#DailyNews
Published_ 2 January 2023
၁။ ၂၀၂၃ ခုနှစ်(၁၁)လပိုင်းရောက်ချိန်တွင် နိုင်ငံရေး၊ စီးပွားရေးအားလုံးပြန်ကောင်းမွန်သွားမည်ဟုဆို
၂။ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ယမန်နှစ်ထက် ၃၁ သန်းကျော်လျော့ကျ
၃။ ပြည်ပခရီးသွားဧည့်သည်များ ပြည်တွင်းသို့ ယခင်ထက်ပိုမိုဝင်ရောက်လာပြီဟုဆို
၄။ ၂၀၂၃ ခုနှစ်မှစ၍ တရုတ်ပြည်၏ တင်သွန်းကုန်အခွန်နှုန်းထားလျှော့ချသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 January 2023
နှစ်သစ်ကူးပိတ်ရက်တွေမှာ ပုဂံဒေသကိုလာရောက်တဲ့သူတွေများခဲ့ပြီး ပုဂံရှိလိုင်စင်ရဟိုတယ်တွေမှာ တည်းခိုသူ(၈၀)ရာခိုင်နှုန်းပြည့်ခဲ့တယ်လို့ ပုဂံဒေသရှိဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 2 January 2023
(၄၆)ကြိမ်မြောက် အောင်ဘာလေသိန်း(၅၀၀၀)ထီဆုကြီးကို ပရဟိတသမားတစ်ဦးဖြစ်သည့် ပုဗ္ဗတွဲလက်များလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုဟိန်းမင်းဝင်းမှ ဆွတ်ခူးခဲ့ကြောင်း သိရသည်၊၊
ဒါနှင့်ပတ်သက်၍ ကိုဟိန်းမင်းဝင်းမှ YMG ကို"ထီသိန်း(၅၀၀၀)ဆုက ကျွန်တော်တစ်ယောက်တည်း ပေါက်တာတော့မဟုတ်ဘူး၊၊ ကျွန်တော့်အသင်းက ညီမတစ်ယောက်နဲ့ တစ်ယောက်တစ်ဝက်ပေါက်တာဆိုတော့ တစ်ယောက်တစ်ဝက်ခွဲယူတယ်ပေါ့၊၊ ထီပေါက်သွားတဲ့အတွက် အများအတွက်လှူဒါန်းမှုများရှေ့ဆက်ပြီးတော့ ပိုမိုလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်၊၊ အသင်းမှာလိုအပ်နေတဲ့ လူနာတင်ယာဉ်နှစ်စီးဝယ်ပြီး အားဖြည့်ဖို့နဲ့ နာမကျန်းတဲ့သူတွေကိုလှူဒါန်းသွားဖို့ရှိတယ်"လို့ ပြောပြထားသည်၊၊
ကျပ်သိန်းငါးထောင် အထူးဆုကြီးကိုတော့ အေးငြိမ်းချမ်းသာထီဆိုင်ကနေပေါက်ခဲ့တာဖြစ်ပြီးရရှိလာသည့် ဆုကြေးငွေဖြင့် ပုဗ္ဗတွဲလက်များလူမှုကူညီရေးအသင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 2 January 2023
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လာမည့် လွတ်လပ်ရေးနေ့တွင် မြန်မာလုပ်သား ၅၀ ဦးကို စေလွှတ်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ဆီမှ အသိပေးထုတ်ပြန်ထားသည်။
တောင်ကိုရီးယားနိုင်ငံသို့ ၂၀၂၃ ခုနှစ်အတွက် ပထမဆုံးအနေဖြင့် စေလွှတ်မည့် အလုပ်သမားများဖြစ်ကြောင်း၊ ယင်းအပြင်စေလွှတ်မည့် အလုပ်သမား ၅၀ဦးသည် တောင်ကိုရီးယားနိုင်ငံတွင် လုပ်ကိုင်ခဲ့ဖူးသည့် လုပ်သားဟောင်း(Re-entry) များဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။ တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာလအလွန်နောက်ပိုင်းတွင် ပြည်ပသို့သွားရောက်လုပ်ကိုင်သူများပြားလာပြီး ထိုင်းနိုင်ငံသို့သွားရောက်သူဦးရေမှာ အများဆုံးဖြစ်ပြီး တရားမဝင်သွားရောက်သူမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 2 January 2023
