#LocalNews
Published_18 May 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinopharm ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ယနေ့ မေလ ၁၈ ရက် နံနက်က Sichuan Airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။
Sinopharm ကာကွယ်ဆေး (၅) သန်း (doses) နှင့် ဆေးထိုးအပ် (၁ ဒသမ ၉၈) သန်းတို့ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းမှာ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ကိုဗစ် ၁၉ တိုက်ဖျက်ရေးအတွက် ထပ်မံလှူဒါန်းပေးမှုတစ်ခုဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး Vaccine အကြိမ်ရေ (Doses) ၁၁ ဒသမ ၁ သန်းကို အခမဲ့ ပံ့ပိုးပေးခဲ့ကာ သက်သာသည့်ဈေးနှုန်းဖြင့်လည်း တရုတ် Vaccine Doses သန်း ၃၀ ကျော်ရောင်းချပေးရန် ကူညီခဲ့ကြောင်း။
အဆိုပါ ကိုဗစ်-၁၉ ရောကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ထားရှိပြီး၊ ကာကွယ်ဆေးများကို တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် တရုတ်နိုင်ငံမှ မနက်ဖြန် မေလ(၁၉)ရက်တွင်ဆေးထိုးအပ် (၅)သန်းကိုလည်းကောင်း၊ မေလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျန်ရှိနေသည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_18 May 2022
ယူနက်စကိုတင်ထားသည့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသမှ ဘုရား၊ ပုထိုး၊စေတီနှင့် သာသနိကအဆောက်အအုံများတွင် ကပ်နေသော သစ်ပင်များနှင့်ရေညှိများကို ဇွန်လအတွင်း ဓာတုဆေးဝါးအသုံးပြု ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သိရသည်။
အသုံးပြုမည့် ဓာတုဆေးဝါးများမှာ အက်ဆစ်ဓာတ်ပါဝင်သည့် (အမိုနီယမ်ဘိုင်ကာဗွန်နစ်အက်ဆစ်)နှင့် (ဆိုဒီယမ်ဘိုင်ကာ ဗွန်နစ်အက်ဆစ်) စသည့်ဓာတုဆေးများဖြစ်ပြီး ယင်းတို့ကို ဆေးထိုးအပ်၊ ဂွမ်း၊ ပိုက်တံ၊ တစ်ချူးတို့ အသုံးပြု၍ ရှင်းလင်းသွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တာဝန်ရှိသူက ပြောသည်။
“အမိုနီယမ်ဘိုင်ကာဗွန်အက်ဆစ်နဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နစ်အက်ဆစ်ဆေးတွေကို ရေနဲ့ဖျော်ပြီးတော့ ရေသောက်မြစ်ကို ဆေးထိုးအပ်နဲ့ လိုအပ်သလို ထိုးသွင်းပြီးတော့ သတ်တဲ့နည်းနဲ့ လုပ်သွားမှာပါ။ ဆေးက အပြင်းစားမဟုတ်တဲ့အတွက် ကျောက်နဲ့ဆောက်တဲ့ အဆောက်အအုံတွေအတွက် ထိခိုက်စေနိုင်တာမရှိပါဘူး၊ ယူနက်စကို တင်ပြီးကတည်းကလည်း အဆောက်အအုံတွေကို သန့်ရှင်းရေး ပြုလုပ်နေတာ ရှိတယ်။ ဒါပေမဲ့ သာသနိကအဆောက်အအုံတွေမှာတွင် ပေါက်နေတဲ့
