Published 06 October 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒေါ်လာ ၁၂.၆၅ ဘီလီယံတန်ကြေးရှိ ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် ရုရှားထံမှ ယူရေနီယံလောင်စာ ပထမအကြိမ်တင်ပို့မှုကို ကြာသပတေးနေ့က လက်ခံရရှိခဲ့ပါတယ်။
ဒီအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်တဲ့ ၃၃ နိုင်ငံမြောက် ဖြစ်လာပါတယ်။
တောင်အာရှမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရုရှားနိုင်ငံပိုင် Rosatom အဏုမြူကုမ္ပဏီနဲ့ ပူးပေါင်းပြီး ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်ခုကို ဆောက်လုပ်နေတာ ဖြစ်ပါတယ်။
အဆိုပါ စီမံကိန်းရဲ့ ၉၀ ရာခိုင်နှုန်းကို ၁၀ နှစ်ထပ်မံရွှေ့ဆိုင်းနိုင်ကာ ၂၈ နှစ်အတွင်း ပြန်လည်ပေးဆပ်ရမယ့် ရုရှားချေးငွေဖြင့် အဓိကပံ့ပိုး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ယနေ့ဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ ဂုဏ်ယူပျော်ရွှင်ရမယ့် နေ့ဖြစ်တယ်လို့ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဗီဒီယိုဆွေးနွေးပွဲမှာ ပြောကြားခဲ့သလို ဘင်္ဂလားဒေ့ရှ်ရှိ ရုရှားသံရုံးကလည်း နျူကလီးယားလောင်စာ ပေးပို့ခြင်းအခမ်းအနားလို့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြခဲ့ပါတယ်။
ဇန်နဝါရီလမှာ ပြုလုပ်ရန် စီစဥ်ထားတဲ့ ရွေးကောက်ပွဲတွေကို တရားမျှတလွတ်လပ်စွာ ကျင်းပပေးရန် အမေရိကန်က ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးနေပြီး ဘင်္ဂလားဒေ့ရှ် အရာရှိအချို့နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့တို့ကို အမေရိကန်က ဗီဇာပိတ်ဆို့မှုများ ချမှတ်ထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ပြီးခဲ့တဲ့လက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ခဲ့ကာ ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲကြောင့် အနောက်တိုင်းနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြုံနေရပေမယ့် စီမံကိန်း အချိန်မီပြီးမြောက်ရန် အာမခံကြောင်း ပြောကြားခဲ့ပါတယ်။
အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးဟာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်တွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နှောင့်နှေးခဲ့ရပါတယ်။
ရုရှားအပေါ် ချမှတ်ထားတဲ့ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စက်ရုံတည်ဆောက်ရေးအတွက် ပစ္စည်းကိရိယာများ သယ်ဆောင်လာတဲ့ ရုရှားသင်္ဘောတစ်စင်းကို ဘင်္ဂလားဒေ့ရှ်က ဒီဇင်ဘာလမှာ ဝင်ခွင့်မပေးခဲ့ပါဘူး။
ဓာတ်အားထုတ်လုပ်နိုင်စွမ်း ၂,၄၀၀ မဂ္ဂါဝပ်ရှိတဲ့ ပထမဆုံးစက်ရုံဟာ နောက်နှစ်ဇူလိုင်လမှာ စတင်လည်ပတ်နိုင်ဖို့ မျှော်မှန်းထားပေမယ့် ချေးငွေပြန်ဆပ်ခြင်းကိစ္စများကြောင့် အခက်အခဲတွေ ကြုံနေရပါတယ်။