အွန်လိုင်း Page များမှ တစ်ဆင့်အစားအသောက်များကို ဝယ်ယူရာတွင် ငွေပေးချေပြီးနောက်လိမ်လည်မှုများဖြစ်နေသဖြင့်Online Shopping ဝယ်ယူခြင်းမပြုမီ စစ်ဆေးရန် စားသုံးသူရေးရာဦးစီးဌာနက အသိပေးချက်ထုတ်ပြန်လိုက်သည်၊၊
ထုတ်ပြန်ချက်တွင် စားသုံးသူပြည်သူများ အနေဖြင့် Online Shopping ရောင်းဝယ်မှုများတွင် အမျိုးမျိုးသော လိမ်လည်မှုများကို ရင်ဆိုင်ကြုံတွေ့ရသည့် အချက်များနှင့် Online Shopping ဝယ်ယူခြင်းမပြုမီ သတိပြုစိစစ်ရမည့်အချက်များအား အသိပေးတင်ပြထားသည်၊၊
စာသုံးသူများအနေဖြင့် မိမိဝယ်ယူသည့် Online Shopping Pageတွင် ဆက်သွယ်ရန်လိပ်စာမှာ လက်တွေ့မြေပြင်တွင်ရှိမရှိ၊ မိမိဝယ်ယူသည့် Page သည် စားသုံးသူအများစုဝယ်ယူခြင်းရှိမရှိ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ခွင့်ပြုထားခြင်းရှိမရှိ၊ လုံခြုံစိတ်ချရသောငွေပေးချေမှုစနစ်ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းဟုတ်မဟုတ်၊ ယုံကြည်စိတ်ချရသော Online Shop Platform များဖြင့် ချိတ်ဆက်ထားခြင်း ရှိမရှိ၊Face Bookတွင် Blue Mark ရရှိထားခြင်းရှိမရှိ၊ သုံးစွဲသူစားသုံးသူများ၏ Review များရှိ မရှိကြည့်ရူဝယ်ယူနိုင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 2 January 2023
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း တာဝါတိုင်(၁)တိုင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)သို့ လျှပ်စစ်ဓာတ်အား (၂၅၀) မဂ္ဂါဝပ် ခန့် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း မဟာဓာတ်အားလိုင်း၏ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ညောင်လေးပင် ခရိုင်၊ ကျောက်တံခါးမြို့အနီးရှိ တာဝါတိုင်(၁)တိုင်ကို ဇန်နဝါရီလ ၁ ရက် နံနက် ၁ နာရီခန့်အချိန်တွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖောက်ခွဲမှုများကြောင့် တာဝါတိုင်တိမ်းစောင်းသွားခဲ့သည့်အတွက် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများက တာဝါတိုင်လဲကျ၍ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ပုံမှန်ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ပုံမှန်ပို့လွှတ်နေသည့် ဓာတ်ငွေ့ပမာဏထက် လျှော့ချပို့လွှတ်နေစဉ် ရတနာကမ်းလွန်ပလက်ဖောင်းပေါ်ရှိ ဓာတ်ငွေ့ ဖိအားထိန်းချုပ်စနစ်ချို့ယွင်းမှု ဒီဇင်ဘာလ ၃၁ ရက်က ဖြစ်ပွားခဲ့သောကြောင့် မူလဓာတ်ငွေ့ပို့လွှတ်မှု ပမာဏထက်လျော့ကျခဲ့၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝ ဓာတ်ငွေ့စက်ရုံများမှ စုစုပေါင်းထုတ်လုပ်မှု (၅၃၀) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့သဖြင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ခြင်း၊ ဓာတ်အားစနစ်ကွန်ရက်တည်ငြိမ်မှု ရှိစေရန်အတွက် အခြားသော ၂၃၀ ကေဗွီ ဓာတ်အားလိုင်းများမှ ဝန်အားမျှ၍ ပို့လွှတ်ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 2 January 2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် လက်ရှိအချိန်ထိ ဝင်ခွင့်လျှောက်ထားသူဦးရေမှာ ၁၇၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ စာမေးပွဲကို လာမည့် မတ်လ ၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပြီး ၂၀၂၃ ခုနှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် အချိန်စာရင်းကိုလည်း အသိပေး ထုတ်ပြန်ကြေညာထားသည်။
“ လျှောက်လွှာတွေကတော့ ခုချိန်ထိ လက်ခံနေပါတယ်။ မပိတ်သေးဘူး။ လက်ရှိအထိကို ၁၇၀၀၀၀ ကျော်လောက်ရှိပါတယ်”ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန့်က ပြောသည်။
လာမည့်မတ်လ ၈ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၈ ရက်မှ ၁၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းသုံးသိန်းကျော် ဝင်ရောက်ဖြေဆိုရန်ရှိနေကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၂၈၁,၇၅၁ ဦး ရှိပြီး အောင်မြင်သူ ၁၃၂,၀၇၇ ဦးရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 2 January 2023
YBS အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း-ကော့မှူး-တွံတေး-ဒလ ခရီးစဉ်သစ်ကို ဇန်နဝါရီလ ၁ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) က သိရသည်။
အဆိုပါ ယာဉ်လိုင်းသစ်ကို စံဝေလအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ပြေးဆွဲခြင်းဖြစ်ပြီး City Bus ၄ စီးဖြင့် နံနက် ၆နာရီခွဲတွင် ၁ စီး၊ နံနက် ၇နာရီတွင် ၁ စီး၊ နံနက် ၇နာရီခွဲတွင် ၁ စီး၊ နံနက် ၈နာရီတွင် ၁ စီး ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
ယင်းယာဉ်လိုင်း ပြေးဆွဲခြင်း အခမ်းအနားကို ဇန်ဝါရီလ ၁ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း တွံတေး-ဒလခရီးစဉ်နှင့် တွံ့တေး-လှိုင်သာယာခရီးစဉ်တို့ကို စံဝေလအများနှင့် သက်ဆိုင်သည့်ကုမ္ပဏီလီမိတက်က ပြေးဆွဲခဲ့သေးကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published_ 2 January 2023
ဇန်နဝါရီလတွင် စစ်ကိုင်း၊ ကချင် ရှမ်းနှင့်မွန်ဒေသများတွင် မြူကျရက် ပိုများနိုင်ပြီး ဇန်နဝါရီတစ်လလုံးတွင် မြူကျရက် ၁၈ ရက်မှ ၂၅ ရက်အထိရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်၊၊