အပင်တွေကို စက်ကိရိယာတွေနဲ့ ရှင်းရင်ထိခိုက်နိုင်တယ်။ ဒါကြောင့်ဓာတုနည်းကို အသုံးပြုမှာဖြစ်ပါတယ်"ဟု ယင်းက ပြောသည်။
ယခုအခါ ရှင်းလင်းရမည့်အပင်အရေအတွက်၊ အဆောက်အအုံအရေအတွက် စာရင်းကောက်ယူနေပြီး ရှင်းလင်းပြီးပါကလည်း လေဒဏ်၊ မိုးဒဏ်ခံနိုင်မည့် ဆေးဝါးများသုတ်လိမ်းပေးသွားမည်ဖြစ်ကြောင်း၊ ဓာတုနည်းပညာဖြင့် ရှင်းလင်းရန် ကျွမ်းကျင်သော နည်းစနစ်ဖြစ်စေရေးအတွက်လည်း မြောက်ဦးအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့၊ ဂေါပကအဖွဲ့၊ မြောက်ဦးလူငယ်များအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဒေသခံများ စသည်တို့ကို ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေး ပညာရှင်များက သင်တန်းပို့ချထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 18 May 2022
၁။ ဘတ်စ်ကားမှတ်တိုင်တွင်ရပ်သည့် City Taxi များကို အရေးယူနေပြီ။
၂။ Tourist Visa ဖွင့်ပြီးနောက် အနောက်နိုင်ငံခရီးသွားများထက် အာရှနှင့်အာဆီယံခရီးသွားများသာ ဦးစွာ ပြန်ဝင်လာနိုင်ခြေရှိ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မွေးရပ်မြေတွင်စိုက်ထူပြသထားသည့် မာဂရက်သက်ချာ၏ရုပ်ထုအား ဆန္ဒပြသူတစ်ဦးကကြက်ဥဖြင့်ပစ်ပေါက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 18 May 2022
သီတဂူဆရာတော်ကြီး ခန္တီးမြို့ရှိ သီတဂူမျက်စိဆေးရုံအတွက် အမေရိကန်ဒေါ်လာ ၁ သိန်း ၃ သောင်းဖိုးလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လှူဒါန်းပေးအပ်မှုအခမ်းအနားကို မေလ ၁၇ ရက်နေ့က ခန္တီးမြို့ရှိ သီတဂူမျက်စိဆေးရုံမှာ ပြုလုပ်ခဲ့တာပါ။
ခန္တီးမြို့သို့ရောက်ရှိနေသည့် သီတဂူဆရာတော်ဘုရားကြီးသည် မျက်စိဆေးရုံသုံး ပစ္စည်းကရိယာများ တပ်ဆင်ပြီးသော သီတဂူခန္တီးဆေးရုံကို ကြည့်ရှုစစ်ဆေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုမျက်စိဆေးရုံအတွက် လိုအပ်သော ကရိယာပစ္စည်းများကို တန်းဖိုးအားဖြင့် အမေရိကန် ဒေါ်လာတစ်သိန်းသုံးသောင်းဖိုး လှူဒါန်းထားပြီး မကြာမီ သီတဂူခန္တီးမျက်စိဆေးရုံဖွင့်လှစ်မှာဖြစ်တယ်လို့ သီတဂူသတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရပါတယ်။
ဓါတ်ပုံ - သီတဂူစတား
ymg/kg
#Yangon_Media_Group
#WorldMystery
Published 18 May 2022
ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း အာကာသထဲမှ အမည်မသိအရာဝတ္ထု(UFO)များ ပိုမိုများပြားစွာတွေ့ရှိလာရကြောင်း အင်္ဂါနေ့မှာပြုလုပ်ခဲ့တဲ့ UFO အကြောင်း ရုံးတင်ကြားနာပွဲမှာ အမေရိကန်ကာကွယ်ရေးဌာနမှ ထိပ်သီးအရာရှိတစ်ဦးက ဥပဒေရေးရာရှေ့နေများထံ တင်ပြသွားပါတယ်။
"၂၀၀၀ ခုနှစ်အစောပိုင်းတွေတည်းက အမည်မသိယာဉ်ပျံများ သိုမဟုတ် အရာဝတ္ထုများကို စစ်တပ်ထိန်းချုပ်ရာ လေ့ကျင့်ရေးနယ်မြေများနဲ့ အခြားလေပိုင်နက်တွေမှာ ပိုမိုတွေ့ရှိလာရပါတယ်" လို့ ရေတပ်ထောက်လှမ်းရေးဒုညွှန်ကြားရေးမှူး'စကော့တ်ဘရေး'က လွှတ်တော်လုံခြုံရေးအဖွဲ့ကို တင်ပြခဲ့ပါတယ်။
ဒီလိုအများအပြားတွေ့လာရတာဟာ အမေရိကန်စစ်တပ်က တွေ့သမျှကြုံသမျှကို သတင်းတင်ပို့ခြင်းမရှိတာကြောင့်နဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်ဖြစ်တယ်လို့ 'ဘရေး'ကအပြစ်တင်လိုက်ပါတယ်။
ဒါပေမဲ့လည်း ဒီဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာ ပင်တဂွန်က ကမ္ဘာမြေပေါ်ကမဟုတ်တဲ့အရာလိုမျိုး ဘာတစ်ခုမှ မတွေ့ခဲ့ရဘူးလို့ ပြောသွားပါတယ်။
တဖက်မှာလည်း 'ဘရေး'က ထိုသို့သောဖြစ်နိုင်ချေကို အတိအကျ မဖြေရှင်းနိုင်ခဲ့ပါဘူး။
၂၀၂၁ ဇွန်လတုန်းက ကောင်းကင်မှာ ကမ္ဘာပြင်ပမှအရာများတွေ့ရတဲ့ အထောက်အထားမရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးက အဆိုပြုခဲ့ပေမယ့် စစ်တပ်လေယာဉ်မှူးများ မကြာခဏ ထိုအဖြစ်အပျက်တွေကို တွေ့နေရတာကိုလည်း မရှင်းပြနိုင်ခဲ့ပါဘူး။
အချို့ရှင်းပြချက်တွေမှာတော့ ဒရုန်းတွေ ငှက်တွေက အမေရိကန်စစ်တပ်ရဲ့ရေဒါစနစ်တွေမှာ လာငြိတာမျိုးကြောင့် ရှုပ်ထွေးသွားတာဖြစ်နိုင်ကြောင်း ဆိုပါတယ်။
အခြားအင်အားကြီးနိုင်ငံများဖြစ်တဲ့ တရုတ်နဲ့ရုရှားတို့လို နိုင်ငံတွေရဲ့ စစ်လက်နက်နည်းပညာများစမ်းသပ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးတို့က အဆိုပါယာဉ်ပျံများ ဒါမှမဟုတ် အရာဝတ္ထုများက အမေရိကန်ပြည်ထောင်စုအပေါ် ခြိမ်းခြောက်မှုများရှိလာမလားဆိုတာကို ဆွေးနွေးဆုံးဖြတ်သွားဖို့ အဓိက စိတ်ဝင်စားနေကြပါတယ်။
"ဒီလိုအမည်မသိ ယာဉ်ပျံတွေကို နိုင်ငံတော်လုံခြုံရေးကိုခြိမ်းခြောက်နိုင်တဲ့အရာအဖြစ်ပဲ မှတ်ယူထားဖို့လိုပါတယ်"လို့ ကြားနာပွဲအဖွဲ့ဥက္ကဌ အင်ဒီယာနာဒီမိုကရက်တစ်ကိုယ်စားလှယ်'အန်ဒရီကာဆန်'က ပြောသွားပါတယ်။
Source: AFP
#Yangon_Media_Group
#LocalNews
Published - 18 May 2022
မေလ(၁၈)ရက် နံနက်ပိုင်း(၆)နာရီကျော်အချိန်က ကျိုင်းတုံမြို့အနီး အင်အားရစ်တာစကေး (၅.၀)အဆင့်ရှိ မြေငလျင်လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရပါတယ်၊၊