ရိုက်တာသတင်းဌာနရဲ့ အစိုးရအချက်အလက် ဆန်းစစ်ရေးအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း လျှပ်စစ်ဓာတ်အား အဆိုးရွားဆုံးပြဿနာ ကြုံတွေ့နေရကာ တိုင်းပြည်ရန်ပုံငွေကျဆင်းလာမှု၊ ငွေကြေးတန်ဖိုး ကျဆင်းလာမှုတို့ကြောင့် လောင်စာတင်သွင်းခြင်းအတွက် ငွေပေးချေရန် ခက်ခဲနေတဲ့အပြင် ဆိုးရွားတဲ့ ရာသီဥတုဒဏ်လည်း ခံစားနေရပါတယ်။
Source: Reuters
#World_News
#YMG #Yangon_Times #Yangon_Media_Group
Published 06 October 2023
အိမ်သာတက်ပြီးနောက် စအိုသန့်ရှင်းရေး လုပ်တဲ့အခါမှာ စက္ကူသုတ်တဲ့ပုံစံက ကျန်းမာရေးအပေါ် သိသာစွာ သက်ရောက်နေတယ်ဆိုတာ သိကြပါသလား။
မတ်တပ်ရပ်လျက်ဖြစ်စေ၊ ဒူးထောက်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ အိမ်သာသုံးစက္ကူ ဘယ်လိုမျိုးဖြစ်စေ၊ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လူအတော်များများက စက္ကူသုတ်တဲ့ ပုံစံရဲ့ အရေးကြီးပုံကို သတိမထားမိကြပါဘူး။
အမျိုးသမီးတွေအနေနဲ့ အင်္ဂါအရှေ့ပိုင်းကနေ အနောက်ပိုင်းသို့ သုတ်သွားဖို့က အရေးကြီးပါတယ်။
ထိုသို့မဟုတ်ဘဲ ဆန့်ကျင်ဘက်အတိုင်း သုတ်ပါက ဘက်တီးရီးယားတွေက ဆီးလမ်းကြောင်းစနစ်သို့ ဝင်ရောက်လာနိုင်ကာ ရောဂါပိုးကူးစက်ခြင်း ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတွေမှာ စအိုဘက်ကနေ ဆီးလမ်းကြောင်းအပေါက်ဘက်သို့ သုတ်ခြင်းဖြင့် အန္တရာယ်ပြုဘက်တီးရီးယား များ ဆီးလမ်းကြောင်းသို့ ဝင်ရောက်လာနိုင်ချေ များစေပါတယ်။
အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်နှုန်းက အသက် ၂၄ နှစ်အရွယ်မှာ ပဋိဇီဝဆေး ကုသမှုခံယူရတဲ့အထိ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမျိုး ခံစားရနိုင်ကာ အမျိုးသမီးတဝက်ခန့်နီးပါးက ဘဝမှာ ဒီလိုကူးစက်မှုမျိုး ကြုံတွေ့ရတတ်ပါတယ်။
အမျိုးသားတွေဟာလည်း ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ခံစားရတတ်ပေမယ့် သုတ်သင်သန့်ရှင်းတဲ့ နည်းလမ်းကြောင့်တော့ မဟုတ်ပါဘူး။
အမျိုးသမီးတွေလောက် မဆိုးဘူးဆိုပေမယ့် ဘက်တီးရီးယား၊ ရောဂါကူးစက်မှု၊ ရောဂါထိတွေ့မှုများ လျှော့ချနိုင်စေရန် တစ်ကိုယ်ရည်သန့်ရှင်းမှု ကျင့်ကြံလုပ်ယူရပါမယ်။
သုတ်သင်သန့်ရှင်းစဥ် အသုံးပြုတဲ့ စက္ကူအရေအတွက်ကလည်း လူတစ်ယောက်နဲ့ တစ်ယောက် သိသာစွာ ကွဲပြားနေကြပါတယ်။
လေ့လာချက်များအရ တစ်ခါသန့်ရှင်းရေးလုပ်တိုင်း တစ်ရှူးစက္ကူ ၇ ရွက်က လုံလောက်ပါတယ်။
အချို့တွေက ၁၀ ရွက် - ၁၂ ရွက်လောက် အသုံးပြုကြပေမယ့် အချို့ကတော့ ၄ ရွက် - ၅ ရွက်လောက် အသုံးပြုကြပါတယ်။
ကြံ့ခိုင်ပြီး စုပ်ယူအားကောင်းတဲ့ အိမ်သာသုံးစက္ကူများဖြင့် ညင်သာစွာသုတ်ပေးဖို့ ပညာရှင်များက အကြံပြုကြပါတယ်။
မှန်ကန်စွာ သန့်ရှင်းသုတ်သင်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု ထိန်းသိမ်းခြင်းတို့ဖြင့် ဆီးလမ်းကြောင်း ရောဂါပိုးကူးစက်ခြင်းနဲ့ ဆက်စပ်ရောဂါများကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ပြောဆိုဆွေးနွေးဖို့ ရှက်မယ်ထင်ရင်တောင် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရေးပေးဖို့လိုပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Published_ 06 October 2023
