Published 18 May 2022
ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ အသက် ၉၁နှစ်သည် ယနေ့ ညနေ ၇ နာရီခန့်က ကွယ်လွန်သွားကြောင်း သိရသည်။
"သူက အကောင်းကြီး။ ကျန်းမာပါတယ်။နေ့လယ်က မူးတယ်လို့ပြောတယ်တဲ့။မသက်သာလို့ညနေမှ သူနေတဲ့ ရွှေပြည်သာကနေအင်းစိန်ဆေးရုံကို ယူတာ။ ဆေးရုံအဝင်မှာပဲ ဆုံးတာ။သွေးတိုးတာဖြစ်ဖို့များတယ်။လက္ခဏာကတော့လေ"ဟုဦးသုဝေ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက YMG ကိုပြောသည်။
သူသည် ဒီမိုကရက်တစ်ပါတီ ၏ ဦးဆောင်သူလည်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၁၂ ရက်က လက်ရှိနိုင်ငံရေးအပေါ် ကျော်လွှားနိုင်မည့် အခြေအနေများကို သုံးသပ်ပြောကြားရေးသားခဲ့သေးသည်။
Published 18 April 2022
တွစ်တာရဲ့ စီအီးအိုအနေနှင့် တွစ်တာမှာ အကောင့်တုတွေဟာ ၅ ရာခိုင်နှုန်းထက်နည်းပါးတယ်လို့ သက်သေမပြမချင်း ဒေါ်လာ ၄၀ဘီလီယံနှင့် တွစ်တာကို ဝယ်မယ့်အစီအစဉ်ကို ရှေ့ဆက်တိုးမှာ မဟုတ်ဘူးလို့ အီလွန်မတ်စ်က မေလ၁၇ ရက်က ပြောလိုက်ပါတယ်။
တွစ်တာကနေ SEC ကိုပေးပိုတဲ့အချက်အလက်တွေ မှန်ကန်မှုအပေါ်မှာ ကျွန်တော့်ရဲ့ကမ်းလှမ်းမှုကို အခြေခံပါတယ်” လို့ မတ်စ်က တွစ်တာကနေ ရေးခဲ့ပါတယ်။
တွစ်တာကို ဝယ်ယူတာ ဆိုင်းငံ့ထားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က မတ်စ်က ပြောခဲ့ပါတယ်။ ကုမ္ပဏီက သူလက်သင့်ခံ ထားတဲ့ အကောင့်တုတွေ ဘယ်လောက်ရှိနေသလဲဆိုတာ ဆန်းစစ်ကြည့်ရင်း သူကအဲသလိုပြောတာပါ။ SEC (လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေးကော်မရှင်)ကိုပေးပို့တဲ့ အချက်အလက်တွေမှာ တွစ်တာက ယင်းရဲ့ပလက်ဖောင်းရဲ့ ငါးရာခိုင်နှုန်းထက် နည်းတဲ့ အကောင့်တွေဟာ အကောင့်တုတွေဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
“အကောင့်တု အကောင့်ယောင်တွေဟာ ၂၀ ရာခိုင်နှုန်း..။ တွစ်တာပြောတာထက် လေးဆပိုများတယ်။ ဒီဲထက်ပင်ပိုများ နိုင်တယ်” လို့ မတ်စ်က အင်္ဂါနေ့တုန်းကပြောပါတယ်။ ဒါပေမယ့် ၂၀ရာခိုင်နှုန်းဆိုတာကို သူဘယ်လိုတွက်ချက်ခဲ့တယ်ဆိုတာ ကိုတော့ မတ်စ်က မပြောပါဘူး။
“ မနေ့က တွစ်တာရဲ့စီအီးအိုက အကောင့်တု ငါးရာခိုင်နှုန်းထက်နည်းတာကိုသက်သေပြဖို့ လူသိရှင်ကြား သူငြင်းဆန်ခဲ့တယ်။ သူ သက်သေမပြမချင်း ဒီအရောင်းအဝယ်က ရှေ့တက်မှာမဟုတ်ဘူး” လို့ သူကဖြည့်စွက်ပြောပါတယ်။
“မတ်စ်က အရင်က အကြံပေးခဲ့တဲ့ ကြုံရာ အကောင့် ၁၀၀ကို နမူနာယူစစ်ဆေးပြီး အကောင့်တုအချိုးအစားကိုကြည့်မယ်ဆို တာ ဘာဖြစ်လို့ အလုပ်မဖြစ်ရတာလဲ “လို့ တွစ်တာစီအီးအို ပါရက်အက်ဂရာဝဲလ်က တနင်္လာနေ့က တွစ်တာမှာပို့စ်တင်ပြီး ရှင်းလင်းခဲ့ပါတယ်။ အဲဒီပို့စ်အောက်မှာ မတ်စ်က poop emoji အရုပ်ကလေးနှင့်ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
