Published 10 Jan 2023
တရုတ်နှင့်မြန်မာနိုင်ငံတို့ရဲ့အကြီးဆုံးကုန်းပိုင်းနယ်စပ်ပေါက်ကို တရုတ်နိုင်ငံ အနောက်တောင်ပြည်နယ် ရွှေလီမြို့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံက ယင်းရဲ့ ကိုဗစ်ကပ်ရောဂါစည်းကမ်းသတ်မှတ်ချက်တွေကို ဖြေလျော့ပေးပြီးနောက် နယ်စပ်တွေပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ ရွှေလီနယ်စပ်ပေါက်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
နယ်စပ်ပေါက်ပြန်လည်ဖွင့်လှစ်ခြင်းအဖြစ်တရုတ်ဘက်မှာ တရုတ်နိုင်ငံတော်အလံကို လွှင့်တင်ခဲ့ပါတယ်။
“ကျွန်တော်တို့နယ်စပ်ပေါက်ရဲ့ အခြေခံအဆောက်အအုံတွေကို ထိန်းသိမ်းအဆင့်မြှင့်တင်ပြင်ဆင်ဖို့ ကျွန်တော်တို့ ကြိုတင်ပြင်ဆငရေးတွေအများကြီးလုပ်ခဲ့ပါတယ်။ အထူးသဖြင့်ကွန်ယက်ပစ္စည်းတွေ ပြန်လည်ပြုပြင်ရေးဖြစ်ပါတယ်” လို့ ရွှေလီလူဝင်မှုကြီးကြပ်ရေးစခန်းက အရာရှိ ကျွာယူဖေးက ပြောပါတယ်။
ရွှေလီဘက်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်လာရှာကြတဲ့ မြန်မာနိုင်ငံသားတော်တော်များများဟာ မိသားစုနှင့်ပြန်တွေ့ကြဖို့ အကြာကြီးစောင့်ဆိုင်းခဲ့ကြရတာပါ။
“ကျွန်မအတော်စိတ်လှုပ်ရှားမိတယ်။ မြန်မာနိုင်ငံမပြန်ရတာအတော်ကြာပြီ” လို့ မြန်မာအမျိုးသမီးပြုံးပြုံးစိန်ကပြောပါတယ်။
လူအုပ်ကြီးဟာ အကြာကြီးစောင့်ဆိုင်းနေခဲ့တဲ့ကာလတွေကိုဖြတ်သန်းခဲ့ကြရတပါ။ သူတို့ဟာ ဓာတ်ပုံတွေရိုက်ကြပြီး အွန်လိုင်းကနေ ဗွီဒီယိုတွေ လိုက်ဖ်တင်ကာ သူတို့ရဲ့အပျော်တွေကို မိတ်ဆွေတွေထံ ဝေမျှပေးခဲ့ကြပါတယ်။
ဒီဝင်ထွက်ပေါက်ဖွင့်လိုက်တဲ့အတွက် အပြုသဘောပြောင်းလဲမှုတွေအများကြီးဖြစ်လာမှာပါ။
“ လူတွေရဲ့ဘဝ၊စီးပွာရေးနှင့် မြို့ရဲ့ ကဏ္ဍပေါင်းစုံမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြောင်းအလဲကြီးတွေဖြစ်လာမှာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ ကျွန်တော်တို့ မြန်မာဘက်နှင့် အလုပ်သမားဝန်ဆောင်မှုပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမှာပါ။ ဒါဟာ ရွှေလီမှာအခြေစိုက်နေတဲ့ အထည်ချုပ်လုပ်ငန်းလိုမျိုး လုပ်သားအခြေပြု လုပ်ငန်းတွေအတွက် အကူအညီဖြစ်စေမှာပါ” လို့ ရွှေလီဒုမြို့တော်ဝန် ကန်ပေါင်တေးက ပြောပါတယ်။
နှစ်နိုင်ငံအကြား အခြားသောယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်ဖို့ကြံဆမယ်လို့ ဒုမြို့တော်ဝန်က ပြောပါတယ်။ ဥပမာအားဖြင့် နယ်စပ်ကုန်စည်ပြပွဲတွေ၊ နယ်စပ်ဖြတ်ကျော်မာရသွန်ပြေးပွဲတွေနှင့် နှစ်ပတ်လည် ကာနင်ဗယ် ပွဲတော်တွေလိုမျိုးဖြစ်တယ်လို့ သူကပြောကြားလိုက်ပါတယ်။
Source CCTV+
#China_Myanmar_Border_Gate
#Rulli_border_port_opened
#China_Myanmar
Published 16 Dec 2022
မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းအပြီးသတ်ချိတ်ဆက်လုပ်ငန်းများ ဆောင်ရွက်ရန်ရှိတဲ့အတွက် အဆိုပါလုပ်ငန်းများ ဆောင်ရွက်မယ့် ဒီဇင်ဘာ (၁၇)ရက် နှင့် (၁၈)ရက်နေ့တွင် ဓာတ်အားများလျော့နည်းရရှိမှာဖြစ်တဲ့အကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အများပြည်သူသို့ကြိုတင်အသိပေးပန်ကြားချက်အဖြစ် ယနေ့ ဒီဇင်ဘာ (၁၆)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလုပ်ငန်းများကြောင့် ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် မနက် ၆ နာရီမှ ည ၇ နာရီအထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အား ၁၅၀ မဂ္ဂါဝပ်ခန့် လျော့နည်းမှာဖြစ်တယ်လို့ အဆိုပါ သတိပေးထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့ နိုင်ငံပိုင်ရုပ်သံများက ထုတ်လွှင့်သွားပါတယ်။ သို့သော်လည်း ညပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမယ်လို့လည်းသိရပါတယ်။ နေ့ပိုင်းမှာ ဝန်အားလျော့နည်းနေသော်လည်း နိုင်ငံတော်ဓာတ်အားစနစ်ကို ထိန်းညှိမောင်းနှင်ရန် ဆက်လက်ဖြန့်ဖြူးနေမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
“သို့ဖြစ်ပါ၍ လုပ်ငန်းများဆောင်ရွက်နေစဉ်အချိန်အတွင်း အချို့သောနေရာများမှာ ဝန်အားလျှော့ချခြင်းလုပ်ငန်းတွေကို မလွှဲမရှောင်သာ ဆောင်ရွက်သွားရမှာဖြစ်ရာ ပြည်သူများအနေဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ယခု ၅၀၀ကေဗွီ ဓာတ်အား စနစ်ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်စီးဆင်းမှု ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်” လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိလာတဲ့ ဓာတ်အားများကို မြန်မာနိုင်ငံ တောင်ပိုင်းသို့ပို့ဆောင်ရာမှာ ဗို့အားအဆင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ဖြင့်သာပို့လွတ်လျှက်ရှိတဲ့အတွက် ဓာတ်အား စနစ်အတွင်း အရန်ဓာတ်အားလိုင်းမရှိသဖြင့် ရံဖန်ရံခါ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုနည်းပါးကာ ဓာတ်အားစနစ်တစ်ခုလုံး လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်တတ်တဲ့အခြေအနေမှ ကာကွယ်ရန်နှင့် မြန်မာပြည်မြောက်ပိုင်းမှ လျှပ်စစ် ဓာတ်အားများကို တောင်ပိုင်းသို့ ပြည့်ဝစွာသယ်ဆောင်ပို့လွှတ်နိုင်ရေး ရည်ရွယ်ပြီး အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ)ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှစတင်ပြီး တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
ယခုအခါ စီမံကိန်းတစ်ခုလုံးရဲ့ ၉၉ ရာခိုင်နှုန်းပြီးစီးနေပြီး ရာနှုန်းပြည့် ပြီးစီး ဆောင်ရွက်ဖို့ တောင်ငူ(ပင်မ) ဓာတ်အားခွဲရုံတွင် အပြီးသတ်ချိတ်ဆက်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ ယခုလိုစီစဉ်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။
-ymg/knl
#Yangon_Media_Group
Published 13 Dec 2022