နမ့်စန်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၅) မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်းကျိုင်းတုံမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် (၆၂) မိုင်ခန့်အကွာမှာ ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၅.၀)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်၊၊
မြန်မာနိုင်ငံမှာ ယခုကာလအတွင်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေသာလှုပ်ခတ်မှုရှိခဲ့တာဖြစ်ပြီး အခုပထမဦးဆုံးအနေနဲ့ အင်အားအသင့်အတင့်ရှိတဲ့ အင်အားရစ်တာစကေး(၅.၀)အဆင့်ရှိတဲ့ မြေငလျင်ဟာ ကျိုင်းတုံမြို့အနီးလှုပ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 18 May 2022
Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် အသက်(၅)နှစ်အရွယ်မှ စတင်ထိုးနှံနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကိုပါ ဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်သည့် ကာကွယ်ဆေးဖြစ်ကြောင်း သိရပါတယ်။
epu စက်မှုဝန်ကြီးဌာနဝန်ကြီး ဒေါက်တာချာလီသန်းသည် မနေ့ကနံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)သို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးက Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ကျန်းမာရေးဝန်ကြီးဌာနသို့ သတ်မှတ်အချိန်တွင် သတ်မှတ်အရေအတွက်အတိုင်း ဖြန့်ဖြူးနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဦးတည်အုပ်စုဝင်အားလုံးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အမြန်ဆုံးထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဖြည့်သွင်းထုတ်လုပ်နေတဲ့ လုပ်ငန်းစဉ်များ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် Bulk များ အချိန်မီရောက်ရှိစေရေး ကြိုတင်ညှိနှိုင်းထားဖို့ ပြောကြားခဲ့ပါတယ်။
Myancopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကိုလည်း ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ဘေးကင်းစိတ်ချစွာ အသုံးပြု ထိုးနှံနိုင်ကြောင်း သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 18 May 2022