Encyclopedia Britannica နဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်များအရ နိုင်းလ်မြစ်ဟာ ကမ္ဘာပေါ်မှာ အရှည်လျားဆုံးမြစ် ဖြစ်ပါတယ်။
ဒါပေမဲ့ အမေဇုံမြစ်ကို မကြာခင်စူးစမ်းလေ့လာပြီး နောက်မှာတော့ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။
နိုင်ငံတကာ သုတေသီများနဲ့ စူးစမ်းလေ့လာရေးအဖွဲ့က သဘာဝတရားကြီးရဲ့ အထူးဆန်းဆုံးဖြစ်ရပ်တွေထဲက တစ်ခုကို ဖြေရှင်းရန်အတွက် ၂၀၂၄ ဧပြီလမှာ ၇,၀၀၀ ကီလိုမီတာ ရှည်လျားတဲ့ ခရီးလမ်းကြောင်းမှာ သင်္ဘောခရီးထွက်ကြမှာ ဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ် စူးစမ်းလေ့လာရေးအဖွဲ့ ခေါင်းဆောင် ဘရာဇီးလ်လူမျိုး ယူရီဆာနာဒါက CNN နဲ့ ပြောကြားရာမှာ နိုင်းလ်မြစ်က တီကောင်မျှသာဖြစ်ပြီး အမေဇုံမြစ်ကတော့ စပါးကြီးမြွေလောက်ရှိတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။
အမေဇုံမြစ်က ကမ္ဘာပေါ်မှာ ရေအများပြားဆုံးရှိတဲ့မြစ် ဖြစ်နေပေမယ့် ကမ္ဘာ့အရှည်လျားဆုံးမြစ် ဖြစ်မဖြစ်ကတော့ မေးခွန်းတွေရှိနေပါတယ်။
အမေဇုံမြစ်ဟာ အခြားမြစ်တွေထဲက ရေတွေထက် အနည်းဆုံး ၄ ဆပိုများပါတယ်။
အမေဇုံမြစ် အစပြုတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာများ ရှိနေပါတယ်။
ရှေးအစဥ်အဆက်အရ ပီရူးတောင်ပိုင်း အေပျူရီမက်မြစ်ဖျားပိုင်းက အမေဇုံမြစ်ရဲ့ မူလအစနေရာဖြစ်တယ်လို့ သုတေသီများ ယူဆနေကြပါတယ်။
ဂျိမ်းစ်ရော့ကီကွန်တိုစ်လိုမျိုး စူးစမ်းလေ့လာရေးသမားတွေကတော့ ပီရူးမြောက်ပိုင်း မန်တယ်ရိုမြစ်ကနေ အစပြုတယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
လာမယ့်နှစ် လေ့လာရေးခရီးကို ပီရူး၊ ကိုလံဘီယာ၊ ဘရာဇီးလ်တို့ကို ဖြတ်သန်းပြီး အမေဇုံမြစ်တလျှောက် လေ့လာသွားကြမှာ ဖြစ်ပြီး မန်တယ်ရိုမြစ်နေရာကနေ စတင်သွားမှာ ဖြစ်ပါတယ်။
နောက်ထပ်စူးစမ်းလေ့လာမှုကို ၂၀၂၅ အစောပိုင်းမှာ ပီရူးနိုင်ငံ အေပျူရီမက်မြစ်ကနေ စတင်လေ့လာသွားဦးမှာ ဖြစ်ပါတယ်။
Source: WION
#World_Science
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံမှ ကူညီဆောက်လုပ်ပေးသည့် မြန်နှုန်းမြင့် HSR ရထားလမ်း အင်ဒိုနီးရှားဂျာကာတာတွင် ပထမဆုံးဖွင့်လှစ်ပြေးဆွဲ
တနင်္လာနေ့နံနက်ပိုင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ ဟာလင်ဘူတာရုံမှာ သမ္မတ ဂျိုကိုဝီဒိုဒိုက ဂျာကာတာ-ဘန်ဒန်း အမြန်ရထားလမ်း(HSR)ကို တရားဝင်စတင် ပြေးဆွဲပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
#Asia_Development
#Published_ 05 October 2023
#YMG #Yangon_Times #Yangon_Media_Group
Published 05 October 2023
တူရကီတပ်တွေဟာ အီရတ်ပိုင်နယ်မြေထဲက တရားမဝင် ကာဒစ္စတန်အလုပ်သမားပါတီ (PKK) ချုပ်ကိုင်ထားတဲ့ နေရာတွေကို လေကြောင်းကနေ လက်စားချေတိုက်ခိုက်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