စက်သုံးဆီတွေကို တတ်နိုင်သမျှချွေတာသုံးစွဲဖို့အတွက် စက်ဘီးကဲ့သို့သော ယာဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုတယ်လို့ နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနှင့် တွေ့ဆုံရာမှာ ဗိုလ်ချူပ်မှူးကြီးက အဆိုပါအတိုင်းပြောဆိုခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ စက်သုံးဆီတွေကိုပြည်ပမှနှစ်စဉ်တင်သွင်းနေရလို့ နိုင်ငံခြားငွေသုံးစွဲမှုတွေ များစွာကုန်ကျနေပါတယ်။ အဲဒါကြောင့် စက်သုံးဆီတွေကို တတ်နိုင်သမျှချွေတာသုံးစွဲကြဖို့လိုပါတယ်။ စက်သုံးဆီသုံးစွဲဖို့မလိုတဲ့ စက်ဘီးကဲ့သို့သော ယာဉ်တွေကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုပါတယ်။ စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်တဲ့ ရထားဖြင့်သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရပါမယ်” လို့ နစက ဥက္ကဋ္ဌကပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့အရင်းအမြစ် မီဂါဝပ် ၄ သောင်းခန့်ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းတွေရပ်တန့်ခဲ့ရတယ်၊ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ အရင်းအမြစ်များစွာရှိပြီးဖြစ်လို့ အကျိုးရှိရှိအသုံးချစေလိုတယ်လို့ ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်လက်ထက်မှာ ရပ်ခဲ့တဲ့ ကချင်ပြည်နယ်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုတော့ အမည်နာမရည်ညွှန်းပြောဆိုသွားခြင်းမရှိပါဘူး။
ကချင်ပြည်နယ်မှလုပ်ငန်းရှင်တွေက MSMEလုပ်ငန်းတွေအခက်အခဲကြုံတွေ့နေရမှုနှင့် အစိုးရမှလိုအပ်တာ တွေကူညီပေး ဖို့၊ ဒေသထွက်ကုန်ကြမ်းတွေကနေ ကုန်ချောတွေကို ပြည်ပသို့တင်ပို့ရာမှာ ကုန်သွယ်ခွန်နှုန်းထားလျှော့ချစေရေး သက်ဆိုင်ရာနိုင်ငံတွေနှင့် ညှိနှိုင်းဆောင်ရွက်ပေးဖို့၊ အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ချေးငွေများရယူလိုမှုနှင့် အခြားအချက်အလက်တွေကိုတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်တွင်းမှာထုတ်ကုန်တွေကို လုံလောက်စွာထုတ်လုပ်နိုင်လျှင် ကုန်ဈေးနှုန်းတွေကျဆင်းလာလိမ့်မယ်လို့ ဗိုလ်ချူပ်မှူး ကြီးက ပြန်လည်ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ဒေသထွက်ပစ္စည်းတွေကိုအခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ကာ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်မည်ဆိုပါက အကျိုးရှိမယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက တိုက်တွန်းပြောဆို ပါတယ်။
