#LocalNews
Published -20 May 2022
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့တဲ့ကုန်တင်ယာဉ်တွေဟာ တရုတ်ကုန်တင်ယာဉ်တွေပေါ်သို့ ပြန်လည်တင်ဆောင်ဖို့မလိုအပ်ဘဲ မူဆယ် ကျင်စန်းကျော့နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီ ဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်လိုက်ပါတယ်၊၊
မြန်မာ-တရုတ်နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတို ညှိနှိုင်းဆွေးနွေးပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်မှစတင်ပြီး ပြန်လည်ဆောင်ရွက်နိုင်တာဖြစ်ပါတယ်၊၊
ဒီလိုပို့ဆောင်နိုင်တဲ့အတွက် ကုန်ပစ္စည်းတွေဆုံးရှုံးမှုကို လျော့နည်းစေပြီး သယ်ယူပို့ဆောင်ရေးစရိတ်တွေများစွာ လျှော့ချနိုင်ကာ ကုန်စည်ထောက်ပံ့ပိုဆောင်ရေး မြန်ဆန်နှုန်းကိုလည်း မြင့်မားလာစေတယ်လို့ ဆိုပါတယ်၊၊
ကျင်စန်းကျော့နယ်စပ်ဂိတ်ဟာ ယခင်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်၊၊
တရုတ်-မြန်မာ နှစ်နိုင်ငံဟာ နယ်စပ်ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးနဲ့ဂနယ်စပ်ကုန်သွယ်မှု ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့ပါတယ်၊၊
ဥပမာအားဖြင့် ကပ်ရောဂါကာကွယ်ရေးဂိတ်တွေ ရှေ့တိုးခြင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ Vaccine များ လှူဒါန်းခြင်း၊ မူဆယ်မှာကိုဗစ်-၁၉ ကုသရေးစင်တာ ကူညီတည်ဆောက်ပေးခြင်း၊ နယ်စပ်ဂိတ်ရှိ ဂိတ်ဖြတ်သန်းရေးစက်ပစ္စည်းများ အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊နှစ်နိုင်ငံ သက်ဆိုင်ရာဌာနတွေရဲ့အတူတကွကြိုးပမ်းမှုနဲ့ ကျင်စန်းကျော့နယ်စပ်ဂိတ် ကုန်ပစ္စည်းပို့ဆောင်ရေးဟာတည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 20 May 2022
ရန်ကုန်-ပဲခူး ယာဥ်လိုင်းသစ်တွင် ယာဥ်အစီးရေတိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ပဲခူး (ကလိ)အထိ ရောက်ရှိမှာဖြစ်တယ်လို့ အဆိုပါ ယာဥ်လိုင်းကုမ္ပဏီထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 20 May 2022
ရန်ကုန်မြစ်ဝနဲ့မော်လမြိုင်အနီး မုတ္တမပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်နဲ့မော်လမြိုင်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးကြီးတာ၊ လေပြင်းတိုက်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက သတိပေးပြောကြားထားပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published -20 May 2022
မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟူ သတ်မှတ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါသည်၊၊
မုန်တိုင်းငယ်(Depression)သည် နောက်(၆)နာရီအတွင်း အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ (၂၁.၅.၂၀၂၂) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။
မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့် ရှိနိုင်ပါသည်။
မုန်တိုင်းငယ် (Depression)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလက အသိပေးနှိုးဆော်အပ်ပါသည်။
ymg/tthl
#Yangon_Media_Group
#LocalNews
Published -20 May 2022
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တဲ့အတွက်သစ်ပင်ကြီးများ လဲပြိုကျလို့ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊
မိုးသည်းပြီးလေပြင်းတဲ့အတွက်မေလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်သပြေ(၂)လမ်းရှိ နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ပါတယ်၊၊
မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်၊၊