PKK အဖွဲ့ဟာ တနင်္ဂနွေနေ့က တူရကီမြို့တော် အန်ကာရာမှာ ဗုံးတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဝန်ခံထားတာ ဖြစ်ပါတယ်။
ထိုနေ့က တူရကီ ပြည်ထဲရေးဝန်ကြီးဌာနကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်ရေးသမားတစ်ဦးက အသေခံဖောက်ခွဲခဲ့ပြီး လုံခြုံရေးအရာရှိ ၂ ဦး ဒဏ်ရာရရှိခဲ့ကာ နောက်တစ်ဦးကတော့ ရဲတွေနဲ့ ပစ်ခတ်စဥ် သေဆုံးသွားခဲ့ပါတယ်။
အဲဒီနောက် အာဏာပိုင်များဟာ အီရတ်နဲ့ ဆီးရီးယားကြား နယ်စပ် ကာဒစ်ရှ်လူမျိုးအများစု ရှိနေတဲ့ တူရကီအရှေ့တောင်ပိုင်းမှာ သံသယရှိသူ ဒါဇင်ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
အီရတ်နိုင်ငံတွင်းရှိ PKK တည်ရှိတဲ့နေရာတွေကို တူရကီတိုက်လေယာဥ်များက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖိုင်ဒန်က ရုပ်သံအစီအစဥ်မှာ ပြောကြားသွားပါတယ်။
‘’အခုအချိန်ကစပြီး အီရတ်နဲ့ ဆီးရီးယားတို့မှာရှိတဲ့ PKK ၊ YPG (PKK နဲ့ဆက်စပ်နေတဲ့ ကာဒစ်ရှ်စစ်သွေးကြွအဖွဲ့)တို့ရဲ့ အခြေခံအဆောက်အအုံတွေ၊ စက်ရုံကြီးတွေ၊ စွမ်းအင်အဆောက်အအုံတွေ အားလုံးဟာ တူရကီလုံခြုံရေးအဖွဲ့တွေရဲ့ တရားဝင်ပစ်မှတ်ဖြစ်လာပါပြီ။
အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်တွေက ပြတ်ပြတ်သားသား တုန့်ပြန်သွားမှာဖြစ်ပြီး PKK အဖွဲ့ နောင်တရစေရပါမယ်။
အခြားသော ကြားနေပါတီများအနေဖြင့် ထိုအဆောက်အအုံတွေထံကနေ ရှောင်ရှားနေကြဖို့ တိုက်တွန်းလိုက်ပါတယ်’’ လို့ ပြောကြားသွားပါတယ်။
တနင်္ဂနွေနေ့ တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာပဲ တူရကီက တိုက်ခိုက်ခဲ့သလို ဗုဒ္ဓဟူးနေ့မှာလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ PKK စစ်သွေးကြွ အများအပြားကို ရှင်းလင်းနိုင်ခဲ့ပါတယ်။
မနှစ်က အစ္စတန်ဘူလ်မှာ လူ ၆ ယောက်သေစေခဲ့တဲ့ ဗုံးတိုက်ခိုက်မှုမှာ နောက်ကွယ်ကပါဝင်ခဲ့တယ်လို့ သံသယရှိသူ ကာဒစ်ရှ်စစ်သွေးကြွတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဆီးရီးယားရှိ တူရကီ ထောက်လှမ်းရေးအေးဂျင့်များက သတင်းပို့ထားပါတယ်။
သံသယရှိသူ ကာဒစ်ရှ်စစ်သွေးကြွ ၂ ဦးဟာ ဆီးရီးယားကနေ ဖြတ်သန်းဝင်ရောက်လာတယ်လို့ တူရကီ ထောက်လှမ်းရေးက အခိုင်အမာဆိုထားပေမယ့် အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ် (SDF)မှ မက်ဇ်လွန်းမ်အက်ဘ်ဒီက စစ်သွေးကြွတွေဟာ ဆီးရီးယားကနေ မဖြတ်သွားဘူးလို့ ငြင်းဆိုထားပါတယ်။
တူရကီဟာ ဆီးရီးယားဘက်ကို တရားဝင် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်အောင် အကြောင်းပြချက်များ ရှာနေတာဖြစ်ပြီး အဆောက်အအုံ စက်ရုံတွေ၊ သယံဇာတရင်းမြစ်တွေ၊ လူနေထိုင်တဲ့မြို့တွေကို ပစ်မှတ်ထားတာဟာ စစ်ရာဇဝတ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
တူရကီ၊ အမေရိကန်၊ ဥရောပသမဂ္ဂတို့မှ အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ PKK ဟာ ဆယ်စုနှစ်တွေကြာအောင် တူရကီကို ဖီဆန်နေတာဖြစ်ပြီး ၁၉၈၄ ခုနှစ်ကတည်းက လူပေါင်းသောင်းချီ သေဆုံးပျက်စီးစေခဲ့ပါတယ်။
Source: DW.