နစက ဥက္ကဋ္ဌဟာ MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းဒေသကြီးနှင့်ပြည်နယ်တွေက လုပ်ငန်းရှင်တွေနှင့် တိုက်ရိုက် ထိတွေ့ဆွေးနွေးမှုတွေလုပ်ဆောင်နေရာမှာ ယခု ကချင်ပြည်နယ်မှာလည်း အလားတူတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီ့အပြင် နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချူပ်မှူးကြိး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာ ၁၃ရက် မနက်ပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊စစ်သည်၊မိသားစုတွေကိုတွေ့ဆုံပြီး နိုင်ငံ့ သမိုင်း ကြောင်းဖြတ်သန်းခဲ့မှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေ၊ တပ်မတော်က ထိန်းသိမ်းဆောင်ရွက်နေရတဲ့ အခြေအနေတွေ၊ရှင်းလင်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
-ymg/knl
#Myanmar_Politics
Published 12 Dec 2022
တရုတ်ပြည်တွင်းထုတ် C919 လေယာဉ်ဟာ နိုင်ငံတကာ ဂျက်လေယာဉ်ကြီးဈေးကွက်မှာ ဘိုအင်းနှင့်အဲယားဘတ်စ် ကုမ္ပဏီနှစ်ခုပဲ ကြီးစိုးထားတာကို အဆုံးသတ်စေလိမ့်မယ်လို့ မျှော်လင့်ပြီး ဖောက်သည်တွေအတွက် ရွေးချယ်စရာ ပိုများလာစေလိမ့်မယ်လို့ အဆိုပါလေယာဉ်ရဲ့ ဒီဇိုင်းအင်ဂျင်နီယာချုပ် ဝူကွမ်ဟွေ့က ပြောလိုက်ပါတယ်။
ပထမဆုံး C919 လေယာဉ်ကို ပထမဆုံးဖောက်သည်ဖြစ်တဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းလိုင်းကို သောကြာနေ့က ပေးပို့ ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ မြို့ပြလေကြောင်းသယ်ယူပို့ဆောင်ရေးဈေးကွက်မှာ ပထမဆုံး ပြည်တွင်းထုတ် ဂျက်လေယာဉ်ကြီးစတင်ရရှိလိုက်တာပဲဖြစ်ပါတယ်။
အဲဒီလေယာဉ်ဟာ ခရီးသည်မပါဘဲ နာရီ၁၀၀ စမ်းသပ်ပျံသန်းမှုတွေပြုလုပ်မှာပါ။အဲသလိုပျံသန်းတဲ့အခါ ရှန်ဟိုင်း၊ပေကျင်း နှင့် ကွမ်ကျိုးတို့မှာ ရပ်နားပါလိမ့်မယ်။
၂၀၂၃ခုနှစ် နွေဦးမှာတော့ လေယာဉ်ကို ခရီးစဉ်တွေစတင်ပျံသန်းဖို့ မျှော်မှန်းထားကြပါတယ်။
“ ၂၀၁၇ခုနှစ်မှာ C919 ကိုပထမဆုံးပျံသန်းခဲ့တာကနေ လေကြောင်းပျံသန်းခွင့်လက်မှတ် ၂၀၂၂မှာရခဲ့တဲ့အထိ ကျွန်တော်တို့ ငါးနှစ်တာကာလပတ်လုံး စမ်းသပ်မှုတွေ အများကြီးလုပ်ခဲ့ပြီးပါပြီ။ အဲဒီအထဲမှာ မြေပြင်နှင့်ဝေဟင်စမ်းသပ် မှဒတွေကနေ လေယာဉ်အန္တရာယ်ကင်းရှင်းမှု အသေအချာဖြစ်စေဖို့အထိပါဝင်ပါတယ်” လို့ တရုတ်ဗဟိုရုပ်သံနှင့် တနင်္ဂနွေနေ့က အင်တာဗျူးမှာ ဝူက ပြောခဲ့ပါတယ်။
တရုတ်လေကြောင်းလိုင်းတွေဟာ C919 ကို နိုင်ငံတကာခရီးစဉ်တွေမှာ ပျံသန်းနိုင်မယ်လို့ သူကမှတ်ချက်ပေးပါတယ်။ ဒါပေမယ့် အကယ်၍ နိုင်ငံခြားလေကြောင်းကုမ္ပဏီတွေက C919 ကို ဝယ်ယူပျံသန်းချင်ရင် သူတို့ရဲ့မိခင်နိုင်ငံတွေဆီက လေယာဉ်ပျံသန်းခွင့်လက်မှတ်အရင်ရယူဖို့လိုမယ်လို့လည်းသူကပြောပါတယ်။
အခြားနိုင်ငံတွေဆီက ပျံသန်းခွင့်လက်မှတ်ကို ခပ်မြန်မြန်ရနိုင်သမျှရယူသွားမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖောက်သည်တွေ အတွက် ရွေးချယ်စရာပိုများလာမှာဖြစ်တယ်လို့ ဝူကပြောပါတယ်။