အဆိုပါ မြူကျရက်များကို၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလလပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် ထုတ်ပြန်ဖော်ပြထားခြင်းဖြစ်သည်၊၊
ဇန်နဝါရီလ ပထမဆယ်ရက်တာကာလအတွင်း ခန့်မှန်းချက်၌ တနင်္သာရီတိုင်းဒေသကြီးတွင် ဇန်နဝါရီလပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အောက်(သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နှင့် အောက်လျောနည်းနိုင်သဖြင့် ပုံမှန်ထက်ပိုအေးနိုင်မည် ဖြစ်သည်၊၊
ဇန်နဝါရီတစ်လတာအတွင်း မြူအခြေအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ၁၈ ရက်မှ ၂၅ ရက်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တိုတွင် (၁၀)ရက်မှ (၁၇)ရက်ခန့်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ၂ရက်မှ (၉)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 2 January 2023
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ အောင်မင်္ဂလာကားဝန်း စစ်ကိုင်လမ်းနှင့် တနင်္သာရီလမ်းတို့တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်း(၂)လောင်းတွေ့ရှိရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်၊၊
ဇန်နဝါရီ(၂)ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ်၊ အောင်မင်္ဂလာကားဝန်း စစ်ကိုင်လမ်းတွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်း ၁ လောင်း၊ တနင်္သာရီလမ်းတွင် ပိုင်ရှင်မဲ့အမျိုးသား အလောင်း ၁ လောင်း စုစုပေါင်း အမျိုးသားအလောင်း (၂)လောင်း သေဆုံးနေသည်ဟု ဆက်သွယ်အကူညီတောင်းခံမှုကြောင့် ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သေဆုံးနေသော အမျိုးသား (၂) လောင်းအား မေဓာဝီဆေးရုံသို့ ပို့ဆောင်ပြီး (PR-5/7)ဖြစ် အပ်နှံကူညီပေးခဲ့ကြောင်းနှင့် မိသားစုဝင်များ ဆက်သွယ်နိုင်ရန် ဓာတ်ပုံများတင်ထားပေးကြောင်း သိရသည်၊၊
သေဆုံးသူများကို သိရှိပါက ပုလဲအရန်မီးသတ်တပ်ဖွဲ့ 09-946659399 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Business
Published 2 January 2023
ကနေဒါနိုင်ငံမှာ နိုင်ငံခြားသားများ အိမ်ရာဝယ်ယူခြင်းတားမြစ်ချက်ကို ဇန်နဝါရီ ၁ ရက်နေ့ကစတင်ကာ သတ်မှတ်လိုက်ပြီး အိုးအိမ်အကြပ်အတည်းကြုံတွေ့နေတဲ့ ဒေသခံပြည်သူများအတွက် နေအိမ်အခွင့်အလမ်းပိုမိုရရှိစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ခြွင်းချက်အများအပြားရှိတဲ့အထဲ ဒုက္ခသည်များ၊ နိုင်ငံသားမဟုတ်တဲ့ အမြဲတမ်းနေထိုင်သူများအတွက်တော့ ခွင့်ပြုပေးဦးမှာဖြစ်ပါတယ်။