#World_News
#YMG #Yangon_Times #Yangon_Media_Group
Published 05 October 2023
ကင်ဆာကြောင့် သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်မယ့် ပစ္စည်းထည့်သွင်းကုသနည်းအတွက် ဒေါ်လာ ၄၅ သန်းရန်ပုံငွေရရှိထားကာ ကင်ဆာကုသခြင်းက အလွန်လွယ်ကူလာတော့မှာ ဖြစ်ကြောင်း ရိုက်စ်တက္ကသိုလ်မှ သိပ္ပံပညာရှင်အဖွဲ့က ဆိုပါတယ်။
ခက်ခဲစွာကုသနေရတဲ့ ကင်ဆာကုသနည်းလမ်းများ တိုးတက်လာစေရန် ရည်ရွယ်ကာ အာရုံခံတုန့်ပြန်ဆောင်ရွက်ပေးတဲ့ ထည့်သွင်းပစ္စည်း နည်းပညာ ထုတ်လုပ်ဖန်တီးနိုင်ရန်အတွက် Advanced Research Projects Agency for Health မှ အကုန်အကျခံထားတာ ဖြစ်ပါတယ်။
ဆေးရုံကုတင်တွေမှာ အကြောဆေးသွင်းတာတွေ၊ ပစ္စည်းကိရိယာများဖြင့် စောင့်ကြည့်တာတွေ လုပ်မယ့်အစား ပစ္စည်းလေးတစ်ခုကို ထည့်သွင်းကာ ကင်ဆာကို အဆက်မပြတ် စောင့်ကြည့်နိုင်ပြီး ဆေးပမာဏကို တကယ့်လက်တွေ့ ထိန်းညှိပေးနိုင်မှာဖြစ်ကြောင်း ရိုက်စ်မှ ဇီဝအင်ဂျင်နီယာ အိုမစ်ဗီ့ရှ်က ပြောပြခဲ့ပါတယ်။
၃ လက်မခန့်သာရှိတဲ့ ပစ္စည်းလေးက ကိုယ်ခံအားကုသဆေးတွေကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း ပြည့်မီအောင် ပေးစွမ်းနိုင်မှာဖြစ်ပြီး ကြိုးမဲ့စနစ်ဖြင့် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ထည့်သွင်းပစ္စည်းကို အချိန်တိုအတွင်းသာ အသုံးပြုနိုင်ရန်နဲ့ ရက် ၆၀ လောက်ဖြင့် ကင်ဆာကို အမြစ်ပြတ်ကုသနိုင်ရန် သိပ္ပံပညာရှင်များ မျှော်မှန်းထားကြပါတယ်။
ဒီနည်းပညာက ကိုယ်တွင်းအင်္ဂါကင်ဆာမျိုးတွေမှာပါ ကျယ်ပြန့်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ထည့်သွင်းပစ္စည်းရဲ့ ထိရောက်မှုကို မျိုးဥအိမ်ကင်ဆာ ပြန်လည်ဖြစ်ပွားခြင်းမှာ ပထမဆုံးစမ်းသပ်သွားမှာ ဖြစ်ပြီး လူသားဖြင့် စမ်းသပ်မှုတွေကို ၅ နှစ်အတွင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထိုပစ္စည်းကို ကြွက်များဖြင့်စမ်းသပ်ခဲ့ရာမှာ သားဥအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ နောက်ပိုင်းအဆင့်တွေကို ၆ ရက်အတွင်း ပျောက်ကင်းစေခဲ့ပါတယ်။
Source: New York Post.
