Published_ 20 September 2023
ခွေးမျိုးစိတ်နဲ့ မြေခွေးမျိုးစိတ်တို့ ရောယှက်ပေါက်ဖွားလာခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ခွေးနှင့်မြေခွေးမျိုးစပ် သတ္တဝါကို ဘရာဇီးလ်မှာ လေ့လာတွေ့ရှိထားပါတယ်။
၂၀၂၁ မှာ ထိုသတ္တဝါဟာ ကားမတော်တဆဖြစ်ပြီးနောက် ရီယိုဂရန်ဒီဒိုဆူလ်ရှိ ဆေးရုံသို့ အရေးပေါ် ရောက်ရှိခဲ့ပါတယ်။
ထိုသတ္တဝါရဲ့ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်တွေ၊ တောရိုင်းတိရိစ္ဆာန်လည်းမဟုတ် အိမ်မွေးတိရိစ္ဆာန်နဲ့လည်း မတူညီတာကြောင့် တိရိစ္ဆာန်အထူးကုတွေလည်း အံ့အားသင့်ခဲ့ရပါတယ်။
မည်းနက်ချွန်ထက်တဲ့ နားရွက်ရှိပြီး ပုံမှန်မဟုတ်တဲ့ အပြုအမူမျိုးတွေ့ရကြောင်း၊ ခွေးလိုလည်း မဟုတ်သလို ကိုင်တွယ်ကြည့်တဲ့အခါမှာလည်း တောရိုင်းတစ်ကောင်လို ရန်လိုတဲ့အပြုအမူ မတွေ့ရကြောင်း ကွန်ဆာဗေးရှင်းနစ်တစ်ဦးဖြစ်တဲ့ ဖလေဗီယာဖယ်ရာရီက The Telegraph ကို ပြောပြခဲ့ပါတယ်။
ထိုသတ္တဝါရဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းပုံကို သိရှိရဖို့ သုတေသီများက စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။
ဒီနောက် တောင်အမေရိက မျိုးနွယ်ဝင် မြေခွေးတစ်ကောင်နဲ့ အမျိုးအမည်မသိ ခွေးတစ်ကောင်တို့ မျိုးစပ်ထားတာ ဖြစ်တယ်ဆိုတဲ့ တွေ့ရှိချက်ကို Animals ဂျာနယ်မှာ ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။
ဒါဟာ အဆိုပါ မျိုးနွယ်နှစ်ခုကြား ပထမဆုံးမျိုးစပ်ပေါက်ဖွားခြင်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
ဒေါ့ဇင်မ်လို့ အမျိုးအမည်ပေးထားတဲ့ ထိုသတ္တဝါဟာ ယခုနှစ်အစောပိုင်းကပဲ မဖော်ပြထားတဲ့ အကြောင်းအရင်းများကြောင့် အသက်ဆုံးပါးသွားပါပြီ။
သဘာဝကြောင့်ပဲဖြစ်ဖြစ် လူသားတွေလုပ်ရပ်ကြောင့်ပဲဖြစ်ဖြစ် ဒီလိုမျိုး မျိုးစပ်ပေါက်ဖွားခြင်းတွေဟာ တိရိစ္ဆာန်မျိုးစိတ်တွေမှာ ၁၀ ရာခိုင်နှုန်းလောက် ဖြစ်လေ့ရှိပြီး အထူးသဖြင့် အလွန်နီးစပ်တဲ့ မျိုးစိတ်တွေကြား ဖြစ်တတ်ပါတယ်။
လူသားတွေ ပြုလုပ်ထားတဲ့ မျိုးစပ်တွေထဲမှာ ဥပမာအားဖြင့် မြင်းနဲ့ မြည်းမျိုးစပ်၊ ခြင်္သေ့နဲ့ ကျားမျိုးစပ်တို့ ပါဝင်နေပါတယ်။
ဒီလိုမျိုးစပ်သတ္တဝါတွေမှာ မျိုးစိတ်နှစ်ခုကြား ရောဂါကူးစက်ပျံ့ပွားခြင်း ဖြစ်နိုင်တာကြောင့် တောရိုင်းအကောင်ရေပမာဏ ထိခိုက်နိုင်တဲ့ အန္တရာယ် ရှိတာကိုလည်း သတိပြုရမှာပါ။
ဒါပေမဲ့ လူသားများဆောင်ရွက်ထားတဲ့ မျိုးစပ်သတ္တဝါအများစုဟာ မျိုးမပွားနိုင်ကြပါဘူး။
Source: WION
#World_Animal
#YMG #Yangon_Times
လာမယ့်နှစ် ဖေဖော်ဝါရီလ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုမှာ ပြုလုပ်မယ့် ဆမ်ဘာကာနီဗယ်ပွဲတော်မှာ ပါဝင်မယ့်သူတွေက ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