“လေယာဉ်ပျံကြီးတွေရဲ့ဈေးကွက်ဟာ အလွန်ကြီးတယ်။ပြီးတော့ အလွန်လျင်မြန်စွာဖွံ့ဖြိုးနေတယ်။ တရုတ်လေယာဉ် တွေ အဲဒီဈေးကွက်ထဲရောက်ရှိလာပြီး လာမယ့် အနှစ်(၂၀)အတွင်း အရေအတွက်နှစ်ဆတိုးလာလိမ့်မယ်။ အဲသလို ဖွံဖြိုးမှုနှုန်းနှင့် ဈေးကွက်ဟာ တတိယနှင့် စတုတ္ထမြောက် လေယာဉ်ကြီးထုတ်လုပ်သူတွေအတွက် လုံလောက်တဲ့ နေရာ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ ဒီဈေးကွက်မှာ အားလုံးအောင်နိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာနိုင်မယ်လို့ယုံကြည် တယ်” လို့လည်း သူကပြောပါတယ်။
C919 ဟာ အားသာချက်တွေအများကြီးရှိပြီး ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးခရီးသည်တင်လေယာဉ်တွေထဲက တစ်စီး ဖြစ်တယ်လို့ ဝူကပြောပါတယ်။
“ C919ဟာ ဒီဇိုင်းအသစ်တွေ အများကြီးသုံးထားတယ်။ တည်ဆောက်ပုံ၊အသုံပြုတဲ့ပစ္စည်းနှင့်အင်ဂျင်အရ ပြောရရင် ခေတ်အမီဆုံးလေယာဉ်တွေထဲမှာ ပါဝင်နေတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်အပေါ် ကျွန်တော်တို့ ယုံကြည်မှုအပြည့်အဝ ရှိတယ်။ C919 ကိုကမ္ဘာ့နိုင်ငံတွေကို ရောင်းနိုင်ပြီးတစ်နေ့နေ့မှာ လေယာဉ်ဟာ ကမ္ဘာအနှံ့ပျံသန်းနေတဲ့လေယာဉ်ဖြစ်လာ မယ်လို့မျှော်လင့်ယုံကြည်ထားတယ်” လို့လည်း သူကပြောပါတယ်။
ခေတ်အမီဆုံးလေယာဉ်တွေထဲက တစ်ခုဖြစ်တဲ့ C919 ဟာ ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ အခြား ကုမ္ပဏီတွေက အသားကျပြီး လေယာဉ်တွေနှင့် ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။
လွယ်ကူလှတဲ့အလုပ်မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။ အတော်အပင်ပန်းခံကြိုးစားခဲ့ရပြီး ယခုထက်ထိ ပြဿနာကြီးကြီးကျယ်ကျယ်မကြုံခဲ့ရဘူးလို့ တရုတ်နိုင်ငံပိုင်ရုပ်သံကို ဝူကပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
#C919_Jet
#China_Made_Jet_Liner
#China_Aviation
Published 11 Dec 2022
✳️ တွစ်တာက စာလုံးအရေအတွက်ကို လက်ရှိ စာလုံး၂၈၀ သတ်မှတ်ကန့်သတ်ထားရာမှ နောက်ဆုံးတွင် စာလုံးရေ ၄၀၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ကုမ္ပဏီရဲ့ စီအီးအို အီလွန်မတ်စ်က တွစ်တာကနေ အတည်ပြု
✳️ တွစ်တာက စာလုံးရေ ၄၀၀၀ အထိ တိုးမြှင့်ပေးမယ်လို့ သတင်းတွေထွက်နေတာ ဟုတ်သလားလို့ တွစ်တာပေါ်မှာ တစ်ဦးကမေးမြန်းတဲ့အခါ အီလွန်မတ်စ်က “ဟုတ်ပါတယ်” လို့ ပြန်ဖြေခဲ့ခြင်းဖြစ်
✳️ သို့သော် သူက အသေးစိတ်ကိုတော့ ထုတ်မပြောသေး
✳️ တွစ်တာဟာ အစပထမမှာ စာလုံးရေ ၁၄၀ကန့်သတ်ပေးခဲ့ပါတယ်။အဲဒီကနေ ၂၀၁၇ခုနှစ်မှာ စာလုံးရေ ၂၈၀အထိတိုးပေးခဲ့
✳️ ထို့အတွက်တွစ်တာအသုံးပြုသူတွေဟာ သူတို့ရဲ့ဘလော့ခ်ထဲကစာအရှည်ကြီးတွေကို တွစ်တာတွင် ပို့စ်တင်နိုင်တော့မည်ဖြစ်
✳️ တွစ်တာက ယခုအပတ်အတွင်း ယင်း၏ Twitter Blue လစဉ်ကြေးပေးအစီအစဉ်ကို တနင်္လာနေ့တွ် ပြန်လုပ်မည် ဟုကြေညာခဲ့
✳️ အဆိုပါအစီအစဉ်အရ အသုံးပြုသူများသည် အပြာရောင်အမှန်အမှတ်အသားတစ်ခုရရှိမည့်အပြင် အခြားအခွင့်အရေးတွေ ဖြစ်သည့် တွစ်ပို့စ်များကိ တည်းဖြတ်နိုင်ခြင်းနှင့် 1080p ဗွီဒီယိုများတင်နိုင်ခြင်းတို့ ရရှိမည်ဖြစ်
✳️ Twitter Blue ကို အိုင်ဖုန်းအသုံးပြုသူများကိုပို၍ဈေးကြီးသော တစ်လ ၁၁ ဒေါ်လာနှုန်းကောက်ခံမည်ဖြစ်