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Published 05 October 2023
ခြေချောင်းများကြားနဲ့ နားရွက်အနောက်တို့ကို ပွတ်တိုက်ဆေးကြောခြင်းဖြင့် ထိုနေရာတဝိုက်ရှိ အရေပြားကို ကျန်းမာစေကြောင်း ဂျော့ဂျ်ဝါရှင်တန်တက္ကသိုလ်မှ လေ့လာစမ်းသပ်ခဲ့ပါတယ်။
လူ့အရေပြားပေါ်မှာ နေထိုင်တဲ့ အဏုဇီဝပိုးမွှားများက ခြောက်သွေ့၊ စိုစွတ်၊ အဆီပြန်တဲ့ အရေပြားနေရာတွေမှာ ကွဲပြားစွာ အသက်ရှင်နေထိုင်ကြပါတယ်။
အရေပြားဆိုတဲ့ အင်္ဂါက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ကာကွယ်ပေးသလို ရောဂါခုခံရာတံတိုင်းအဖြစ်လည်း လုပ်ဆောင်ပါတယ်။
ထိခိုက်ဒဏ်ရာတွေနဲ့ ပိုးမွှားကူးစက်မှုတို့ကို လျှော့ချပေးတဲ့အပြင် ရေဓာတ်ဆုံးရှုံးမှုမှ ကာကွယ်ပေးခြင်း၊ အပူချိန်ထိန်းညှိပေးခြင်း၊ ဗိုက်တာမင်ဒီ ထုတ်လုပ်ခြင်းတို့လည်း ဆောင်ရွက်ပေးပါတယ်။
သက်ကြီးရွယ်အို အဖိုးအဖွားတွေက နားရွက်အနောက်နေရာတွေ၊ ခြေချောင်းကြားတွေ၊ ချက်နေရာတို့ကို ပွတ်တိုက်ပေးဖို့ ပြောကြားလေ့ရှိကြပါတယ်။
ဒါဟာ ထိရောက်မှုရှိမရှိ သိရှိနိုင်ရန် ကွန်ပျူတာဆိုင်ရာ ဇီဝတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ ကိသ်ခရန်ဒေါလ်နဲ့ အဖွဲ့က ကျောင်းသားကျောင်းသူများဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
ဘွဲ့ရဘွဲ့ကြို ကျောင်းသား ၁၂၉ ဦးတို့ကို ထိုခန္ဓာကိုယ်နေရာများကနေ တို့ဖတ်စယူခိုင်းခဲ့တဲ့အပြင် ခြေသလုံးနဲ့ လက်တို့မှလည်း တို့ဖတ်စယူခိုင်းခဲ့ပါတယ်။
လက်ဖျံနဲ့ ခြေသလုံးတို့ဟာ ရေချိုးတဲ့အချိန်မှာ ပွတ်တိုက်မှု ပိုများတာကြောင့် ထိုနေရာများမှ အဏုဇီဝသက်ရှိပိုးမွှားများဟာ ပိုမိုကျန်းမာနေပါတယ်။
အဏုဇီဝသက်ရှိတွေက ကျန်းမာမှုမရှိဘဲ ပျက်စီးတဲ့ဘက် ရောက်လာတယ်ဆိုရင် အရေပြားရောဂါများ ဖြစ်လာနိုင်ပါတယ်။
သေချာစွာ ဆေးကြောသန့်ရှင်းခြင်းဖြင့် အရေပြားပေါ်မှ ပိုးမွှားများ ကျန်းမာလာနိုင်ကာ မိမိရဲ့ အရေပြားကျန်းမာရေးလည်း တိုးတက်လာနိုင်မယ်လို့ ခရန်ဒေါလ်က အကြံပြုခဲ့ပါတယ်။
ဒီသုတေသနက အရေပြားပေါ်မှ အဏုဇီဝသက်ရှိတွေကို လေ့လာတာ ပထမဆုံးဖြစ်ကြောင်းလည်း ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Page 298 of 827