်ဆင့်မေတ္တာ” “နွဲ့နှောင်း” “ရွှေညာဆီသွားမယ်” “အကျည်းတန်ချစ်သူ” “ကွမ်းတောင်ကိုင်” “အိပ်မက်နိုင်ငံ” “မေတ္တာဇာတ်လမ်း” “ပင်တိုင်ကျော့မှူး” “ဝေးပြီမွှေးရယ်” “တန်ပါ့မဖုရား” “မေတ္တာနုနုစေလာရင်ကွယ်” “စိမ်းလဲ့ညို” “အချစ်ကို ဘယ်လိုပြောရမယ် ” “ကျမျက်ရည် မကြေညာစတမ်း” “အမိုက်မလေး ငှက်ငယ်” “သစ်ခြောက်ပင်အောက် ပန်းကောက်သူ” “လွမ်းအိပ်မက်က သံသရာရှည် ” “ကျိုက္ခမီသောင်ယံမှ မောင်းမကန်အိပ်မက် ” စသည်တို့ ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published 15 January 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 15 January 2024
၁။ ရွှေတိဂုံစေတီတွင် Digital Directory စနစ် Touch Screen(၁၀)ခု တပ်ဆင်ရန်နှင့် နေပူခံကျောက်ပြားအရောင်တင်ခြင်များ ဆောင်ရွက်နေ
၂။ နှစ်ပေါင်း၁၆၀ခန့် က ကျွန်းပင်များကို လေ့လာနိုင်မည့် ပြည်ကျွှန်းတောဆင်စခန်း ဇန်န၀ါရီ ၁၆ ရက်မှစပြီး ပြန်လည် ဖွင့်လှစ်မည်
၃။ နယ်ဒေသများအပြင် ရန်ကုန်တိုင်းအတွင်း၌ပါ မြင်းမွေးသူများရှိနေပြီး ပွင့်လင်းရာသီဖြစ်သောကြောင့် အလုပ်အကိုင် ကောင်းလာ
၄။ ပြည်ပနိုင်ငံများတွင် စက်ရုံများဆောက်လုပ်ကာ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများအား တရုတ်နိုင်ငံက
ကမ္ဘာ့ဈေးကွက်သို့ ချဲ့ထွင်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 536 of 1645