အလားတူမေလ(၂၀)ရက်မနက်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဆေးရုံရပ်ကွက်ဖြတ်လမ်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျတဲ့အတွက် ဝါးခယ်မမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်၊၊ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ဆိုပါတယ်၊၊
အလားတူမေလ(၂၀)ရက်နေ့လယ်ပိုင်းမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ သစ်ပင်လဲကျလို့ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တဲ့အတွက် ပေါင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#MyanmarNews
Published 20 May 2022
မေလ(၁၈)ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ အသက်၉၁နှစ်အရွယ်ရှိ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌနှင့် ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေရဲ့ ဈာပနအခမ်းအနားကို ယနေ့ မေလ(၂၀)ရက် မွန်းလွဲ(၂)နာရီက ရွှေပြည်သာမြို့နယ် ကျူချောင်သုဿန်မှာ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းအပါအဝင် နိုင်ငံရေးသမားမိတ်ဆွေတွေ၊ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ နှင့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်တွေနှင့် ဆွေမျိုးအသိုင်းအဝန်းတို့ ဦးသုဝေရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
#Yangon_Media_Group
#DailyNews
Published - 20 May 2022
၁။ ရန်ကုန်မြစ်ဝနှင့်မော်လမြိုင်အနီး ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းများဖြစ်ပေါ်မည်။
၂။ ရန်ကုန်-ပဲခူးယာဥ်လိုင်းသစ်ယာဥ်အစီးရေ တိုးချဲ့ပြေးဆွဲမည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တစ်လတာအမှိုက်များအား ချိတ်ဆွဲဝတ်ဆင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမေရိကန်တစ်ဦးလှုံ့ဆော်လှုပ်ရှားမှုပြုလုပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_20 May 2022
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမပင်လယ်ကွေ့)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမကမ်းလွန်အနီး)တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို ရောက်ရှိခဲ့ပြီး နောက်(၂၄)နာရီအတွင်းမော်လမြိုင်မြိုအနီးမှ ကုန်းတွင်းသိုဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။
အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ရှိနိုင်မည်ဖြစ်ကြောင်းနှင့် ယင်းလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မေလ ၂၁ ရက် ထိ ကြားကာလအတွင်း ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။
ယင်းအပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကာ လှိင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ymg/mt
#Yangon_Media_group
#LocalNews
Published -20 May 2022
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်းကို အာဆီယံနိုင်ငံများအချင်းချင်းကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်မှာ စိစစ်အတည်ပြုနိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်၊၊
မြန်မာနိုင်ငံက ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ အီလက်ထရော်နစ်မှတ်တမ်းကို အာဆီယံက တရားဝင် အသိအမှတ်ပြုထားတာဖြစ်ပါတယ်၊၊
ဒါကြောင့်မိုလို့ မေလ(၁၅)ရက်မှ စတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအတွက် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) ကိုအာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုး မှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုခြင်းစနစ် (ASEAN Covid-19 Vaccine Certificate Single Verification Portal) ဖြစ်တဲ့https://asean.healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်၊၊