ဆက်လက်ဖွင့်လှစ်နေဆဲ သက်တမ်းအရင့်ဆုံး ဆမ်ဘာကျောင်းကြီးဖြစ်တဲ့ ပေါ်တယ်လာက မြို့တော်စီတန်းလှည့်လည်ပွဲ အားလုံးမှာ ပါဝင်မယ့် တစ်ဦးတည်းသောကျောင်း ဖြစ်နေပါတယ်။
#World_Event
#Published_ 19 September 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 19 September 2023
၁။ စားအုန်းဆီများကို လက်လီဈေးကျပ်၄၆၀၀နှုန်းဖြင့် ရောင်းချပေးထား၊ ရန်ကုန်ဈေးကွက်တွင် ကျပ်၅၀၀၀အောက်သာ ရောင်းသင့်ဟုဆို
၂။ သယ်ယူစရိတ်နှင့် အလုပ်သမားခ ပိုပေးလာရပေမယ့် ဈေးကွက်အနေထားအရ အုန်းသီးဈေးမြင့်ရောင်းလို့မရ
၃။ မုတ်သုန်အားကောင်းပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်သဖြင့် ရန်ကုန်တိုင်းအပါအဝင်ဒေသ(၅)ခုတွင် မိုးကြီးမည်
၄။ လာမည့်နှစ် ဆမ်ဘာပွဲတော်ကျင်းပရန် ရီယိုဒီဂျနေရိုတွင် ပြင်ဆင်မှုများစတင်ပြုလုပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၁၉ စက်တင်ဘာ ၂၀၂၃
ခါလစ်စတန်နီ အကြမ်းဖက်သမား ဆင်းနစ်ဂျာ အသတ်ခံရမှုနှင့် ချိတ်ဆက်ပြီး ကနေဒါနိုင်ငံက အိန္ဒိယသံတမန်တစ်ဦးကို နှင်ထုတ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အိန္ဒိယကလည်း ကနေဒါ အကြီးတန်းသံတမန်တစ်ဦးကို နိုင်ငံမှ ငါးရက်အတွင်းအပြီးထွက်သွားရန် ချက်ခြင်း တုန့်ပြန်ဆောင်ရွက်လိုက်ပါတယ်။
“ ကနေဒါနိုင်ငံသံအမတ်ကြီးကိုအိန္ဒိယက ဒီကနေ့ ဆင့်ခေါ်လိုက်ပြီး အိန္ဒိယမှာရှိတဲ့ ကနေဒါအကြီးတန်းသံတမန်တစ်ဦးကို နှင်ထုတ်တဲ့ အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်ကို အကြောင်းကြားခဲ့ပါတယ်။ သက်ဆိုင်တဲ့ အဲဒီသံတမန်ဟာ လာမယ့်(၅)ရက်အတွင်း အိန္ဒိယနိုင်ငံက အပြီးထွက်ခွာပေးရပါမယ်” လို့ အစိုးရအရာရှိတစ်ဦးက ဆုံးဖြတ်ချက်ကိုဖတ်ပြပါတယ်။
“ ဒီဆုံးဖြတ်ချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ကနေဒါသံတမန်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုနှင့် အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မှာ သူတို့ပါဝင်ပတ်သက်မှုတွေနှင့်ပတ်သက်လို့ အိန္ဒိယရဲ့ စိုးရိမ်ပူပန်မှုကြီးထွားလာခြင်းကို ထင်ဟပ်နေပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆင့်ခေါ်ခြင်းခံရတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ကင်မရွန် မက်ကေးဟ နယူးဒေလီမြို့တော် ရိုင်စင်နာဟေးလ် ရဲ့ တောင်ဘက်မုဒ်ဦးမှာသတင်းထောက်တွေကို ရှောင်ပတ်ထွက်သွားတာတွေ့ရပါတယ်။
အိန္ဒိယနှင့်ကနေဒါတို့ရဲ့ဆက်ဆံရေးတွေ ဆိုးရွားလာနေတာကို ယခုဖြစ်ရပ်တွေက သိသိသာသာထင်ဟပ်နေပါတယ်။ ဒီနှစ်ထဲမှာ နယူးဒေလီမှာ ကနေဒါသံတမန်တွေဟာ ပါကစ္စတန်သံတမန်တွေထက် အကြိမ်များစွာပိုပြီးဆင့်ခေါ်ခြင်းခံနေရပါတယ်လို့ , WION သတင်းဌာနက သတင်းပေးပို့ပါတယ်။