ဝယ်ယူခွင့်တားမြစ်ချက်ဟာ မြို့လူနေအိမ်များမှာသာ သက်ရောက်မှာဖြစ်ပြီး အပန်းဖြေအိမ်ခြံများပေါ် သက်ရောက်မှာမဟုတ်ကြောင်း ရှင်းလင်းပြောကြားထားပါတယ်။
အိမ်ဈေးမြင့်တက်ပြီး ကနေဒါနိုင်ငံသားအများအပြား အိမ်ဈေးလက်လှမ်းမမီတဲ့အချိန်မှာ ၂၀၂၁ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလအတွင်း ဝန်ကြီးချုပ်'ဂျပ်စတင်ထရူဒေါ'က ယာယီ ၂ နှစ်သတ်မှတ်ရန် အကြံပြုခဲ့တာဖြစ်ပါတယ်။
"ကနေဒါအိမ်ရာတွေရဲ့ အခြေအနေတွေက အကျိုးအမြတ်ကြည့်သူတွေ၊ ချမ်းသာကြွယ်ဝတဲ့ ကော်ပိုရေးရှင်းတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ဆွဲဆောင်စရာဖြစ်နေပါတယ်" လို့ ဝန်ကြီးချုပ်ရဲ့လစ်ဘရယ်ပါတီက မဲဆွယ်စဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။
"အသုံးမပြုတဲ့အိမ်တွေ၊ လစ်လပ်အိမ်ရာတွေ၊ ဈေးနှုန်းထိုးတက်လာတာတွေ ဖြစ်လာပါတယ်၊ အိမ်ဆိုတာ လူတွေနေထိုင်ဖို့ဖြစ်ပါတယ်၊ ရင်းနှီးမြှုပ်နှံဖို့ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၁ မှာ ရွေးကောက်ပွဲအနိုင်ရပြီးနောက် လစ်ဘရယ်တွေက ကနေဒါမဟုတ်သူတွေ လူနေအိမ်ဝယ်ယူခြင်းတားမြစ်ချက်ကို တိတ်တဆိတ်မိတ်ဆက်တင်ပြခဲ့ပါတယ်။
ဗန်ကူဗာနဲ့ တိုရွန်တိုတို့လို အဓိကဈေးကွက်နေရာတွေမှာ နေထိုင်သူမဟုတ်သူများနဲ့ အိမ်အလွတ်များကို အခွန်ပေးဆောင်စေခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ရန် ကနေဒါဘဏ်ရဲ့ငွေကြေးမူဝါဒအတိုင်း အပေါင်နှုန်းလိုက်တက်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ အိမ်ခြံမြေဈေးကွက်က ရောင်းသူတွေကို ဈေးငြိမ်သက်အောင် ပြုလုပ်ခဲ့ပါတယ်။
ကနေဒါအိမ်ခြံမြေအသင်းရဲ့အဆိုအရ ၂၀၂၂ အစမှာ ပျမ်းမျှအိမ်ဈေးနှုန်း အမေရိကန်ဒေါ်လာ ၅၉၀,၀၀၀ အမြင့်ဆုံးဖြစ်ခဲ့ရာကနေ ပြီးခဲ့တဲ့လက ၄၆၅,၀၀၀ ဒေါ်လာအထိ ကျဆင်းသွားခဲ့ပါတယ်။
ကနေဒါမှာ အိမ်မြေပိုင်ဆိုင်မှု ၅ ရာခိုင်နှုန်းအောက်သာရှိတဲ့ နိုင်ငံခြားဝယ်လက်တွေကို တားမြစ်လိုက်ခြင်းက အိမ်တွေကိုပိုမိုဝယ်ယူနိုင်အောင် ပြုလုပ်ချင်တဲ့သက်ရောက်မှု ရှိလာမှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
အိမ်ရာဝယ်လိုအားပြည့်မီရန်အတွက် နောက်ထပ်ပိုမိုဆောက်လုပ်ဖို့ကို ထောက်ပြခဲ့ကြပါတယ်။
အမျိုးသားအိမ်ရာအေဂျင်စီဖြစ်တဲ့ Canada Mortgage and Housing Corporation ရဲ့အဆိုအရ ၂၀၃၀ မှာ အိမ်ရာပေါင်း ၁၉ သန်းနီးပါး လိုအပ်မယ်လို့ သိရပါတယ်။
ဆောက်လုပ်ရန် လက်ရှိမျှော်မှန်းထားတာထက် ၃.၅ သန်း ပိုမိုဆောက်လုပ်ရန်လိုအပ်နေကြောင်း သိရပါတယ်။
Source: CNA
#Yangon_Media_Group
#World_Health
Published 2 Jan 2023
သွေးပေါင်ချိန်တိုးခြင်းဆိုတဲ့လက္ခဏာဟာ ကြားရပါအများဆုံးဝေဒနာတွေထဲက တစ်ခုဖြစ်ပြီး လူ ၃ ဦးမှာ ၁ ဦးလောက်က သွေးတိုးရှိနေကြကာ အများစုက ရှိနေမှန်းတောင် မသိကြပါဘူး။