ပြည်ပနိုင်ငံတွေကိုခရီးသွားမယ့်သူတွေကို ဧပြီလ (၇)ရက်ကစလို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထား (COVID-19 Vaccination Electronic Certificate) ထုတ်ပေးတာကို အွန်လိုင်းစနစ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့အင်တာနက် စာမျက်နှာဖြစ်တဲ့ https://c19vc.moh.gov.mm မှတစ်ဆင့် ဆောင်ရွက်ပေးနေတာဖြစ်ပြီး အခုချိန်မှာတော့ အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်မှာ စိစစ်အတည်ပြုနိုင်တဲ့အကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#MyanmarNews
Published 20 May 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ မေလ(၂၀)ရက် နံနက်ပိုင်းတွင် နေပြည်တော်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွေဆုံဆွေးနွေးမှုများ စတင်ခဲ့ကြောင်း သိရပါတယ်။အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
#Yangon_Media_Group
#Ukraine_Crisis
Published 20 May 2022
ရုရှားတို့က လက်ရှိအချိန်မှာ ယူကရိန်းရဲ့ ဒွန်ဘတ်စ်စက်မှုဇုန်ဒေသကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အဆိုပါဒေသဟာပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ’ဇယ်လန်စကီ’က ပြောကြားလိုက်ပါတယ်။
ထိုအချိန်မှာပဲ အချမ်းသာဆုံးနိုင်ငံအချို့က ယူကရိန်းကို ဘီလီယံဒေါ်လာများ ထောက်ပံ့မယ်လို့ ကတိပြုလိုက်ပါတယ်။
ရုရှားတို့က ယူကရိန်းမြို့တော်ကိုသိမ်းပိုက်ဖို့လက်လျှော့ပြီးနောက် ဒွန်ဘတ်စ်စက်မှုဇုန်ဒေသရှိ နယ်မြေတွေကို အင်တိုက်အားတိုက် လက်နက်ဒုံးကျည်အမြောက်အများသုံး တိုက်ခိုက်ကာ သိမ်းပိုက်ဖို့ ကြိုးစားလာကြပါတယ်။
ဒွန်ဘတ်စ်ဒေသထဲမှာ ယူကရိန်းခွဲထွက်ရေးသမားများ အကူအညီနဲ့ ထိန်းချုပ်ထားတဲ့ ဒိုနက်စ်နဲ့ လူဟန့်စ်နယ်မြေတို့လည်း ပါဝင်နေပါတယ်။
“ရုရှားက သိမ်းပိုက်ပြီးတာတောင် ဆက်ပြီးဖိအားပေးပစ်ခတ်နေပါတယ်၊ အလွန်အကျူးပြောတာမဟုတ်ပါဘူး၊ အဲဒီမှာ ယူကရိန်းအလယ်ပိုင်းရှိမြို့တွေနဲ့ အိုဒီဆာဒေသမှာ ဆက်တိုက်ပစ်ခတ်နေပါတယ်၊ ဒွန်ဘတ်စ်က လုံးဝပျက်စီးသွားပါပြီ”လို့ ‘ဇယ်လန်စကီ’က ကြာသပတေးနေ့မှာ မိန့်ခွန်းပြောကြားသွားပါတယ်။
ရုရှားတို့ကျူးကျော်စစ်စတင်လို့ ၃ လပြည့်ခါနီးအချိန်မှာ အမေရိကန်လွှတ်တော်က ယူကရိန်းကို ဒေါ်လာ ၄၀ ဘီလီယံထပ်မံထောက်ပံ့ဖို့ တခဲနက်ထောက်ခံအတည်ပြုလိုက်ကြပြီး ဒါဟာအမေရိကန်ရဲ့ တန်ဖိုးအကြီးမားဆုံးထောက်ပံ့မှုကြီး ဖြစ်လာပါပြီ။
ချမ်းသာကြွယ်ဝတဲ့ ၇ နိုင်ငံအဖွဲ့ကလည်း ယူကရိန်းကို ဒေါ်လာ ၁၈.၄ ဘီလီယံထောက်ပံ့ဖို့ သဘောတူလိုက်ပါတယ်။
ဒီလိုထောက်ပံ့မှုတွေကြောင့် ရုရှားကိုအရှိန်မြှင့်အနိုင်ယူနိုင်မှာဖြစ်ပြီး လက်နက်ထောက်ပံ့မှုတွေလို အရေးပါတဲ့ထောက်ပံ့မှုဖြစ်ကြောင်း ယူကရိန်းသမ္မတပြောဆိုခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးချုပ်’ဂျဲနတ်ယယ်လန်’က “ယူကရိန်းဘက်က ရပ်တည်နေတယ်ဆိုတဲ့ သဘောပြသချင်တာဖြစ်ပါတယ်၊ ယူကရိန်းလိုအပ်သမျှအရာတွေကို ထောက်ပံ့ပေးပြီး အတူတကွရုန်းကန်ကြရပါမယ်”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပိတ်ဆို့ထားတဲ့ ရုရှားရေတပ်ကိုဖြိုခွင်းဖို့ သင်္ဘောဖျက်အဆင့်မြင့်လက်နက်များကို ယူကရိန်းတိုက်ခိုက်ရေးသမားများထံပေးပို့ဖို့ အမေရိကန်က ကြိုးပမ်းနေပါတယ်။
ရုရှားတို့က အစားအစာထွက်ကုန်တင်ပို့ခြင်းနဲ့ ခြိမ်းခြောက်နေတာက ယူကရိန်းတွေသာမက တစ်ကမ္ဘာလုံးရှိ သန်းပေါင်းများစွာသေ ာလူတွေကိုပါ ဒုက္ခရောက်စေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး’အန်တိုနီဘလင်ကန်’က စွပ်စွဲလိုက်ပါတယ်။