ကနေဒါသံအမတ်ကြီးဟာ ၂၀၂၀ဒီဇင်ဘာ၊၂၀၂၃ ဇူလိုင်နှင့် ၂၀၂၃ မတ်လတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခံခဲ့ရပြီးဖြစ်ပါတယ်။
ကနေဒါက အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းသံတမန်တစ်ဦးကို ဆစ်ခ်ခေါင်းဆောင် ဟာဒိ(ပ်)ဆင်းနစ်ဂျာ အသတ်ခံရမှုနှင့် ဆက်နွယ်မှုရှိတယ်လို့ စွပ်စွဲကာ နှင်ထုတ်ပြီးနောက် အိန္ဒိယက ကနေဒါသံတစ်ဦးကို ပြန်နှင်ထုတ်ပြခဲ့တာပါ။ ဟာဒိ(ပ်) ဆင်းနစ်ဂဓျာဟာ ယခုနှစ် ဇူလိုင် ၂၈ ရက်နေ့မှာ ဗြိတိသျှကိုလံဘီယာရှိ ဆစ်ခ်ယဉ်ကျေးမှု စင်တာအရှေ့မှာ သေနတ်ပစ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။
သူကွယ်လွန်တဲ့အချိန်က နစ်ဂျာဟာ အိန္ဒိယနိုင်ငံမှ ဆစ်ခ်နိုင်ငံခွဲထွက်ဖို့ တရားမဝင်ဆန္ဒခံယူပွဲတစ်ခုကို စီစဉ်ခဲ့တာဖြစ်ပါတယ်။
Source WION
Published_ 19 September 2023
ပြီးခဲ့တဲ့ဇွန်လက ခါလစ္စတန်အကြမ်းဖက်သမား အသတ်ခံရတဲ့ကိစ္စမှာ အိန္ဒိယပါဝင်ပတ်သက်နေတယ်လို့ ကနေဒါနိုင်ငံက တနင်္လာနေ့က စွပ်စွဲလိုက်ကာ အော့တာဝါမြို့ရှိ နယူးဒေလီ ထောက်လှမ်းရေးအကြီးအကဲကို နိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။
ယခင်ကတည်းက ကနေဒါနဲ့ အိန္ဒိယတို့ကြား ယိုယွင်းနေတဲ့ သံတမန်ဆက်ဆံရေးက အခုဆိုရင် အတော်လေး ဆိုးရွားနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ဗြိတိန်ကိုလံဘီယာမှာ ခါလစ္စတန်အကြမ်းဖက်သမား ဟာဒိဆင်းနစ်ဂျာ အသတ်ခံရတဲ့ကိစ္စမှာ အိန္ဒိယအေးဂျင့်တွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်များ လက်ခံရရှိထားတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက်က ပါလီမန်အတိုက်အခံ အရေးပေါ်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်က ထိုကိစ္စကိုရှင်းလင်းရာမှာ ပူးပေါင်းပါဝင်ပေးဖို့ အိန္ဒိယအစိုးရကို အခိုင်အမာတောင်းဆိုလိုက်ပါတယ်။
ကနေဒါအစိုးရဘက်က ချက်ချင်း အရေးယူတုန့်ပြန်မှု ပြုလုပ်လိုက်ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီက ပြောကြားလိုက်ပါတယ်။
အိန္ဒိယအကြီးတန်းသံတမန်တစ်ဦးကို ယနေ့ပြည်နှင်လိုက်ပြီလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
နှင်ထုတ်ခံရတဲ့ ပုဂ္ဂိုလ်ဟာ ကနေဒါရှိ အိန္ဒိယနိုင်ငံခြားရေး ထောာက်လှမ်းရေးအဖွဲ့ RAW မှ အကြီးအကဲတစ်ဦးဖြစ်တယ်လို့ မစ္စဂျိုလီက ဆိုပါတယ်။
အိန္ဒိယဘက်မှ အလိုရှိနေခဲ့တဲ့ အကြမ်းဖက်သမား နစ်ဂျာဟာ ဗန်ကူဗာဆင်ခြေဖုံးရပ်ကွက်ဆာရေးမှာ ဇွန်လ ၁၈ ရက်နေ့က သေနတ်ပစ်သတ်ခံခဲ့ရပါတယ်။
သူဟာ အိန္ဒိယမှာ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
အကြမ်းဖက်သမားများအပေါ် ကနေဒါရဲ့ ထိန်းချုပ်ဆောင်ရွက်မှုကို အိန္ဒိယက မကျေနပ်ဖြစ်နေသလို လူသတ်မှုကိစ္စ မဖြေရှင်းနိုင်တဲ့ အကြောင်းအရင်းတွေကြောင့် အိန္ဒိယနဲ့ ကနေဒါတို့ကြား တင်းမာမှု မြင့်မားလာပါတယ်။