ကုန်းအတက်တွင် နောက်ပြန်လိမ့်သည့် (၁၂)ဘီးယာဥ်ကြောင့် ဆိုင်ကယ်စီးနင်းသူတစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဥ်တစ်ခု ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်၊ ခွန်သာ-တပ်ကလေးလမ်းတွင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖြစ်စဥ်ဟာ မေလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခွန်သာ-တပ်ကလေးလမ်းတွင် ၁၂ ဘီး(ဖြူ/ပြာ) ရောင်ယာဉ်တစ်စီးသည် ခွန်သာကုန်းအတက်တွင် မတက်နိုင်ဘဲ နောက်ပြန်လိမ့်စဉ် ၄င်းယာဥ်နောက်မှကပ်ပါလာသော ဆိုင်ကယ်အား တိုက်မိမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရာသို့ ဗန်းမော်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရပြီး အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်ယာဉ်မောင်းနှင်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့သူ၏ (DB)ကိုလည်း ဗန်းမော်မြို့နယ် နာရေးကူညီမှုအသင်းမှ ယာဉ်ဖြင့် ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Photo - MFSD
ymg/kg
#Yangon_Media_Group
#Cryptocurrency
Published 18 May 2022
ဘစ်ကွိုင်က ထိရောက်မှုအားနည်းခြင်းနဲ့ ထိန်းသိမ်းဆောင်ရွက်စရိတ်မြင့်မားခြင်းတို့ကြောင့် အနာဂတ်မှာ ငွေပေးချေမှုကွန်ရက်အဖြစ် အသုံးဝင်နိုင်မှာမဟုတ်ဘူးလို့ ခရစ်ပ်တို့ငွေလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ FTX ရဲ့ အမှုဆောင်အရာရှိချုပ်'ဆမ်ဘန့်ခ်မန်းဖရိုင်း'က ပြောဆိုလိုက်ပါတယ်။
ဘစ်ကွိုင်ကိုအခြေခံထားတဲ့ ဘလော့ချိန်းအဝင်အထွက်စာရင်းများကို အတည်ပြုအကဲဖြတ်ပေးမယ့် ခရစ်ပ်တိုလည်ပတ်မှုစနစ်ကြီးဟာ ခရစ်ပ်တိုကို ထိရောက်တဲ့ငွေပေးချေမှု စနစ်တစ်ခုဖြစ်စေမယ့် သန်းပေါင်းများစွာသော ခရစ်ပ်တိုအထုတ်အသွင်းစာရင်းများကို ထိန်းချုပ်ဖြေရှင်းနိုင်စွမ်းမရှိကြောင်း 'ဘန့်ခ်မန်းဖရိုင်း'က ဆိုပါတယ်။
ခရစ်ပ်တိုဈေးကွက် အလွန်လျင်မြန်စွာကြီးထွားလာခဲ့ရာမှ ဇန်နဝါရီလနောက်ပိုင်းကစပြီး ဘစ်ကွိုင်ရောင်းချခြင်းများကြောင့် ဘစ်ကွိုင်တန်ဖိုး ၃၅ ရာခိုင်နှုန်းကျော် လျော့နည်းသွားရပြီး ခရစ်ပ်တိုဈေးကွက် စတင်ထိခိုက်လာပါတယ်။
ဒါဟာ ၂၀၂၀ နောက်ပိုင်း အနိမ့်ဆုံးပမာဏအထိလျော့နည်းခဲ့တာဖြစ်ပေမယ့် အချို့ခရစ်ပ်တိုဝါသနာရှင်တွေကတော့ နေ့စဉ်ရောင်းဝယ်ပေးချေမှုတွေမှာ ဘစ်ကွိုင်ကို အသုံးပြုနေဆဲဖြစ်ပါတယ်။
အယ်လ်ဆာဗေဒေါနဲ့ စင်ထရယ်အာဖရိကန်ရီပတ်ဘလစ်တို့လို နိုင်ငံတွေမှာ ဘစ်ကွိုင်ကို တရားဝင်တင်ဒါအဖြစ် သတ်မှတ်ထားပါတယ်။
ဘစ်ကွိုင်အသုံးပြုချင်လာအောင် ဘစ်ကွိုင် ATM တွေနဲ့ အခြားဝန်ဆောင်မှုတွေ ဖန်တီးပေးထားပေမယ့် အယ်လ်ဆာဗေဒေါမှာ ဘစ်ကွိုင်အသုံးပြုမှု နည်းပါးကြောင်း အမေရိကန်ပညာရှင်များက သုတေသနလေ့လာချက် ပြုလုပ်ထားပါတယ်။
အသက် ၃၀ အရွယ်ရှိ ဘီလျံနာ'ဘန့်ခ်မန်းဖရိုင်း'ဟာ FTX ကုမ္ပဏီကို ကမ္ဘာ့အကြီးဆုံးအွန်လိုင်းငွေလဲလှယ်ရေးလုပ်ငန်းအဖြစ် ချဲ့ထွင်နိုင်ခဲ့သူဖြစ်ပါတယ်။
ခရစ်ပ်တိုငွေပေးချေမှု ထိရောက်စွာလုပ်ဆောင်နိုင်ဖို့အတွက် အခြားနည်းလမ်းများအဖြစ် ဘလော့ချိန်းသဘောတူညီမှုဆိုင်ရာ ယန္တရားနဲ့ နည်းပညာတီထွင်ကြံဆမှုတွေ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
တစ်စက္ကန့်အတွင်း သန်းပေါင်းများစွာသော ငွေကြေးအဝင်အထွက်စာရင်းများ ပြုလုပ်ဖို့ဆိုရင် အကုန်အကျနည်းပါးပြီး ပေါ့ပါးမြန်ဆန်မှုရှိမှ ထိရောက်မှာဖြစ်ပါတယ်။
အခြားခရစ်ပ်တိုတစ်ခုဖြစ်တဲ့ အီသယ်ရီယန်(Ethereum)ကတော့ ဘလော့ချိန်းသဘောတူညီမှုဆိုင်ရာ ယန္တရားစနစ်မျိုးကို ပြောင်းလဲဖို့ကြိုးစားနေပါတယ်။
ဘစ်ကွိုင်လည်ပတ်မှုစနစ်တွေက ကာဗွန်ထုတ်လွှတ်မှု စည်းမျဉ်းနဲ့ငြိတယ်ဆိုပြီး အချို့ဥရောပတာဝန်ရှိသူများက ပိတ်ပင်ဖို့တောင်းဆိုနေကြပါတယ်။
ဘစ်ကွိုင်ရှာဖွေစုဆောင်းခြင်းက နော်ဝေနဲ့ဆွီဒင်အပါအဝင် နိုင်ငံအများအပြားမှာ စွမ်းအင်သုံးစွဲမှုများလျက်ရှိကြောင်း ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ဘစ်ကွိုင်လျှပ်စစ်သုံးစွဲရေးညွှန်းကိန်းဌာနက ဖော်ပြထားပါတယ်။
'ဘန့်ခ်မန်းဖရိုင်း'က ဘစ်ကွိုင်အပေါ် သူ့ရဲ့အမြင်ကိုပြောပြခဲ့ပေမယ့် ကမ္ဘာ့အအောင်မြင်ဆုံးခရစ်ပ်တိုဖြစ်တဲ့ ဘစ်ကွိုင်ဟာ ဈေးကွက်မှာ နေရာတစ်ခုရနေသေးတယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။
"ဘစ်ကွိုင်က ပပျောက်သွားမှာတော့မဟုတ်ပါဘူး။ ရွှေလိုမျိုး တန်ကြေးတစ်ခုရှိပြီး ထိန်းသိမ်းထားနိုင်တဲ့အရာမျိုးဖြစ်ပါတယ်" လို့ ပြောကြားသွားပါတယ်။
Source: FT
#Yangon_Media_Group
#LocalNews
Published - 18 May 2022
လက်ရှိကာလတွင် ပြည်တွင်းကား စျေးနှုန်းတွေဟာ ငွေကျပ် သိန်း ၂၀မှ ငွေကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်နေပြီး စျေးကွက်အတွင်းမှာလည်း အရောင်းအဝယ်တွေအေးနေတယ်လို့ သိရပါတယ်။
ယခုလို ပြည်တွင်းကားစျေးနှုန်းတွေ အမြင့်တန်းမှာ ရောက်ရှိနေတာဟာ ဒေါ်လာစျေးနှင့်စက်သုံးဆီဂယက်ကြောင့် ဖြစ်တယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ဆိုပါတယ်။