စစ်ပွဲကြောင့် ဆန်စပါး၊ ဟင်းချက်ဆီ၊ လောင်စာဆီ၊ မြေဩဇာဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ပါတယ်။
အနောက်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေက ရုရှားစီးပွားရေးကို အထိနာစေပြီး ရုရှားလောင်စာကုမ္ပဏီ Rosneft မှာ အလုပ်လုပ်နေတဲ့ ဥရောပနိုင်ငံသားတွေနဲ့ အီးယူမှာနေထိုင်တဲ့ ရုရှားနိုင်ငံသားတွေပါ အလုပ်လုပ်ခွင့်မရတော့တာကြောင့် Rosneft မှ ဒုဥက္ကဌ ၅ ဦးလည်းနှုတ်ထွက်သွားခဲ့ပါတယ်။
ရပ်ဆိုင်းခံထားရတဲ့ ရုရှားအစိုးရနွယ်လုပ်ငန်းရှင်ကြီးတွေရဲ့ ပိုင်ဆိုင်မှုများကိုလည်း ယူကရိန်းပြန်လည်တည်ထောင်ရေးမှာ အသုံးချနိုင်ဖို့ ဥရောပသမဂ္ဂက ကြိုးပမ်းနေပါတယ်။
ရုရှားလောင်စာဆီတွေကို ဝယ်ယူနေတဲ့ နိုင်ငံတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ဖို့ရှိ/မရှိကိုတော့ အမေရိကန်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 20 May 2022
ဒူးခေါင်းနားတဝိုက်မှာရှိတဲ့ အာရုံကြောတွေကို အပူဓာတ်ဖြင့် ဖျက်ဆီးပစ်ပြီး အဆစ်ရောင်နာကျင်ခြင်းဝေဒနာကို သက်သာအောင်ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။
ရေဒီယိုကြိမ်နှုန်းလှိုင်းကို အသုံးပြုပြီး ဒူးခေါင်းနားတဝိုက်မှာရှိတဲ့ အာရုံကြောလေးတွေကို ဖျက်ဆီးလိုက်ခြင်းဖြင့် အဆစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုတွေဟာ ဦးနှောက်သို့မရောက်ရှိနိုင်တော့ပါဘူး။
ဒူးအစားထိုးခွဲစိတ်ပြီး နာကျင်မှုခံစားနေရသေးတဲ့ အမေရိကန်ရှိလူနာတွေကို အဆိုပါနည်းလမ်းဖြင့် စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။
ဒူးအစားထိုးခွဲစိတ်ခြင်းမလုပ်ချင်တဲ့ အဆစ်ရောင်လူနာ ၆၀ ကျော်ကို အဆိုပါနည်းလမ်းဖြင့် ခွဲစိတ်ခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။
ဖော်ပြချက်ထဲမှာ နာကျင်ခြင်းနဲ့ လှုပ်ရှားရခက်ခဲခြင်းတို့ဟာ နှစ်ပတ်အတွင်း တဝက်မျှသက်သာခဲ့ကြောင်း သိရှိရပါတယ်။
ဒူးဆစ်မှာဆုံတွေ့တဲ့ အရိုးတွေအဆုံးမှာ အရိုးနုရွတ်ဖြင့်ဖုံးအုပ်ထားပြီး အရိုးတွေထိခိုက်ခြင်းမရှိအောင် ကူရှင်သဖွယ်ကာကွယ်ပေးပါတယ်။
အသက် ၅၀ ကျော်အရိုးဆစ်ရောင် ဝေဒနာခံစားရသူတွေမှာ အဆိုပါအရွတ်က ပျက်စီးယိုယွင်းလာပြီး အရိုးအချင်းချင်းပွတ်တိုက်ကာ နာကျင်ခြင်း၊ လှုပ်ရှားမရခြင်းများ ဖြစ်ပေါ်လာကြပါတယ်။
အကိုက်အခဲပျောက်ဆေးများ၊ ဒူးပတ်ကာဝတ်ခြင်း၊ ဒူးဆစ်အတုအစားထိုးခွဲစိတ်ခြင်းများဖြင့် အမျိုးမျိုးကုသလေ့ရှိပါတယ်။
ဒူးဆစ်အတုထည့်ခြင်းက ခွဲစိတ်မှုနှုန်းအောင်နိုင်ချေများပေမယ့် လူတိုင်းနီးပါးပြုလုပ်နိုင်တာတော့ မဟုတ်ပါဘူး။
ခွဲစိတ်ပြီးနောက် ဘေးထွက်ဆိုးကျိုးအချိုခံစားရသူ ၁၀ ရာခိုင်နှုန်းလောက်ရှိတတ်ပါတယ်။
အဆစ်ရောင်နာကျင်မှုက ဒူးဆစ်နားတဝိုက် အရိုးမျက်နှာပြင်တွေပေါ်က အာရုံကြောမျှင်တွေကနေ ဖြတ်သန်းသွားတာဖြစ်ပါတယ်။
ရေဒီယိုကြိမ်နှုန်းလှိုင်းတွေက အဆိုပါအာရုံကြောတစ်ရှူးတွေကို ဖျက်ဆီးပစ်ကာ ဦးနှောက်ဆီ နာကျင်မှုဝေဒနာ မရောက်အောင် တားဆီးပေးပါတယ်။
ရေဒီယိုကြိမ်နှုန်းလှိုင်းတွေကို အပူချိန် ၇၀ ဒီဂရီဆဲလ်စီးယပ်စ်မှာ စက္ကန့် ၉၀ မျှသက်ရောက်အောင် ပြုလုပ်ပေးရပါတယ်။
ရေဒီယိုလှိုင်းတွေကို နှလုံးခုန်မမှန်ခြင်းဝေဒနာကုသခြင်းနဲ့ ကင်ဆာအကျိတ်တိုကိုဖျက်ဆီးရာမှာလည်း အသုံးပြုကြပါတယ်။
အရိုးအဆစ်ဆရာဝန်များက အာရုံကြောတွေကိုဖြတ်တောက်ပြီး ကုသပေးပေမယ့် အာရုံကြောတွေက အသစ်ပြန်လည်ထွက်ပေါ်လာပြီး နာကျင်ခြင်းမျိုးခံစားရတတ်ကြောင်း လီဗာပူးလ်တက္ကသိုလ်ဆေးရုံမှ အရိုးအဆစ်ခွဲစိတ်ဆရာဝန်’မိုက်ခ်မက်နီခိုလက်စ်’က ပြောပြသွားပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 1471 of 1639