✳️ အက်ပဲလ်က အက်ပလီးကေးရှင်းရောင်းရငွေမှ ကော်မရှင် ၃၀ ရာခိုင်နှုန်းအထိယူထားသဖြင့် အီလွန်မတ်စ်က ဝေဖန်ခဲ့ပြီးနောက် အိုင်ဖုန်းနှင့်အက်ပဲလ်သုံးသူများထံမှ ဈေးပိုတောင်းခဲ့ခြင်းဖြစ်
Source USA Today
#Elon_Musk
#Tweets_increase_charactors
Published 9 December 2022
အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတ်တြာရှိ ဆာဝါလန်တိုမြို့မှာ သောကြာနေ့က ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးခန့် မြေကြီးများဖြင့် ဖုံးအုပ်သွားပြီး အလောင်း(၉)လောင်းကိုတော့ ကယ်ဆယ်ရေးသမားတွေတွေ့ရှိရပါတယ်။
လူ(၄)ဦးကို အသက်ရှင်လျက်တွေ့ရှိရတယ်လို့လည်း ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။
Source AFP
#Indonesia's_coal_mine _explosion
#Indonesia_Mine_Accident
#Sawah_Lunto
Published 8 Dev 2022
အိန္ဒိယရုပ်ရှင်မင်းသား ရန်ဘီရာကာပူးဟာ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါ့မှာ ကျင်းပနေတဲ့ ပင်လယ်နီ နိုင်ငံတကာရုပ်ရှင်ပွဲတော် (၇)ရက်မြောက်နေ့မှာ ဗရိုက်တီ နိင်ငံတကာ ဦးစီးသရုပ်ဆောင်ဆု Variety International Vanguard Actor Award ကို ဒီဇင်ဘာ (၇)ရက်က ရရှိသွားပါတယ်။ ပရိဿတ်တွေက ပွဲတော်ကိုရောက်ရှိလာတဲ့ သူ့ကို အော်ဟစ်ကြိုဆိုခဲ့ကြပါတယ်။
အခုအခါ အသက် ၄၀ရှိပြီဖြစ်တဲ့ မင်းသား ရန်ဘီရာကာပူးဟာ မင်းသားကြီး ရီရှီကာပူးနှင့် နီတူဆင်းတို့ရဲ့ သားဖြစ်ပြီး ဒါရိုက်တာ ရုပ်ရှင်မင်းသား ရာ့ချ်ကာပူးရဲ့မြေးဖြစ်ပါတယ်။ သူဟာ ဟိန္ဒူဘာသာစကား ရုပ်ရှင်တွေမှာ ထင်ရှားသူဖြစ်ပြီး သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိသူတွေထဲမှာ တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ထူးချွန်ဆု (၆)ဆုအပါအဝင် ဆုများစွာရရှိထားပါတယ်။
“သိပ်စိတ်လှုပ်ရှားမိတယ်။ ဂျက်ဒါ့ကို ဒါ ကျွန်တော်ပထမဆုံးရောက်ဖူးတာ။ ဒီလိုဖြစ်ဖို့ မေတ္တာရပ်ခံခဲ့တာ နှစ်ကြိမ်ရှိပြီ လို့ ကျွန်တော်သိပါတယ်။ အလွန့်ကိုစိတ်လှုပ်ရှားရတယ်..အသံသွင်းဖို့ အလွန့်ကိုစိတ်လှုပ်ရှားတယ်။ ကျွန်တော် ရုပ်ရှင်ပွဲတော်တွေကိုသဘောကျတယ်။ ရုပ်ရှင်တွေနှင့် ရုပ်ရှင်တွေရဲ့ ဆန်းကြယ်မှုတွေနှင့်ပတ်သက်တဲ့ ဝန်းကျင်ရနံ့တွေ ရတယ်လေ။ အဲဒါကြောင့် ပျော်စရာပေါ့ “ လို့ ရန်ဘီရာကာပူးကပြောပါတယ်။
ပင်လယ်နီရုပ်ရှင်ပွဲတော်ကို ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါ့မှာ ဒီဇင်ဘာ ၁ရက်မှ ၁၀ရက်အထိကျင်းပနေတာဖြစ်ပါတယ်။ ရုပ်ရှင်ပွဲတော်မှာ အာရပ်နှင့်နိုင်ငံတကာရုပ်ရှင်ဇာတ်ကားတွေ ကော်ဇော်နီအထူးပွဲပြသတာတွေအပြင် အလုပ်ရုံဆွေးနွေး ပွဲတွေ၊ သင်တန်းတွေနှင့် လုပ်ငန်းကွန်ယက်ချိတ်ဆက်မှုတွေကိုပါ ကျင်းပပေးနေတာဖြစ်ပါတယ်။
Source: AFP
#Ranbir_Kapoor
#Red_Sea_International_Festival
#Saudi+Arabia_Jeddah
Page 28 of 61