"ပြည်တွင်းကားစျေးက မူလပေါက်စျေးထက် စျေးတွေတက်နေတာပေါ့။ ကားမျိုးအစားအပေါ် မူတည်ပြီး သိန်း ၂၀ ကျော်၊ သိန်း ၃၀ ကျော်အထိ မြင့်တက်နေတာပေါ့။ ပြောရရင် စျေးကွက် အ နေအထားကလည်း အေးတယ်။ အခုဆို ကျောင်းဖွင့်ရာသီ ပုံမှန်ကျောင်းဖွင့်ရာသီ အခုလိုအချိန်မျိုးဆို ကားတွေရောင်းနေရပြီ။ ဒီနှစ်ကျပါးတယ် ပြောရမယ်။ အတော်လေးပါးတယ်။ ကြိုက် ရောင်း၊ ကြိုက်ဝယ်အနည်းငယ် လောက်ပဲရှိတယ်။
ဒီနှစ်တစ်နှစ်လုံးတော့ ဒီလိုပုံစံနဲ့ပဲ သွားနေအုံးမယ်ထင်ပါတယ်။ စျေးကွက်က ထူးထူးခြားခြားကြီး ပြောင်းလဲသွားတာမျိုးတော့ မရှိနိုင်ဘူးထင်တယ်။ ဘာလိုလဲဆိုတော့ ကားမူဝါဒတွေကမ ပြောင်းလဲဘူး၊ အသစ်မထွက်ဘူး ဒီအတိုင်းပဲ ဆက်ရှိနေတော့ ပြည်တွင်းကား စျေးကွက်က ကား စျေးတွေတက်နေပေမဲ့ ဒီလိုပုံစံနဲ့ပဲ ဆက်သွားနေအုံးမှာပါ။"လို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။
ဒါ့အပြင် လာမည့် ကာလများတွင်လည်း ပြည်တွင်းကား စျေးနှုန်းက အမြင့်ပိုင်းသာရှိ နေမယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ခန့်မှန်းထားကြတာပါ။
ယခင်က သိန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူလို့ရတဲ့ ဟွန်ဒါဖစ်ဟာ ယခုကာလမှာတော့ ကျပ်သိန်း ၂၀၀ ကျော်အထိ ပေါက်စျေးရှိ နေတာဖြစ်ပါတယ်။
ထို့အပြင် ရန်ကုန်ကားဝိုင်းအတွင်းမှာတော့ မော်ဒယ်မြင့်ကားများထက် တပတ်နွမ်းဂျပန်ကားများသာ ပိုမိုအရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။
ymg/kg
#Yangon_Media_Group
#WorldHealth
Published 18 May 2022
အသက် ၅၀ နားနီးတဲ့သူတွေအနေနဲ့ ဘလူးဘယ်ရီဖျော်ရည်ဖန်ခွက်တဝက်နေ့စဉ်သောက်သုံးခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းခြင်းလက္ခဏာမှ ကင်းဝေးစေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာ အနည်းငယ်ခံစားရပြီး အဝလွန်နေတဲ့လူကြီး ၁၃ ယောက်ဟာ ဘလူးဘယ်ရီကို ၃ လစားသုံးပြီးနောက် အသီးမစားသုံးတဲ့သူတွေနဲ့နှိုင်းယှဉ်ပါက မှတ်ဉာဏ်စွမ်းရည် သိသိသာသာတိုးတက်လာတာကို စင်စင်နာတီတက္ကသိုလ်မှ သုတေသီများက စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
ဘယ်ရီတွေမှာ ရောင်ရမ်းခြင်းကိုလျှော့ချပေးနိုင်တဲ့ ဖလေဗိုနွိက်တစ်မျိုးဖြစ်တဲ့ အန်သိုဆိုင်ယာနင်များ ပါဝင်တာကြောင့် ကျန်းမာရေးကာကွယ်မှုပေးနိုင်တယ်လို့ ယူဆနေကြပါတယ်။
ဘလူးဘယ်ရီကြောင့် မှတ်ဉာဏ်စွမ်းရည်တိုးတက်လာတာလား ဒါမှမဟုတ် အခြားအကြောင်းအရာကြောင့်လား ဆိုတာကိုတော့ ခွဲခြားဖို့ခက်ခဲနေသေးတယ်လို့လည်း ဝန်ခံခဲ့ကြပါတယ်။
သိပ္ပံပညာရှင်များက စင်စင်နာတီမှ ကိုယ်အလေးချိန်များနေတဲ့ အသက် ၅၀ နားအရွယ်လူကြီး ၃၃ ဦးကို ခေါ်ယူစမ်းသပ်ခဲ့ပြီး Nutrients ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