အကောင့်အပိုတွေရဲ့အချိုးကို တွစ်တာက ထောင်ပေါင်းများစွာသော အကောင့်တွေရဲ့ multiple human reviews အပေါ် အခြေခံခန့်မှန်းတွက်ချက်ခဲ့တာဖြစ်တယ် လို့ အက်ဂရာဝဲလ်က ပြောပါတယ်။ တွစ်တာရဲ့ ကုမ္ပဏီတွင်းအဖွဲ့တွေဟာ ကုမ္ပဏီက ငွေကြေးရယူနိုင်တဲ့ နေ့စဉ်သက်ဝင်နေတဲ့ အကောင်းတွေကို ကြုံရာကျရာ နမူနာယူပြီးတွက်ချက်ခဲ့တာလို့လည်း သူကပြောပါတယ်။
မတ်စ်ဟာ အကောင့်တုတွေအပေါ် သူ့ရဲ့စိတ်ပူပန်မှုကိုသုံးပြီး အရောင်းအဝယ်ကို ဈေးထပ်ဆစ်ချင်ပုံရပါတယ်။
မီယာမီမှာ တနင်္လာနေ့က ပြုလုပ်တဲ့ All In Summit ပွဲမှာ တွစ်တာကို ဈေးထပ်လျှော့ခိုင်းပြီး ပြန်ညှိနှိုင်းဖို့ဆိုတာ မေးစရာ မလိုဘူးလို့ ပြောခဲ့တယ်လို့ ဘလွမ်းဘတ်က သတင်းရေးသားခဲ့ပါတယ်။
Source Insider
#Local_News
Published_ 18 May 2022
ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်မှုဖြစ်ပေါ်နေတဲ့ တောင်သူများကို ထုတ်ချေးပေးထားတဲ့ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရမယ့်ကာလကို ၂၀၂၂ ခုနှစ် မတ်လကုန်အစား စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးလိုက်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကြေညာထားပါတယ်။
အလားတူ ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးမယ့် နောက်ဆုံးရက်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အစား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တောင်သူများအနေနဲ့ ယခင်ချေးငွေများနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများနဲ့ အချိန်မီဆက်သွယ်ဆောင်ရွက်ကြဖို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ကြေညာထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 18 May 2022
လာမယ့် ၂၀၂၂-၂၃ ပညာသင်နှစ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ယခုပညာသင်နှစ်တွင် KG မှ Grade - 11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကြေညာထားပြီးဖြစ်ရာ ကျောင်းအပ်လက်ခံရာတွင် မည်သည့်ငွေကြေးမျှမကောက်ခံဘဲ အခမဲ့ ပညာရေးစနစ်ကိုသာ ဆောင်ရွက်သွားမယ်လို့လည်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ထိုကဲ့သို့ လာမယ့်စာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင်နေထိုင်တဲ့ မြို့နယ်ဒေသ (Catchment Area)များတွင် ကျောင်းအပ်နှံကြရမှာဖြစ်သော်လည်း သွားလာရေး အဆင်ပြေသည့် နေထိုင်ရာဒေသနှင့် နီးစပ်ရာကျောင်းများတွင် အပ်နှံနိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများအားလုံး အဆင်ပြေအာင် ညှိနှိုင်းဆောင်ရွက်ပေးကြဖို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုထားတာ ဖြစ်ပါတယ်။
ထို့အပြင် ယခုပညာသင်နှစ်၌ KG မှ Grade -11 အထိ စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးမှာဖြစ်ပြီး ယမန်နှစ်က အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းသင်ရိုး Grade-6 မတက်ရသေးသူများအတွက် Grade-6 သင်ရိုးဟောင်းကိုလည်း ပြန်လည်သင်ကြားပေးမယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။
ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေမှာဖြစ်ပြီး ကျောင်းဝတ်စုံများကိုလည်း ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 18 May 2022
Tourist Visa ဖွင့်ပြီးနောက် အနောက်နိုင်ငံခရီးသွားတွေထက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ၊ အာရှနဲ့အာဆီယံခရီးသွားတွေသာ ဦးစွာပြန်ဝင်လာနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနောင်းနောင်းဟန် ကပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_18 May 2022
လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရအဖွဲ အတွင်းရေးမှူး ဦးစိုးစိုးဇော်အား စစ်ဆေးနေကြောင်း သတင်းပြန်ကြားရေးအဖွဲ ခေါင်းဆောင်လည်းဖြစ်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးလည်း ဖြစ်သော ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော YMG ကို ပြောသည်။
"အဲဒီကိစ္စကတော့ ဟုတ်ပါတယ်။သူ့ကို ကျွန်တော်တို လုပ်ငန်းနဲ့ပတ်သက်တဲ့ ကိစ္စကြောင့် ခေါ်ပြီးတော့ စစ်နေတာပါဗျ။သတင်းမှန်ပါတယ်"ဟု ယင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲအတွင်းရေးမှူး ဦးစိုးစိုးဇော် မှာ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်အစိုးရ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေလက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ အတွင်းရေးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့ရသူ ဖြစ်ကာ လက်ရှိ နစက လက်ထက်တွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ဆက်လက် ထမ်းဆောင်နေသူ ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_18 May 2022
YBS ကားတွေရဲ့ မှတ်တိုင်တွေမှာ လာရပ်ထားတဲ့ City Taxi တွေကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) အပါအဝင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးအရေးယူနေပြီလို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 18 May 2022
မေလ(၁၉)ရက်ကနေ(၂၃)ရက်အတွင်း မြန်မာနိုင်ငံရဲ့ဒေသအချို့မှာ လေပြင်းတိုက်ခတ်တာနဲ့မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်၊၊
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့မှာမေလ(၁၉)ရက်ကနေ(၂၃)ရက်အတွင်း မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်တဲ့အတွက် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်၊၊
မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းတဲ့အတွက် မိုးသည်းထန်စွာရွာသွန်းတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့ မိုး/ဇလက သတိပေးချက်ထုတ်ပြန်ထားပါ တယ်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_18 May 2022