ခါလစ္စတန်ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတွေကို ကနေဒါက မျက်စိစုံမှိတ်ပေးထားတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။
ကနေဒါဘက်က စွပ်စွဲချက်ဟာ ကမ္ဘာတဝှမ်းမှ ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးကို အားပေးရာရောက်တယ်လို့ ထရူဒေါက်ရဲ့ အကြံပေးပုဂ္ဂိုလ်ဟောင်း ဟိုဆလင်းကူလုံက ပြောကြားလိုက်ပါတယ်။
၂၀၁၈ ခုနှစ်က တူရကီမှာ သတင်းထောက် ဂျာမယ်ခါရှိုဂီ သတ်ဖြတ်ခံရခြင်းနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ ဆက်စပ်ပါဝင်နေသလိုမျိုး အိန္ဒိယဟာလည်း နိုင်ငံရပ်ခြားမှ နိုင်ငံရေးပြိုင်ဘက်တွေကို သတ်ဖြတ်တဲ့ တိုင်းပြည်စာရင်းထဲ ပါဝင်သွားလိမ့်မယ်လို့ ဆိုပါတယ်။
ယခုလအစောပိုင်းက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ ကနေဒါဝန်ကြီးချုပ် ထရူဒေါက်တို့ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲမှာ တွေ့ဆုံစဥ်ကလည်း ကနေဒါရှိ အိန္ဒိယဆန့်ကျင်ရေး အစွန်းရောက်လှုပ်ရှားမှုများ ဆက်လက်တည်ရှိနေတာကို အလွန်စိုးရိမ်မိကြောင်း မိုဒီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Source: NDTV
#World_News
#YMG #Yangon_Times
Published_ 19 September 2023
နနွင်းဟာ အစာမကြေခြင်းအတွက် ဆေးစွမ်းကောင်းတစ်လက် ဖြစ်တယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
နနွင်းမှာပါဝင်တဲ့ ကာကူမင်လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းက ရောင်ရမ်းခြင်းကို ကျစေပြီး ပိုးမွှားသေစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။
အရှေ့တောင်အာရှမှ စတင်ပေါ်ထွက်လာတဲ့ နနွင်းရဲ့ အစာကြေစေတဲ့ အာနိသင်ကို အစာအိမ်အက်ဆစ်များခြင်းအတွက် အသုံးပြုတဲ့ အိုမီပရာဇိုးလ်ဆေးနဲ့ နှိုင်းယှဥ်ကြည့်ခဲ့ပါတယ်။
အစာမကြေခြင်းအတွက် ကာကူမင်နဲ့ အိုမီပရာဇိုးလ်တို့ရဲ့ အာနိသင်က ယှဥ်သာလို့ရတဲ့ အနေအထားရှိကြောင်း လေ့လာဖော်ပြခဲ့ပါတယ်။
အစာအိမ်အခြေအနေ မကောင်းတဲ့ လူနာ ၂၀၆ ဦးကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ၂၈ ရက်တာ ကုသလေ့လာခဲ့ပါတယ်။
တစ်ဖွဲ့ကို ကာကူမင်ဆေးတောင့် ၂ တောင့်ဖြင့် တစ်နေ့ ၄ ကြိမ်၊ နောက်တစ်ဖွဲ့ကို အိုမီပရာဇိုးလ် ၂၀ မီလီဂရမ် တစ်နေ့တစ်လုံး၊ ကျန်တစ်ဖွဲ့ကို နနွင်းနဲ့ အိုမီပရာဇိုးလ် ရောစပ် အသုံးပြုစေခဲ့ပါတယ်။
နနွင်းက အစာမကြေခြင်းကို သက်သာစေခဲ့ကာ အဖွဲ့ ၃ ဖွဲ့စလုံးက ရောဂါလက္ခဏာများ သက်သာခဲ့ပါတယ်။
ကာလကြာရှည်စွာ စမ်းသပ်ပြီး နနွင်းရဲ့ အကျိုးအာနိသင်ကို ဆက်လက်လေ့လာသွားဖို့ သုတေသီများ အကြံပြုခဲ့ပါတယ်။
ယခုစမ်းသပ်ချက်အရ နနွင်းဟာ အစာမကြေခြင်းကို သက်သာစေနိုင်တယ်လို့ စိတ်ချရတဲ့ အထောက်အထား တွေ့ရှိထားကြောင်း စာတမ်းပြုစုသူများက ဆိုပါတယ်။