သွေးတိုးခြင်းကြောင့် လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါတို့ ဖြစ်နိုင်ချေများပါတယ်။
ဒါကြောင့် ဆေးခန်းမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။
သွေးတိုးရှိပြီဆိုရင်တော့ သွေးပေါင်ချိန်ကို ထိန်းသိမ်းဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးဖို့က အရေးကြီးပါတယ်။
အချို့စားစရာသောက်စရာတွေဆိုရင် ရှောင်ရှားသင့်တာတွေရှိပါတယ်။
(၁) ဆား - ဆားများများစားပါက ခန္ဓာကိုယ်ထဲ ရေကိုဆွဲထားတာကြောင့် သွေးကြောနံရံတွေမှာ ဖိအားများလာစေပါတယ်။
(၂) သကြားနှင့်အချိုဓာတ်ပါသောအရည်များ - သကြားဓာတ်များခြင်းက သွေးကြောတွေထဲ အဆီစုပြုံလာစေကာ သွေးကြောကျဉ်းပြီး သွေးဖိအားများစေပါတယ်။
(၃) သန့်စင်ထားသောကာဗိုဟိုက်ဒရိတ် - ပေါင်မုန့်ဖြူ၊ ပါ့စ်တာ၊ ပီဇာကဲ့သို့ ဂျုံဖြူနဲ့ပြုလုပ်တဲ့မုန့်တွေမှာ သကြားအဖြစ်ပြိုကွဲပြီး သွေးတိုးစေပါတယ်။
(၄) အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားသောအစာများ - ဒီအစားအစာတွေမှာ အဆိုးဆုံးပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဆား၊ သကြား၊ ကာဗိုဟိုက်ဒရိတ်တို့ပါဝင်ပါတယ်။
(၅) ကဖင်း - ကဖင်းဓာတ်က သွေးပေါင်ချိန်တက်စေတာကြောင့် ရောဂါရှိထားတယ်ဆိုရင် အလွန်အကျွံမသောက်သုံးသင့်ပါဘူး။
(၆) အရက် - ပုံမှန်သောက်စားခြင်းဖြင့် သွေးကြောထဲရှိကြွက်သားတွေကို သက်ရောက်စေကာ သွေးကြောကျဉ်းစေပြီး သွေးတိုးစေပါတယ်။
(၇) သားကြီးငါကြီး - အနီဓာတ်ပါတဲ့ အမဲသား၊ ဝက်သား၊ ဆိတ်သားတို့ကို ချေဖျက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ သွေးပေါင်ချိန်တက်စေတဲ့ ဒြပ်ပေါင်းတွေ ထွက်ပေါ်လာပါတယ်။
(၈) အသင့်စားမုန့်များ - ဝက်အူချောင်း၊ ဟော့ဒေါ့၊ ဝက်ပေါင်ခြောက်၊ အသားကင်၊ ဆိုဒီယမ်နဲ့ပြုလုပ်ထားတဲ့အသားခြောက်တွေမှာ တာရှည်ခံဆေးတွေပါဝင်ပါတယ်။
(၉) ပြည့်ဝဆီ - ထောပတ်ဆီလိုမျိုး ပြည့်ဝဆီတွေဟာ ကိုလက်စ်ထရောတက်စေပြီး သွေးကြောနံရံကျဉ်းစေပါတယ်။
(၁၀) တို့စရာဆော့စ်အချဉ်များ - ငရုတ်ဆီ၊ ဆော့စ်၊ ပဲပိစပ်ဆော့စ်တို့မှာ သကြား၊ ဆားတို့ပါဝင်တာကြောင့် ဆားပါဝင်မှုနည်းအောင် မိမိကိုယ်တိုင်ပြုလုပ်သင့်ပါတယ်။
(၁၁) ပီဇာ - ဂျုံမှုန့်ဖြူ၊ အဆင့်ဆင့်လုပ်ထားတဲ့အသား၊ ချိစ်နဲ့ သကြားတို့ပါဝင်ကာ အေးခဲထားတဲ့ပီဇာဆိုရင် ဆားတွေပိုမိုပါဝင်ပါတယ်။
(၁၂) စည်သွပ်စွပ်ပြုတ် - စည်သွပ်ဗူးတွေမှာ တာရှည်ခံအောင် ဆား၊ သကြားတို့ပါဝင်တာကြောင့် အိမ်မှာပဲ ဆားနည်းပါးစွာထည့်သုံးသင့်ပါတယ်။
Source: The Sun
#Yangon_Media_Group
Page 1478 of 2052