ကချင်ပြည်နယ်၊ ဗန်းမော်အကျဉ်းထောင်မှ ပြန်လွတ်လာသော တရုတ်နိုင်ငံသား ၁၄ ဦးအား မေလ ၁၆ ရက်က ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သိရသည်။
ဗန်းမော်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကျဉ်းဦးစီးဌာနတာဝန်ရှိသူများက မိုးမောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံ လွှဲပြောင်းကာ အမည်မည်းစာရင်း (Black List) ရေးသွင်း၍ ပြည်နှင်ဒဏ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်း တရုတ်နိုင်ငံသား ၁၄ ဦးမှာ လွန်ခဲ့သော ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်က လွယ်ဂျယ်မြို့၊ ရပ်ကွက်(၃)ရှိ နေအိမ်တစ်အိမ်၌ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရကာ မိုးမောက်မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ymg/mt
#Yangon_Media_Group
Published 18 May 2022
တရုတ်နိုင်ငံဟာ တစ်နိုင်ငံလုံးအဆင့် အကျယ်ပြန်ဆုံး 5G ကွန်ယက်ကြီးကို တည်ဆောက်နေရာမှာ ယခုအခါ 5G ကွန်ယက် စခန်းပေါင်း ၁.၆သန်းနီးပါးကို တရုတ်နိုင်ငံအနှံ့တည်ဆောက်ပြီးဖြစ်ပါတယ်လို့ တရုတ်အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား အထူးအုပ်ချုပ်ခွင့်ရဒေသမှာ အင်္ဂါနေ့ မေလ ၁၇ ရက်နေ့ ကပြုလုပ်တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆက်သွယ်ရေးနှင့်ပြန်ကြားရေးအဖွဲ့အစည်းနေ့ အခမ်းအနားမှာ တရုတ် စက်မှုနှင့်ပြန်ကြားရေးနည်းပညာ ဒုတိယဝန်ကြီး ကျန်ယွန်းမင်းက ပြောကြားခဲ့တာပါ။
“ Fixed broadband ကို တစ်စက္ကန့်၁၀၀မီဂါဗိုက်ကနေ ၁၀၀၀မီဂါဗိုက်ကို အဆင့်မြှင့်ပြီးပါပြီ။ ၂၀၁၂ခုနှစ်က optical fiber အသုံးပြုသူအချိုးအစားဟာ ၁၀ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၂၁မှာ ၉၄.၃ ရာခိုင်နှုန်းရှိခဲ့ပါပြီ” လို့သူကပြောပါတယ်။
fiber-optic ကွန်ယက်ကို ရွာပေါင်း တစ်သိန်းသုံးသောင်းမှာ ဆောက်လုပ်ပြီးပြီး 4G အခြေစိုက်စခန်းတွေကိုလည်း ရွာပေါင်း ခြောက်သောင်းမှာ တပ်ဆင်ပြီးဖြစ်ကြောင်းနှင့် ကျေးရွာမှာ broadband လွှမ်းခြုံမှုဟာ ၇၀ရာခိုင်နှုန်းအောက်ရှိရာကနေ ရာနှုန်းပြည့်ဖြစ်သွားပြီလို့ သူကပြောပါတယ်။
တရုတ်နိုင်ငံဟာ 5G လို့ခေါ်တဲ့ ပဥ္စမမျိုးဆက်ဆက်သွယ်ရေးနည်းပညာကို ပိုမိုမြင့်မားတဲ့ အမြန်နှုန်း၊ နိမ့်ပါးတဲ့ latency နှင့် ကြီးမားတဲ့ စွမ်းဆောင်ရည်တွေနှင့်အတူ သယ်ယူပို့ဆောင်ရေး၊ဆေးဝါးကုသမှု၊ပညာရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းတွေမှာ အသုံးချနေပါတယ်။
သုတေသနနှင့်ဖွံ့ဖြိုးရေး၊ဒီဇိုင်း၊ထုတ်လုပ်ရေး၊ဈေးကွက်နှင့်ဝန်ဆောင်မှုလုပ်ငန်းတွေ လွှမ်းခြုံတဲ့ တရုတ်ရဲ့ အမျိုးသားစီးပွားရေးမှာ အဓိကကျတဲ့ ကဏ္ဍ(၄၅)ခုမှာ 5Gဟာ ပဓာနကျတဲ့ နည်းပညာဖြစ်လာနေတာဖြစ်ပါတယ်။
Source CCTV/CMG
#LocalNews
Published - 18 May 2022