အသည်းထိခိုက်ခြင်း အခြေအနေမှာလည်း နနွင်းနဲ့ ဆက်စပ်နေပုံကို ယခင်က တွေ့ရှိခဲ့ပြီး နနွင်းက အခြားဆေးတွေနဲ့ ဆိုးကျိုးသက်ရောက်စေနိုင်သလား ဆိုတာကို သေချာအောင် လေ့လာရဦးမှာ ဖြစ်ပါတယ်။
Source: India Today
#World_Health
#YMG #Yangon_Times
Published_ 19 September 2023
ဝက်ခြံထွက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ဖိစီးမှုကလည်း မလွဲမသွေပါဝင်ပြီး ခန္ဓာကိုယ်ထဲမှာ ကော်တီဆောလ်ဟော်မုန်း အချိန်ကြာမြင့်စွာ မြင့်တက်လာတဲ့အခါ ဝက်ခြံဖြစ်ပေါ်လာစေပါတယ်။
စိတ်ဖိစီးမှုနဲ့ ဝက်ခြံဖြစ်ခြင်းကို သက်သာစေမယ့် နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။
(၁) လေ့ကျင့်ခန်းအချိန်မှန်ပြုလုပ်ခြင်း
လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ နေ့စဥ်မိနစ် ၃၀ မျှ လမ်းလျှောက်ပေးခြင်းတို့ဖြင့် စိတ်ဖိစီးမှု ပြေလျော့စေနိုင်ပါတယ်။
ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းမွန်ကာ အရေပြားဆဲလ်တွေကို အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ဓာတ်တို့ ပေးစွမ်းနိုင်ပါတယ်။
(၂) အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ကျန်းမာရေးကို ဦးစားပေးခြင်း
ညဘက် အိပ်ချိန်ပုံမှန် သတ်မှတ်အိပ်စက်ခြင်းဖြင့် ဖိစီးမှုတွေကို ဖြေလျှော့ပေးနိုင်ပါတယ်။
(၃) တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ခြင်း
မနက်အိပ်ရာထတစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် မျက်နှာသစ်ဆေးဖြင့် သစ်ပေးရပါမယ်။
အဆီပြန်တဲ့ အသားအရေအတွက် ဆယ်လီစလစ်အက်ဆစ် ပါဝင်တာကို ရွေးချယ်သင့်ပြီး ထိခိုက်လွယ်တဲ့ အသားအရေအတွက် ဂလစ်ဆရင်းနဲ့ ဆယ်ရာမိုက်တို့ကို ရွေးချယ်သင့်ပါတယ်။
(၄) ကော်ဖီလျှော့သောက်ခြင်း
ကော်ဖီအများအပြား သောက်တဲ့အခါ ပူပန်စိတ်နဲ့ စိတ်တင်းမာမှုကို မြင့်မားစေပြီး ကဖင်းဓာတ်ရဲ့ ဆီးသွားများတဲ့ သက်ရောက်မှုကြောင့် ဝက်ခြံပိုဖြစ်စေပါတယ်။
(၅) အဆီဓာတ်များတဲ့ နို့ထွက်ပစ္စည်းများရှောင်ခြင်း
ရေခဲမုန့်၊ ချောကလက်တို့လို နို့ထွက်ပစ္စည်းများဖြင့် ထုတ်လုပ်တဲ့ စားစရာတွေက ဝက်ခြံပိုမိုထွက်စေပါတယ်။
(၆) အချိုဓာတ်နှင့် ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ စားစရာများလျှော့စားခြင်း
ဒီလိုအစားအစာတွေက သွေးထဲက သကြားဓာတ်ကို များပြားစေကာ အရေပြားမှာ အဆီထွက်စေပြီး ဝက်ခြံဖြစ်ပေါ်စေပါတယ်။
စိတ်ဖိစီးမှု မဖြစ်မနေ ကြုံရတဲ့ အခြေအနေတွေရှိပေမယ့် အထက်ပါနည်းလမ်းများဖြင့် အတတ်နိုင်ဆုံး ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။
Source: DoctorNDTV
#World_Health
#Published_ 19 September 2023
#YMG #Yangon_Times #Yangon_Media_Group
Page 309 of 827