သူတို့အားလုံးက ကိုယ်အလေးချိန်ပေါင် ၂၀၀ ခန့်ရှိသူများဖြစ်ပြီး အဝလွန်သူများအဖြစ်သတ်မှတ်ထားပါတယ်။
ခန္ဓာကိုယ်က အင်ဆူလင်ကို မတုန့်ပြန်နိုင်တော့ဘဲ ဆီးချိုရောဂါဖြစ်လာနိုင်တဲ့ သူတွေဖြစ်ပါတယ်။
ဆီးချိုရောဂါ ဒုတိယအမျိုးအစားဖြစ်လာရင်တော့ မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်လာနိုင်တဲ့ အလားအလာရှိနေပါတယ်။
သူတို့ထဲကအဖွဲ့တစ်ဖွဲ့ကို ဘလူးဘယ်ရီဖျော်ရည်ထုပ်ကို ဖန်ခွက်တဝက်ခန့် နေ့စဉ်ဖျော်တိုက်ခိုင်းပြီး နောက်တစ်ဖွဲ့ကိုတော့ အာနိသင်မပါတဲ့ ဖျော်ရည်ထုပ် တိုက်ခိုင်းခဲ့ပါတယ်။
ဒီစမ်းသပ်ချက်မှာ စမ်းသပ်ခံသူတွေနဲ့ သုတေသီတို့က ဘယ်သူတွေက တကယ့်ဖျော်ရည်သောက်လဲ၊ ဘယ်သူတွေက အာနိသင်မပါတဲ့ ဖျော်ရည်သောက်လဲဆိုတာကို မသိအောင်ထိန်းချုပ်ထားပါတယ်။
စမ်းသပ်ချက်မစတင်မီမှာ အစမ်းသပ်ခံတွေရဲ့မှတ်ဉာဏ်တွေကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၁၂ ပတ်ကြားစမ်းသပ်မှုအပြီးမှာလည်း ထပ်မံစစ်ဆေးခဲ့ပါတယ်။
အဲဒီမှာ ဘလူးဘယ်ရီသောက်သုံးတဲ့ လူလတ်ပိုင်းတွေက မှတ်ဉာဏ်စဉ်းစားဆုံးဖြတ်နိုင်စွမ်းတိုးတက်လာကြောင်း တွေ့ရှိရတယ်လို့ စိတ်ရောဂါပညာရှင်ဒေါက်တာ'ရောဘတ်ကရီကိုရီယန်'က ဖော်ပြခဲ့ပါတယ်။
အစောပိုင်းအရွယ်ကတည်းက မှတ်ဉာဏ်ချို့တဲ့ခြင်းဖြစ်ပေါ်နိုင်တဲ့ အခြေအနေ အမြစ်တွယ်လာတဲ့သူတွေမှာ ဘလူးဘယ်ရီသောက်သုံးပေးခြင်းက မှတ်ဉာဏ်စွမ်းရည်ကျဆင်းမှုကို ကာကွယ်ပေးနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်ပေါ်နိုင်တဲ့ ကနဦးလက္ခဏာတွေက မေ့လျော့ခြင်း၊ အာရုံစိုက်ဖို့ခက်ခဲခြင်းနဲ့ အခြားသူတွေနဲ့ဆက်ဆံရခက်ခဲခြင်းတို့ ဖြစ်ပါတယ်။
အသက်အရွယ်ကြီးရင့်လာခြင်းကလည်း ရောဂါအဖြစ်နိုင်ဆုံးအခြေအနေဖြစ်ပေမယ့် မျိုးရိုးလိုက်ခြင်းနဲ့ နှလုံးရောဂါတိုကြောင့်လည်း အဖြစ်များပါတယ်။
ဒီအတွက် ကုသဆေးမရှိဘဲ ရောဂါလက္ခဏာ ပိုမိုဆိုးရွားမလာအောင် ထိန်းသိမ်းခြင်းဖြင့်သာ အချိန်ဆွဲထားရပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldMilitary
Published 17 May 2022
အမေရိကန်မှ ယူကရိန်းသို့တင်ပို့နေတဲ့ လက်နက်တွေပိုလျှံလာပြီး မှောင်ခိုဈေးကွက်ကိုရောက်ရှိလာခြင်းဖြင့် မသမာသူတွေလက်ထဲသို့ရောက်ရှိကာ နိုင်ငံအတွင်းသေဆုံးပျက်စီးခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးရေးသတင်းထောက်'ဒန်နီယယ်လာဇာ'က ဖော်ပြလိုက်ပါတယ်။
#Yangon_Media_Group
Page 1475 of 1639