ကျိုက်ထီးရိုးကိုလာရောက်တဲ့ ဧည့်အဝင်နည်းလာတဲ့အတွက် ကျိုက်ထီးရိုးရှိ စားသောက်ဆိုင်နှင့်ထမင်းဆိုင်အချို့ ပြန်ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ကျိုက်ထီးရိုးရှိ စားသောက်ဆိုင်ပိုင်ရှင် ဦးကြည်လွင်က YMG ကို ပြောပါတယ်၊၊
ကျိုက်ထီးရိုးစေတီတော်က ဖွင့်ထားဆဲဖြစ်ပေမယ့် ဧည့်နည်းပါးလာတာကတစ်ကြောင်း၊ မိုးရာသီဝင်လာတာက တစ်ကြောင်းကြောင့် စားသောက်ဆိုင်နှင့်ထမင်းဆိုင်အချို့ပြန်ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်၊၊
"ဧည့်အလာပါးလို့ ကျွန်တော်တို့ကပိတ်လိုက်ပါပြီ၊၊ ပွဲတော်ရာသီဆိုရင်တော့လာတဲ့သူများတယ်၊၊ အခုတော့ဧည့်လာတာပါးလာတယ်၊၊ အခုဆိုင်ကပိတ်ပြီး ပြန်ဆင်းလာကြတာ၊၊ မိုးကတော့ အမြဲတမ်းတော့ မရွာပါဘူး အုံတော့အုံတာပေါ့၊၊ ပြန်သိမ်းတာလာတာတော့ ဆိုင်တွေအကုန်နီးပါးပဲ၊၊ ပြန့်ကျတွေကတော့ရှိတာပေါ့၊၊ အရင်လိုဈေးတန်းမရှိတော့ဘူး၊၊ မိုးတွင်းဆိုတော့ဘုရားနားမှာနည်းနည်းလောက်ပဲရှိတော့မယ်"လို့ ရင်ရင်ပြုံးစားသောက်ဆိုင်ပိုင်ရှင် ဦးကြည်လွင်ကပြောပါတယ်၊၊
ပွဲတော်ရာသီဖြစ်တဲ့ သီတင်းကျွတ်လပြည့်ကနေ ကဆုန်လပြည့်နေ့အထိ ဧည့်အလာစည်ကားဆုံး ဖြစ်ပြီး အခုဆိုရင် စားသောက်တန်းမှာ ဖွင့်ထားတဲ့ ထမင်းဆိုင်၊ စားသောက်ဆိုင်(၁၅)ဆိုင်အပါအဝင် အလှကုန်ဆိုင်စတဲ့ အခြားဆိုင်တွေနဲ့ဆိုရင် ဆိုင်ပေါင်း(၁၀၀)ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်၊၊
အခုချိန်မှာတော့ ထမင်းဆိုင်နဲ့စားသောက်ဆိုင် အကုန်နီးပါး ပိတ်ထားလိုက်ပြီဖြစ်ပါတယ်၊၊
မိုးတွင်းခဏနားထားပြီး လာမယ့်သီတင်းကျွတ်ကာလမှာ ကျိုက်ထီးရိုးရှိ စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 18 May 2022
ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ကူညီလှူဒါန်းမှုနဲ့ ပြီးခဲ့တဲ့ခြောက်လအတွင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးငယ်နဲ့မိသားစု လူဦးရေ ၉၀၀၀၀ ထံ အရေးပေါ် ရေနဲ့တစ်ကိုယ်ရည်သန့်ရှင်းရေး သုံးပစ္စည်းများကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ယူနီဆက်က ထုတ်ပြန်ထားပါတယ်။
ယူနီဆက်အနေနဲ့ မြန်မာနိုင်ငံရှိကလေးငယ်များရဲ့ အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ကလေးငယ်တွေရဲ့ ရှင်သန်ရပ်တည်မှုနဲ့ ကောင်းကျိုးအတွက် အရေးပါတဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုနှုန်း နိမ့်ကျနေတဲ့အတွက် ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါများ အစုလိုက်ဖြစ်ပွားနိုင်တဲ့ အန္တရာယ်မြင့်မားနေတယ်လို့ ယူနီဆက်က ဆိုပါတယ်။
မြန်မာနိုင်ငံက ကလေးငယ် ၅ သန်းကျော်အတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ယူနီဆက်အနေနဲ့ နိုင်ငံတစ်ဝန်းရှိ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံပေးဖိုနဲ့ အားလုံးအသက်ရှည်ရှည်နေနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1474 of 1639